ဒေါက်တာမောင်သင်း
ကျောင်းဆိုတာ
လူ့အဖွဲ့အစည်းတိုးတက်ဖို့ အစပြုရာနေရာပါ
မြန်မာတို့၏ “ကျောင်း” ဆိုသည့် အဓိပ္ပာယ်က ထိန်းကျောင်းဟူသော ဝေါဟာရမှ ဆင်းသက် လာသည်ဟု ဆိုပါသည်။ ကလေးများကို ယနေ့မှစ၍ ဘဝပြီးဆုံးသည့်အချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာထိန်းကျောင်းတတ်အောင် လေ့ကျင့်ပေးသောနေရာပါ။ အများမြင်သလို စာချည်းသက်သက် သင်ပေးသည့်နေရာမဟုတ်ပါ။ စာရေး၊ စာဖတ်တတ်မြောက်မှုနှင့် စာပါအကြောင်းအရာများကို အခြေပြု၍ လူ့စွမ်းရည်များဖွံ့ဖြိုးအောင် လေ့ကျင့်ပေးသည့်နေရာပါ။ အဆိုပါ တန်ဖိုးမြင့်စွမ်းရည်ကို ကလေး၏ အသက်အရွယ်နှင့်အညီ ထက်မြက်လာ၊ တန်ဖိုးတက်သည်ထက်တက်လာအောင် လေ့ကျင့်ပေးရပါသည်။ ထိုကဲ့သို့ လူသား၏ မွေးရာပါဗီဇကို ထက်သထက်ထက်လာ၊ မြက်သထက်ပိုလာအောင် စနစ်တကျဆောင်ရွက်သည့်လုပ်ငန်းကို ကမ္ဘာ့တစ်လွှားတွင် ပညာရေးဟု သုံးနှုန်းကြပါသည်။ ပညာရေးကို ရှေ့တန်းမှ အကောင်အထည်ဖော်သည့်နေရာမှာ “ကျောင်း” များပင်ဖြစ်ပါသည်။ လူသားတို့ ယဉ်ကျေးလာသည့် အချိန်မှစ၍ “ကျောင်း” သည် ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။
ကျောင်းဖြင့် ပညာရေးကို
အကောင်အထည်ဖော်ခြင်းဖြစ်၍ “ကျောင်းသင်ပညာရေး” ဟုလည်း သုံးနှုန်းကြပါသည်။ ကျောင်းသင်ပညာရေးက
ကျွန်တော်တို့ကလေးများကို လူကောင်း၊ လူတော်ဖြစ်အောင်၊ ထက်မြက်သူဖြစ်အောင်၊ အောင်မြင်သည့်
ခေါင်းဆောင်များဖြစ်လာအောင် လေ့ကျင့်ပေးမည်ဖြစ်ပါသည်။
လူနှင့် တိရစ္ဆာန်တို့၏
အဓိကခြားနားချက်
(၁) တိရစ္ဆာန်တို့တွင်
သားသမီး (သို့) နောက်မျိုးဆက်ကို စုပေါင်းလေ့ကျင့်သင်ကြားပေးသည့် အလေ့အထမရှိပါ။ လူသားကဲ့သို့
ကျောင်းမရှိပါ။ မိဘကသာ သူ့ဘဝတစ်သက်စာ အတွေ့အကြုံလောက်ကို သူ့သားသမီးကို သင်ပေးနိုင်သည်။
ဥပမာ-အစာရှာခြင်း၊ အန္တရာယ်ကိုရှောင်ကွင်းခြင်းနှင့် သားသမီးကိုပြုစုခြင်း၊ ကာကွယ်ခြင်းတို့ဖြစ်ပါသည်။
ထိုထက်မပိုပေ။
(၂) စာပေမရှိ၍
စာမဖတ်တတ်သဖြင့် တိရစ္ဆာန်မျိုးဆက်တို့သည် ရှေးဘိုးဘေးဘီဘင်တို့၏ နောက်မျိုးဆက်အတွက်
ချန်ထားခဲ့သည့် ဆောင်ရန်၊ ရှောင်ရန်၊ လုပ်သင့်၊ လုပ်ထိုက်သည်တို့ကို မှတ်တမ်းထားနိုင်ခြင်းလည်းမရှိ၊
မှတ်တမ်းကို ဖတ်နိုင်သူ၊ စာတတ်သူလည်းမရှိပေ။ သို့အတွက် တိရစ္ဆာန်လောက မတိုးတက်ခဲ့ပေ။
တိရစ္ဆာန်လောကတွင် စာပေလည်းမရှိသလို စာဖတ်တတ်သူလည်း မရှိပါ။ လူဖြစ်ပါလျက်၊ စာမတတ်၊ စာမဖတ်တတ်ပါက တိရစ္ဆာန်ဘဝနှင့်မခြားသည့်
တိုးတက်မှုကင်းသောလူသားသာဖြစ်ပါလိမ့်မည်။
ကလေးများ၏ အနာဂတ်ကောင်းမွန်ရေးအတွက်
အသင့်ပြင်ဆင်ပေးသည့်နေရာ
တကယ်တော့ ပညာရေးမှာ
လူကိုပြင်ပေးသည့် အလုပ်ပါ။ “လူပြင်” သည်ဆိုရာဝယ် ပျက်နေသည့်အရာကို ပြင်ဆင်ခြင်းမဟုတ်ပါ။
အသင့်အနေအထားဖြစ်စေရန် “ကြိုတင်ပြင်ဆင်ထားခြင်း” ပါ။ စွမ်းရည်ပြည့်ပြည့်ဖြင့် အသင့်အနေအထားဖြစ်အောင်
ပြင်ဆင်ထားခြင်းကြောင့် “လူကို အသင့်ပြင်သောနေရာက ကျောင်းပါ” ဟူ၏။ ကျွန်တော်တို့ သားသမီးများ
အနာဂတ်ဘဝတစ်လျှောက်ကောင်းသလောက် တော်သည့်သားကောင်းသမီးမွန်များ အဖြစ် ကိုယ်ကိုယ့်ကိုယ်
ထိန်းကျောင်းနိုင်သည့် ထူးချွန်လူသားဖြစ်အောင် လေ့ကျင့်ပေးတာပါ။ တစ်ယောက်တည်းမဟုတ်ပါ။
လေ့ကျင့်ပေးခြင်းကလည်း စုစုဝေးဝေးမို့ ကျွန်တော်တို့ကလေးများ မိသားစုဝင်မဟုတ်သည့် အခြားသူများနှင့်
ပေါင်းတတ်၊ သင်းတတ်နေထိုင်တတ်လာမည်၊ လူဖြစ်လာပြီး လူသားပထမဆုံးတတ်ရမည့် အရည်အချင်းက
“မိတ္တဗလ” ပါ။ “လူအချင်းချင်း ပေါင်းသင်းဆက်ဆံတတ်ခြင်း” ပါ။
တစ်သက်လုံး သင့်သားသမီး
အခြားသူများနှင့် မပေါင်းဘဲ တစ်ယောက်တည်းနေသွားမည် မဟုတ်ပါ။ မိသားစုနှင့် အိမ်နီးနားချင်းလောက်သာ ပေါင်းသင်းတတ်ရုံဖြင့်လည်း
မလုံလောက်သေးပါ။ သူ့ဘဝမှာ လူပေါင်းသိန်းသန်းချီသော လူစိမ်းသူစိမ်းများနှင့် ကြုံရဆုံရပါလိမ့်မည်။
ထိုသူများနှင့် သဟဇာတဖြစ်အောင် နေထိုင်ဆက်ဆံပြောဆိုနိုင်ရပါမည်။ ထိုသို့လူမှုဆက်ဆံရေး
ချောမွေ့အဆင်ပြေစေရန် ကျောင်းများက စုစုဝေးဝေး လေ့ကျင့်ပေးခြင်းပါ။
ကျွန်တော်တို့
နောင်အနှစ် ၂၀ တွင် ဖြစ်ပေါ်လာမည့် လူ့အဖွဲ့အစည်းက ဘယ်လိုပုံစံဆိုတာ မှန်းဆကြည့်ကြရအောင်။
ကျောင်းက ကျွန်တော်တို့၏ ကလေးများ အနည်းဆုံးနောင်လာမည့် နှစ် ၂၀ ၌ ကြုံရ၊ ဆုံရမည့်လူ့အဖွဲ့အစည်း၏
လိုအပ်ချက်များအတွက် အသင့်အနေအထားဖြစ်အောင် ကြိုတင်ပြင်ဆင်ပေးနေခြင်းပါ။
“ကျောင်း” နှင့်
“စာသင်ခန်း” သည် နောင်အနာဂတ်တွင် ပေါ်ထွန်းလာမည့် “အစောဆုံး လူ့အဖွဲ့အစည်း” ၊ တစ်နည်းအားဖြင့် “လူ့အဖွဲ့အစည်း၏ အစပြုနေရာ”
ပင်ဖြစ်ပါသည်။ ကျွန်တော် တို့သည် နောင်နှစ် ၂၀ တွင် ဖြစ်ပေါ်လာမည့် လူ့အဖွဲ့အစည်း၏အနေအထားကို
သိချင်၊ မြင်ချင်လျှင် ယနေ့ပညာရေးကို အကောင်အထည်ဖော်နေသည့် ကျောင်းနှင့် စာသင်ခန်းကိုသွားကြည့်ပါ။
ကျွန်တော်တို့ကလေးများ နောင်နှစ် ၂၀ အကြာ ဘယ်လိုလူမှုအဖွဲ့အစည်းမှာနေမည်။ ဘယ်လောက်တော်၍
လူ့တန်ဖိုးများမြင့်နေမည်ဆိုသည်ကို သိလာပါလိမ့်မည်။
အင်္ဂလန်ဝန်ကြီးချုပ်
ဘင်ဂျမင်ဒစ္စရေးလီက လွန်ခဲ့သည့်နှစ် ၁၅၀ ကျော်ကပင် “ကလေးတွေရဲ့ ယနေ့ပညာရေးအခြေအနေကိုသိရင်
အဲဒီနိုင်ငံရဲ့အနာဂတ် ကောင်းမကောင်း ကျွန်တော်ဟောကိန်းထုတ်နိုင်ပါတယ်” ဟု ရဲဝံ့စွာပြောဆိုခဲ့ခြင်းပါ။
ကလေးများ၏ ယနေ့ပညာရေးအခြေအနေသည် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း၌ ပညာသင်နေခြင်းဖြစ်ပါသည်။
နောင်အနှစ် ၂၀ ကျော်အကြာ ပေါ်ထွန်းလာမည့် လူ့အဖွဲ့အစည်းတွင် ကျွန်တော်တို့ကလေးများ
တော်သလောက်ကောင်းသူဖြစ်လာစေရန် ယနေ့ကျောင်းအပ်ရာသီ၌ ကျောင်းများကိုပို့ပြီး လေ့ကျင့်ခံကြပါဟု
တိုက်တွန်းပါရစေ။
ကျောင်းများက အာမခံသည်မှာ
သင့်အိမ်မှာထက် သင့်ကလေး၊ ပိုတော်၊ ပိုတတ်၊ ပိုလိမ္မာပြီး ကိုယ်ကျင့်တရား ပိုကောင်းစေရမည်၊
လူမှုဆက်ဆံရေး ပိုမိုချောမွေ့လာစေရမည်ဆိုတာပါပဲ။ ကလေးတစ်ဦးချင်း၏ ဖွံ့ဖြိုးရေးအနာဂတ်အစ စာသင်ကျောင်းများကပါ။
နိုင်ငံတော်၏ အနာဂတ်သည် ယနေ့ကလေးများတော်သလောက်ကောင်းသည့်အပေါ်တွင် တည်မှီနေခြင်းကြောင့်
လူကောင်း လူတော်ဖြစ်အောင် လေ့ကျင့်ပေးသည့်ကျောင်းသို့ သွားဖြစ်အောင်သွားကြပါ။ မိဘများကလည်း
ပို့ဖြစ်အောင် ပို့ပေးကြပါ။
လူ့တန်ဖိုး
ထက်မြက်စေရန် လေ့ကျင့်ပေးသောနေရာသည် ကျောင်းပါ
ပညာရေးအကောင်အထည်ဖော်မှုဆိုတာ
နိုင်ငံတိုင်းတွင် ရှိပါသည်။ ပညာရေးမရှိသည့် လူ့အဖွဲ့အစည်း ယနေ့တိုင် မရှိသလောက်ပါ။ ပညာရေး ကောင်းမွန်အောင်သာ
ကြိုးပမ်းနေကြသည်။ ပညာရေးကို ရှေ့တန်းကအကောင်အထည်ဖော်နေသည့် နေရာများက ကျောင်းများပါဟု
ထပ်ပြောပါရစေ။ ကျောင်းသည် လူအစည်ကားဆုံးရှိနေရမည့် မင်္ဂလာရပ်ဝန်းပါ ဆိုတာ အမြင်ရှင်းရှင်းဖြင့်
ကြည့်တတ်ရန်လိုပါသည်။ ကျောင်းများက ကလေးများကို အရည်အသွေးမြင့်လာအောင်၊ တန်းဖိုးမြင့်
လူသားတစ်ယောက်အဖြစ်ပေါ်ထွန်းလာအောင် လေ့ကျင့်ပေးနေခြင်းပါ။ လူ့တန်ဖိုးမြင့်ပြီး ကောင်းမြတ်သည့်
လူ့စွမ်းရည်ဆိုသည်မှာ -
(က) ကိုယ်ခန္ဓာကျန်းမာဖွံ့ဖြိုးမှု၊
(ခ) အခြေခံကျန်းမာရေးအသိရှိမှု၊
(ဂ) လူမှုဆက်ဆံရေးကောင်းမွန်မှု၊
စိတ်ခံစား မှုကို ထိန်းသိမ်းစွမ်းရည်မြင့်မားမှု၊
(ဃ) ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့်
ယင်း ကို လေးစားတန်ဖိုးထားမှု၊
(င) တစ်ဖက်သားကို
စာနာတတ်မှု၊ ရိုင်းပင်း ကူညီတတ်မှု၊
(စ) လိမ္မာယဉ်ကျေးစွာ
ပြုမူပြောဆိုမှုနှင့် စိတ်ထားနူးညံ့မှု၊
(ဆ) အနုပညာခံစားလိုစိတ်ဖွံ့ဖြိုးမှု၊
(ဇ) ကျိုးကြောင်းညီညွတ်စွာ
အခက်အခဲကို ချဉ်းကပ်ကျော်လွှားနိုင်မှု၊
(ဈ) လူ့အဖွဲ့အစည်း၏
စည်းကမ်းနှင့် ဥပဒေ များကို တန်ဖိုးထားလေးစားလိုက်နာမှု၊
(ည) မတူကွဲပြားမှုကို
နားလည်လက်ခံပူးပေါင်း ဆောင်ရွက်နိုင်မှုတို့ ဖြစ်ပါသည်။
အထက်ပါအရည်အသွေးများက
ကျောင်းကိုသွား၍ အလေ့အကျင့်ခံကလေးတိုင်း မဖြစ်မနေပေါ်ထွန်းလာမည့် အရည်အသွေးများပါ။
ပန်းတနော်မြို့၌
ဦးသန့် အမျိုးသားကျောင်းအုပ်ကြီး လုပ်ခဲ့စဉ်က “ကျုပ်ကျောင်းကထွက်သွားတဲ့သူ တစ်ယောက်မှ
လူဆိုး၊ သူခိုးမဖြစ်စေရဘူး၊ ကျုပ် အာမခံတယ်” ဟု ဆိုခဲ့သည်။ ဦးသန့်၏ အာမခံချက် ကို ယနေ့
မြန်မာ့ပညာသင်ကျောင်းများကလည်း ဆက်လက်အာမခံဆဲပါ။ အဆိုပါ အာမခံချက်နှင့် အတူ မြန်မာတို့၏
ဗလငါးတန်စုံလင်အောင် ဖော်ဆောင်ပေးသည့်နေရာက ကျောင်းပါပဲ။ ကျောင်းမရောက်လျှင် ကျွန်တော်တို့၏ကလေးများ
ဖွံ့ဖြိုးမှုအလှမ်းဝေးနေဦးမှာပါ။
ကလေးတိုင်း
ဒီမိုကရေစီ စိတ်ထားပိုင်ရှင်ဖြစ်စေဖို့ ကျောင်းသွားကြတာပါ
ဒီမိုကရေစီသည်
ကိုယ်တိုင်အရင်ကျင့်ပြီး သူများရော ကိုယ်ပါ ရအောင်လေ့ကျင့်ရသည့် အလုပ်ပါ။ ကိုယ်မကျင့်ဘဲ မလိုချင်ပါနှင့်၊ ဒီမိုကရေစီ
လူ့အဖွဲ့အစည်းဆိုတာဖြစ်မလာနိုင်ပါ။ ဤသည်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ငြိမ်း) ဦးသန့်က
“ဒီမိုကရေစီအောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်အောင်ရှိရမည်၊
အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်” ဟု
လွန်ခဲ့သည့် နှစ် ၇၀ ကျော်က ပြောကြားထားပါသည်။
ကျောင်းများတွင်
“ကျောင်းကောင်စီ” ဆိုတာ ဖွဲ့စည်းထားပါသည်။ အိမ်မှာ၊ ရပ်ကွက်မှာ၊ ဈေးမှာ မရှိပါ။
ကျောင်းကောင်စီ၏
ကတိဆောင်ပုဒ်မှာ
“မိမိကိုယ်ကို
ကောင်းအောင်ကြိုးစားမည်” ။
“မိမိအတန်းကို
ကောင်းအောင်ကြိုးစားမည်” ။
“မိမိကျောင်းကို
ကောင်းအောင်ကြိုးစားမည်” ။
“မိမိတိုင်းပြည်အတွက်
ကောင်းအောင်ကြိုးစား မည်” ဟူ၍ ဖြစ်ပါသည်။
ကျောင်းကောင်စီဖွဲ့စည်းရခြင်းမှာ
“ကျောင်းသားတစ်ဦးချင်း လူကောင်းလူတော်ဖြစ်အောင် အရင်လေ့ကျင့်ပေးခြင်းပါ။ သူကိုယ်တိုင်ကလည်း
မိမိကိုယ်ကို ဗလငါးတန် ပိုင်ဆိုင်အောင်ကြိုးစားမည်ဟု ခံယူချက်ရှိအောင် လေ့ကျင့်ရပါသည်။
မိမိတစ်ကိုယ်ရေကောင်းရုံတင် မရသေးပါ။ မိမိ၏ ပတ်ဝန်းကျင်ဖြစ်သည့် အတန်းထဲမှ သူငယ်ချင်းများ၏
ကောင်းကျိုးသယ်ပိုးရန်လည်း တာဝန်ရှိပါသည် ဟူသည့် “တာဝန်သိ” စိတ်ကိုပါ ပိုင်ဆိုင်သွားစေပါသည်။
ထိုမှတစ်ဆင့် မိမိ၏ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နောက်ဆုံးတွင် ရပ်ကျိုးရွာကျိုး၊
မိမိတိုင်းပြည်ကိုကောင်းအောင် ကြိုးစားမည်ဟူသည့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် “တာဝန်ကျေလိုစိတ်”
ကိုပါ တစ်သက်လုံး အထုံပါရမီအဖြစ် ခံယူသွားသည်အထိ လေ့ကျင့်ပေးနေပါသည်။
အတန်းကောင်းစားရေးအတွက်
ရွယ်တူသူငယ်ချင်းများနှင့်အတူ ကြိုးပမ်းကြသည်။ ထိုမှတစ်ဆင့် ကျောင်းတိုးတက်ရေးအတွက်
အတန်းခွဲများ၊ မိမိအောက်ဆင့် အတန်းငယ်များမှ ညီငယ်ညီမငယ်များ၊ မိမိအထက်ဆင့်မှ အစ်မ၊
အစ်ကိုများနှင့် စုပေါင်းညီညွတ်စွာ ကျောင်းဖွံ့ဖြိုးရေး၊ ကျောင်းကောင်းဖြစ် ရေးဟူသည့်
“ဘုံရည်မှန်းချက်ကို စုပေါင်းအကောင်အထည်ဖော်တတ်သည့် အရည်အသွေးများ” ဖြစ်ထွန်းလာအောင်
လေ့ကျင့်ပေးပါသည်။ မိမိနှင့် မိမိပတ်ဝန်းကျင်ကောင်းကျိုးသယ်ပိုးလိုသည့် တာဝန်သိစိတ်နှင့်
ဘုံရည်မှန်းချက်ကို ညီညွတ်စွာ အကောင်အထည်ဖော်တတ်ခြင်းသည် နိုင်ငံသားတစ်ဦး ပိုင်ဆိုင်ရမည့်
“ဒီမိုကရေစီ စိတ်ထား”ပင် ဖြစ်ပါသည်။ သင့်အိမ်မှာ မရနိုင်သည့် “မိသားစုလွန်လူသား အရည်အသွေးများ”
နှင့် “မြင့်မြတ်နိုင်ငံသားတန်ဖိုး” ပင်ဖြစ်ပါသည်။
မတူညီမှုစွမ်းအားကို
နားလည်လက်ခံနိုင်သည့် ပိုင်ရှင်များဖြစ်ထွန်းလာခြင်း
ထို့အပြင် အိမ်မှာက
ဘဝနောက်ခံ၊ ကိုးကွယ်ရာ အတူတူဖြစ်၍ မတူကွဲပြားမှု၏ တန်ဖိုးကိုမသိနိုင်၊ နားမလည်နိုင်ပါ။
ကျောင်းမှ အတန်းဖော်များတွင် ဓနဥစ္စာ၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ ရာထူးဂုဏ်သိန် အနိမ့်အမြင့်မျိုးစုံ၏
ကွဲပြားခြားနားနိမ့်ကျသည့် ဘဝများကို စာနာတတ်လာသည်။ စာသင်ခန်းတွင် ဆူကြုံနိမ့်မြင့်မရှိ၊
အဆင့်အတန်းခွဲခြားမှုကင်း၏။ ကလေးတိုင်း တန်းတူကြိုးစားခွင့် အောင်မြင်ခွင့်ရှိ၏။ ကျောင်းသို့
မရောက်လာသည့် ကလေးများအဖို့ အဆိုပါဒီမိုကရေစီအခွင့်အရေးရမှုနှင့် မတူကွဲပြားမှုကို
နားလည်ရန် အခွင့်အလမ်းအလွန်နည်းပါး၏။ အကယ်၍ ကျောင်းသို့ သားသမီးများကို မလွှတ်မိလျှင်
မိဘများအနေဖြင့် မိမိတို့သားသမီးကို ဒီမိုကရေစီစိတ်ထားနှင့် အရသာခံစားခွင့်ကို ပိတ်ပင်သူ၊
ဆန့်ကျင်သူဘဝ ရောက်သွားပါလိမ့်မည်။
တကယ်တော့ ယနေ့
ကလေးများကို ဘဝနောက်ခံမတူညီသူအချင်းချင်း ပျော်ရွှင်ငြိမ်းချမ်းစွာ ပညာသင်တတ်ရန်၊ နားလည်စာနာမှုအပြည့်ဖြင့်
နေထိုင်တတ်ရန်၊ အတန်းအကျိုး၊ ကျောင်းအကျိုး စုပေါင်းသယ်ပိုးတတ်ရန်နှင့် နောက်ဆုံးတွင်
ဒီမိုကရေစီအနှစ်သာရပြည့်ဝသည့် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တတ်သည့် မြန်မာ့တိုင်းရင်းနိုင်ငံသားအမွန်အမြတ်များ”
ဖြစ်ထွန်းလာစေရန် လေ့ကျင့်ပျိုးထောင်ပေးရမည့်တာဝန်က မိဘများနှင့် နိုင်ငံသားအားလုံးမှာ
တာဝန်ရှိပါသည်။
ကမ္ဘာတစ်လွှားမှာကဲ့သို့
“ဒီမိုကရေစီကျင့်စဉ်အစ၊ စာသင်ကျောင်းက” ဟူသည့်အမြင်ဖြင့် ဒီမိုကရေစီမြတ်နိုးသူမိဘများအနေဖြင့်
လေ့ကျင့်ရေးကွင်းဖြစ်သည့် ကျောင်းသို့ ပို့ဖြစ်အောင်ပို့ပေးကြပါ။ ကျောင်းက ကျွန်တော်တို့၏သားသမီးကို
ပြည့်ဝမှန်ကန်သည့် အဆိုပါ “ပြည့်ဝဒီမိုကရေစီ စိတ်ထားပိုင်ရှင်” ဖြစ်အောင် လေ့ကျင့်ပေးနေသည်မို့
အနာဂတ်တွင် ဦးသန့် ရည်ရွယ်သည့် “အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်စွာရှိသည့်
နိုင်ငံသားများ” ကြွယ်ဝသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာပါလိမ့်မည်။ ဤကဲ့သို့
ပြည့်ဝနိုင်ငံသား ကြွယ်ဝမှုကို မြင်စေလိုလျှင် “ကလေးများကို ကျောင်းသို့ ပို့ပါဟု ဆိုပါရစေ”။
ဤသို့ တိုက်တွန်းရခြင်းမှာ ကျွန်တော် တို့ သားသမီးများ ကျောင်းမရောက်ခဲ့လျှင် “အသိဉာဏ်ကင်းမဲ့သော
နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခသာ ဖြစ်စေလိမ့်မည်” ဟူသော ဦးသန့် ၏ဟောကိန်းမှ
အဖြစ်မျိုး ခေတ်အဆက်ဆက်မကြုံတွေ့စေရန်အတွက် ဖြစ်ပါသည်။
ကျောင်းနေအရွယ်ကလေးများ
ကျောင်းသို့ မရောက်ခဲ့လျှင်
၂၁ ရာစုမှာပညာရှင်များက
ကမ္ဘာတစ်လွှားမှာ ကျောင်းများဖွင့်ပြီး သင်ကြား၊ သင်ယူမှုကို ဆောင်ရွက်ရခြင်း၏ ရည်မှန်းချက်က
-
(က) သိမြင်တတ်ဖို့
သင်ယူခြင်း၊
(ခ) လုပ်တတ်၊ ကိုင်တတ်၊
ဖြေရှင်းတတ်ဖို့ သင်ယူခြင်း၊
(ဂ) ဖွံ့ဖြိုးတိုးတက်ဖို့
သင်ယူခြင်း၊
(ဃ) အများနှင့်အတူ
ငြိမ်းချမ်းစွာ နေတတ်ဖို့ သင်ယူခြင်းတို့ဖြစ်ပါသည်။
ဤသည်မှာ နိုင်ငံတော်နှင့်
လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးကို ဖော်ဆောင်ကြမည့် နိုင်ငံသားတစ်ယောက်တွင် မဖြစ်မနေပိုင်ဆိုင်ရမည့်
အခြေခံစွမ်းရည်များပါ။ နိုင်ငံတော်က နိုင်ငံသားတစ်ဦးချင်းစီအတွက် မျှော်မှန်းထားသည့်
အရည်အသွေးများပါ။ ပြည့်ဝနိုင်ငံသား၏ အရည်အသွေးများဟု ဆိုပါရစေ။ အိမ်မှာနေ၍ aမရနိုင်ပါ။
ကျောင်းနေအရွယ်ကလေးများ စာသင်ခန်းသို့ မရောက်ခဲ့လျှင် သူတို့ကြီးပြင်းလာပါက ဉာဏ်ပညာဖြင့်
မယှဉ်သည့် အသက်မွေးမှုအလုပ်ကိုသာ လုပ်ရမည်။ ဦးနှောက်မသုံးရဘဲ တိရစ္ဆာန်များကဲ့သို့
ကြွက်သား၊ ကာယအားကိုသာ အသုံးချရပေမည်။ လုပ်ငန်းခွင်ကို ခေါင်းဆောင်ရမည့်အစား သူများထံ
အခစားဖြစ်ဖို့ များပေလိမ့်မည်။ အသိဉာဏ်အားဖြင့်လည်း အမှားနှင့် အမှန်၊ အကောင်းနှင့်
အဆိုး၊ အပြုနှင့် အဖျက်၊ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းမသိသူ စာရိတ္တမဏ္ဍိုင် အားနည်းကြသူများ
ဖြစ်ထွန်းလာကြပါလိမ့်မည်။
နောက်ဆက်တွဲအနေဖြင့်
ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းကာ ပြောသမျှယုံကာ အဖျက်လုပ်ငန်းကို အဟုတ်ထင်ပြီး အရွယ်မတိုင်မီ
ပြစ်မှုပြစ်ဒဏ်ခံရသူများ ဘဝရောက်သွားနိုင်သည်။ ထို့အပြင် မူးယစ်ဆေးဝါးသားကောင်ဘဝ၊ လူကုန်ကူးခံရသူအဖြစ်နှင့်
လိင်မှုဆိုင်ရာအသုံးချခံရသူများ၊ တိရစ္ဆာန်နှင့်မခြား လမ်းပျော်လေလွင့်သူများ ဘဝဆီကိုလည်း
ရောက်ရှိသွားနိုင်ပါသည်။ ဤသည်မှာ ကမ္ဘာတစ်လွှား ကျောင်းသို့မရောက်သူများ၏ အနာဂတ်ဘဝအခြေအနေဆိုးများပင်ဖြစ်ပါသည်။
လမ်းပျော်၊ လေလွင့်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသည့် ကလေးသူငယ်ပေါများသော နိုင်ငံသည်လည်း
ဖွံ့ဖြိုးမှုနိမ့်ကျသော ဘဝမှာသာရှိနေပေလိမ့်မည်။ ကျွန်တော်တို့နိုင်ငံကို အဆိုပါအခြေအနေမျိုးမရှိစေရန်
နိုင်ငံတော်က နိုင်ငံတစ်ဝန်း ကျောင်းများဖွင့်ပေးကာ လူ့အဖွဲ့အစည်း ကောင်းကျိုးသယ်ပိုးမည့်
နိုင်ငံသားဖြစ်အောင် လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။
ကလေးများ၏ ပညာရေးအခြေတင့်မှ
နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးရေးလည်းမြင့်မားပြီး တစ်ဦးချင်း၏ ဘဝ လှကြ၊ ပကြ၊ တင့်တယ်ကြပါမည်။
ကလေးများကျောင်းတက်ခြင်းက သူနှင့်အနာဂတ် လူ့အဖွဲ့အစည်းထွန်းတောက်မှု အုတ်မြစ်ကိုချနေခြင်းပါ။
ကျောင်းနေအရွယ်ကလေးများကို အဖိုးတန်မြန်မာနိုင်ငံသားများအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်ကြစေရန်
မိမိပတ်ဝန်းကျင်ရှိကလေးများကိုလည်း မဖြစ်မနေကျောင်းသွားဖြစ်အောင် ဝိုင်းဝန်းစွမ်းဆောင်ပေး
ကြပါ။
မိဘတိုင်းကလည်း
မိမိသားသမီးများကို
“ပန်းကလေးများ
ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း”
... ဆိုသကဲ့သို့ မိမိသားသမီးများ၏ အနာဂတ်ဘဝ၊ သူတို့၏အနာဂတ် လူ့အဖွဲ့အစည်းဖြစ်သည့် နိုင်ငံတော်ကြီးအစွမ်းကုန်
ပွင့်လန်းလာစေရန် ရည်သန်ပြီး ကျောင်းသို့မဖြစ်မနေ ပို့ပေးကြပါဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
No comments:
Post a Comment