နေပြည်တော် ဒီဇင်ဘာ ၁
တန့်ယန်းမြို့နယ်၌ တန်ဖိုးငွေကျပ် ၂၄၉၉ သိန်းတန်ဖိုးနှင့် လွိုင်လင်မြို့နှင့် လားရှိုးမြို့တို့၌ တန်ဖိုးငွေကျပ်သိန်း ၂၂၄၀ တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တန့်ယန်းမြို့နယ် နမ့်ဟူးလွယ်ကာကျေးရွာအနီး၌ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ စိုင်းညီညီဦး(ခ)စိုင်းရွှေ အောင်(၃၆)နှစ် မောင်းနှင်လာသည့် HONDA ODYSSEY အမျိုးအစား ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး များဖြစ်သည့် ကက်တမင်း ၁၃ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၃၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၇၅၅ သိန်း)၊ HAPPY WATER အဆီရည်သုည ဒသမ ၁၇ လီတာ (တစ်လီတာလျှင် ငွေကျပ် သိန်း ၃၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၁၀)နှင့် ERIMIN-5 ဆေးပြား ၂၆၀၀ (တစ်ပြားလျှင်ငွေကျပ် ၉၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၃၄ သိန်း)တို့ကို သိမ်းဆည်းရမိသဖြင့် စိုင်းညီညီဦး(ခ)စိုင်းရွှေအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
ထို့ပြင် နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်လင်မြို့ ရပ်ကွက်(၂) လွိုင်လင်-တောင်ကြီးသွား ကားလမ်းပေါ်၌ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်နေ သက်ထွန်းအောင်(ခ)ရန်ကြီးအောင်(၃၆)နှစ် မောင်းနှင်ပြီး ဘားအံမြို့ အမှတ်(၉)ရပ်ကွက်နေသူများဖြစ်ကြသည့် ငြိမ်းချမ်းအောင်(ခ)နော်ဆိုင်း(၃၆)နှစ် နှင့် သန်းနိုင်ဦး(ခ)အာရုဏ်ဦး(၄၃)နှစ်တို့ လိုက်ပါလာသည့် TOYOTA HILUX အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး HAPPY WATER နှစ်ကီလို (တစ်ကီလိုလျှင်ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၂၀၀)အား သိမ်းဆည်း ရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများ ရောင်းချပေးသူ လားရှိုးမြို့ ရပ်ကွက်(၅) နယ်မြေ(၂)နေ နော်ဆန်(ခ)အားဘုံ(၄၂)နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အဆိုပါရပ်ကွက်နေ အိုက်ထွန်း(၃၂)နှစ်ကိုတွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်းရှိ MARK-X ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး HAPPY WATER သုည ဒသမ ၀၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၄၀) ထပ်မံသိမ်းဆည်းရမိသဖြင့် သက်ထွန်းအောင်(ခ)ရန်ကြီးအောင်၊ ငြိမ်းချမ်းအောင်(ခ)နော်ဆိုင်း၊ သန်းနိုင်ဦး(ခ)အာရုဏ်ဦး၊ နော်ဆန်(ခ)အားဘုံနှင့် အိုက်ထွန်းတို့ ငါးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment