Home

Sunday, March 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယူ၏ ဈာပနအခမ်းအနားသို့ တက်ရောက်







နေပြည်တော် မတ် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယူ၏ ဈာပနအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော် လေဆိပ်မှထွက်ခွာရာ စင်ကာပူနိုင်ငံ ချန်ဂီအပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နေ့လည် ၁၁ နာရီ မိနစ် ၄၀ တွင် ရောက်ရှိသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးဌေးအောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ၀န်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယူ၏ ဈာပန အခမ်း အနားကျင်းပမည့် စင်ကာပူ အမျိုးသား တက္ကသိုလ် ယဉ်ကျေးမှုစင်တာသို့ သွားရောက်ပြီး ဈာပန အခမ်းအနား တက်ရောက်သည်။
နိုင်ငံတော်သမ္မတသည် စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီကွမ်ယူကွယ်လွန် ခြင်းအတွက် ယဉ်ကျေးမှု စင်တာဧည့်ခန်း မ၌ ဖွင့်လှစ်ထားသည့် မှတ်တမ်းစာအုပ်တွင် ၀မ်းနည်းကြောင်း လက်မှတ်ရေးထိုးသည်။
စင်ကာပူဝန်ကြီးချုပ်ဟောင်း၏ ဈာပနအခမ်းအနားသို့ ဘရူနိုင်းနိုင်ငံဘုရင် ဟာဆင်နယ် ဘိုလ်ကီးယား၊ မလေးရှား နိုင်ငံဘုရင် အဗ္ဗဒူလ်ဟာဟင်၊ ဘူတန်နိုင်ငံ ဘုရင် နန်ဂျေဝန်ချောက်၊ တောင်ကိုရီးယားနိုင်ငံသမ္မတ ပတ်ဂွမ်ဟေး၊ အင်ဒိုနီးရှား နိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို၊ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် နရိန္ဒြာမိုဒီ၊ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၊ သြစတြေးလျ နိုင်ငံဝန်ကြီးချုပ် တိုနီအက်ဘော့၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဆက်ဒက် ဟွန်ဆင်၊ လာအိုနိုင်ငံ ၀န်ကြီးချုပ် သွန်ဆင်သမ်မာဗောင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၊ ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ် ငုယင်တန်ဇွန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ ယီယန်ချောင်၊ အမေရိကန် ပြည်ထောင်စု သမ္မတဟောင်း ဘီလ်ကလင်တန်၊ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ဗြိတိန်နိုင်ငံခြား ရေးဝန်ကြီး ၀ီလီယံဟိဂ်တို့ အပါအ၀င် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ခေါင်းဆောင် ဟောင်းများ၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှ တာဝန် ရှိသူများ၊   စင်ကာပူ အစိုးရအဖွဲ့နှင့် ပြည်သူများ တက်ရောက်ကြသည်။
ဈာပနအခမ်းအနားတွင် မစ္စတာလီကွမ်ယူ၏ သားအကြီးဆုံးဖြစ်သူ စင်ကာပူနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်း၊ စင်ကာပူနိုင်ငံသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်၊ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာဂိုချောက် တောင်၊ လီကွမ်ယူ၏ ဒုတိယမြောက်သား လီချန်ရန်တို့အပါအ၀င် စင်ကာပူနိုင်ငံသား အထင်ကရပုဂ္ဂိုလ် (၁၀) ဦးက ၀န်ကြီးချုပ်ဟောင်း လီကွမ်ယူနှင့် ပတ်သက်၍ ချီးကျူးဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။
စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီကွမ်ယူသည် မတ် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၈ မိနစ်တွင် စင်ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံ၌ အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ် ရှိပြီဖြစ်သည်။ မစ္စတာလီကွမ်ယူသေဆုံးမှုသည် စင်ကာပူနိုင်ငံအတွက်သာမက အာဆီယံနှင့် ကမ္ဘာအတွက် အားထားရသည့် ၀ါရင့်ခေါင်းဆောင်ကြီး တစ်ဦးဆုံးရှုံးရခြင်း ဖြစ်သည်ဟု နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးက ၀မ်းနည်းကြေကွဲကြောင်း ပြသခဲ့ကြသည်။ စင်ကာပူပြည်သူ ထောင်ပေါင်းများစွာတို့သည် မစ္စတာ လီကွမ်ယူ၏ ဈာပနကို ဂါရ၀ပြုရန် အချိန်ကြာမြင့်စွာတန်းစီ စောင့်ဆိုင်း ခဲ့ကြပြီး ၎င်းတို့၏ ခေါင်းဆောင်အပေါ်   တန်ဖိုးထား လေးစားမှုကို ပြသခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များနှင့်အတူ စင်ကာပူနိုင်ငံမှ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာရာ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ည (၈) နာရီ (၁၀) မိနစ်တွင် ပြန်လည် ရောက်ရှိကြသည်။

No comments:

Post a Comment