Home

Monday, September 15, 2014

ကြံစိုက်တောင်သူများ မကြာခင်ငွေရွှင်ကြတော့မည်




ဖြူး စက်တင်ဘာ ၁၄
၂၀၁၃-၂၀၁၄ ခုနှစ် ကြံစိုက်ပျိုး ရာသီတွင် ဖြူးမြို့နယ် ဇေယျဝတီ ဆင်ဖြူတော်အဆင့်မြင့် သကြားစက် ကြံစိုက်ပျိုးမှု ဇုန်နယ်မြေများဖြစ်သည့် ကျောက်ကြီးမြို့နယ်၊ ကျောက် တံခါးမြို့နယ်၊ ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်များရှိ ကြံတောင်သူ များက တွက်ခြေကိုက်ကြသဖြင့် ယမန်နှစ်ကထက် ကြံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးခဲ့ကြရာ ယခုနှစ်တွင် ကြံစိုက်ဧကပေါင်း ၉၈၀၀ ကျော် စိုက်ပျိုးခဲ့ကြသည်။

ယခုနှစ် မိုးရာသီတွင် မိုးဦး၊ မိုးလယ်များ၌ မိုးခေါင်ခဲ့ပြီး မိုးရွာ သွန်းမှု နည်းပါးခဲ့သော်လည်း ကြံစိုက်ခင်းများမှာ လုံးဝထိခိုက်ပျက်စီးမှုမရှိကြဘဲ အားလုံးနီးပါး ဖြစ်ထွန်းအောင်မြင်လျက် ရှိကြပြီး များမကြာမီအချိန်တွင် ဇေယျဝတီဆင်ဖြူတော် အဆင့်မြင့်သကြားစက် မှ ကြံတစ်တန်လျှင် အခြေခံဈေးနှုန်း ကျပ်သုံးသောင်းနှုန်းဖြင့် ဝယ်ယူတော့မည်ဖြစ်၍ ကြံစိုက်တောင်သူများမကြာခင် ငွေရွှင်ကြတော့မည်ဖြစ်သည်။
ထို့ပြင် ဇေယျဝတီဆင်ဖြူတော် သကြားစက်မှ ကြံတောင်သူများ၏ လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသဖြင့် ကြံတောင်သူများ ဝမ်းသာ ပီတိဖြစ်လျက်ရှိကြသည်။ ယခုနှစ် ကြံဝယ်ယူရေးရာသီတွင် သကြားစက် သို့ ကြံစိုက်ခင်းများမှ ကြံများသယ်ယူ ပို့ဆောင်ပေးကြမည့် မော်တော်ယာဉ် ပိုင်ရှင်များကိုလည်း ယာဉ်ပြင်ဆင်ခ အဖြစ် ယာဉ်ကြီးတစ်စီးလျှင် ငွေကျပ်သုံးသိန်းနှင့် ယာဉ်လတ်တစ်စီးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် မကြာမီ ကြိုတင်ထုတ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။

No comments:

Post a Comment