Tuesday, December 2, 2025

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ ခရိုင်/ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဘင်ခရာအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။




ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းအား ဘင်ခရာအဖွဲ့များက အလေးပြုကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပညာရေးဆိုင်ရာ အခမ်းအနားများအပြင် ဌာနဆိုင်ရာအခမ်းအနားများတွင်လည်း ပါဝင်တီးမှုတ်နိုင်ရေး စဥ်ဆက်မပြတ် လေ့ကျင့်သွားကြရန်၊ လာမည့်နှစ်များတွင်လည်း ကျွမ်းကျွမ်းကျင်ကျင် အရည်အသွေးရှိရှိ ပါဝင်ယှဥ်ပြိုင်နိုင်ရေး ဆက်လက်ကြိုးစားအားထုတ်သွားကြရန်နှင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်ကမ်းနှင့်အညီ ယှဥ်ပြိုင်သွားကြရန်စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဘင်ခရာပြိုင်ပွဲအတွက် ဂုဏ်ပြုချီးမြှင်ငွေများအား ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ချိုချိုမြတ်အောင်က လက်ခံရယူသည်။

၎င်းနောက် ပြိုင်ပွဲဝင်ဘင်ခရာအဖွဲ့များက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲဘင်ခရာအဖွဲ့များမှ ယှဥ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးသည်။

အဆိုပါရန်ကုန်တိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ( ၃)ရက်နေ့အထိ ပြိုင်ပွဲဝင် ဘင်ခရာအဖွဲ့ (၂၄)ဖွဲ့ဖြင့် ယှဥ်ပြိုင်သွားမည်ဖြစ်ကာ ပထမဆုမှ ပဥ္စမဆုအထိ ဆုချီးမြှင့်၍ ကျန်ရှိသည့်အဖွဲ့များအား အထူးဆု၊ ကျိုင်းဆုများကို ပထမဆုမှ ပဥ္စမဆုအထိ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment