Home

Friday, September 12, 2014

ခွင့်ပြုရန်ပုံငွေဖြင့် လယ်ဧက ၉၀၀၀ ရေပေးနိုင်မည့် မြောက်ယမားလယ်ယာ တူးမြောင်းတူးဖော်

ပုလဲ၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၏ အနောက်ဘက် ခြောက်မိုင်ခန့် အကွာရှိ စေတီယျုံ ကျေးရွာ အုပ်စု၊ သေတ္တရာကျေးရွာ အနီးတွင် နိုင်ငံတော်သမ္မတ၏ အထူးသီးသန့် ရန်ပုံငွေမှခွင့်ပြုငွေ ကျပ်သန်း ၄၅၀၀ ဖြင့် လယ်ယာမြေဧက
၉၀၀၀ ရေပေးဝေနိုင် မည့် မြောက်ယမား လက်ယာတိုးချဲ့ ရေသောက်စနစ် တူးမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး (၄)မှ တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြောက်ယမား လက်ယာတိုးချဲ့ ရေသောက်စနစ် တူးမြောင်းတူးဖော်ခြင်းလုပ်ငန်းကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၄)က မြေကြီးကျင်း ပေါင်း ၆၄၀၀၀၀ ကျင်းနှင့် တူးမြောင်း အဆောက်အဦ ၁၈၄ ခုကို စက်ယန္တရား ၄၈ စီးဖြင့် ဩဂုတ် ၂၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ မတ်လကုန်တွင် ပြီးစီးအောင် ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာမှ တောင်သူ ဦးအောင်ထွန်းက "ကျွန်တော်တို့ တောင်သူတွေအတွက် တော့ အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့ အခွင့်အရေးပါပဲ။ ကျွန်တော်တို့ လယ်ယာမြေတွေက မိုးကောင်းသောက် ဆိုတော့ နှစ်စဉ် သီးနှံအထွက်နှုန်းက မှန်းဆလို့ မရဘူး။ မိုးကောင်းရင်ကောင်း မကောင်းလို့ကတော့ စိုက်စရိတ်ရှုံးတော့တာပါပဲ။ မြင်လွယ်အောင် ပြောရရင်ဒီနှစ် မိုးကောင်းသောက် လယ်တစ် ဧကမှာ နှမ်းက ကိုးတင်းလောက်နဲ့ ယာမြေမှာတော့ ၁၂ ပြည်လောက်ပဲ ထွက်တယ်။
"ဆည်ရေသောက်ရတဲ့ လယ်ဖြစ်ဖြစ် ယာဖြစ်ဖြစ် တစ်ဧကကို နှမ်းက၂၅ တင်းနဲ့ တင်း ၃၀ လောက် ထွက် တယ်။ ဒီရွာခံတစ်ယောက်ဆို ၂၀၀၅-၂၀၀၆ လောက်မှာ မြောက်ယမားဆည် မြောင်းမကြီးကနေ ရေရရှိလို့ သူ့မှာရှိတဲ့ လယ်တစ်ဧကကို ဇောက်ချလုပ်ကိုင်တာ အခုဆို ဆည်ရေရတော့ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး အရင်တဲအိမ်ကနေ သွပ်မိုး၊ ကပ်ကာနဲ့ အိမ်သစ်ဆောက်နိုင်ပြီ။" စီးပွားဖြစ်ထွန်း အောင်မြင်နေပြီလေ။
ဒါကျွန်တော်တို့ တောင်သူတွေအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အကျိုးဖြစ်ထွန်းအောင် ဆိုပြီးတော့ မြောက်ယမားလက်ယာ တိုးချဲ့ ရေသောက်စနစ် တူးမြောင်းကို ငွေကြေး အမြောက်အမြား အကုန်အကျခံကာ တူးဖော်ပေးတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။
"နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုအစိုးရ၊ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၄)နဲ့ တာဝန်ရှိသူများကို ကျေးဇူး တင်ရှိပါတယ်ဗျာ" ဟု တောင်သူဦးအောင်ထွန်းက ပြောကြားခဲ့သည်။

No comments:

Post a Comment