Wednesday, November 12, 2025

လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့


တွဲဖက်ပါမောက္ခ ဒေါက်တာမောင်မောင်သန့်

တွဲဖက်စီမံချက်မန်နေဂျာ

ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးစီမံချက်

နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ ၁၄ ရက်နေ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ ဖြစ်ပါသည်။ ထိုနေ့သည် ဆီးချိုသွေးချိုရောဂါကုသသည့် ဟော်မုန်းဆေးအင်ဆူလင်ကို ရှာဖွေခဲ့သော ဆာဖရက်ဒရစ်ဘန်တင်း (Sir Frederick Banting)၏ မွေးနေ့ဖြစ်သည့်အတွက် ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ကို ၁၉၉၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ် (International Diabetes Federation) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂပြဋ္ဌာန်းချက် (၆၁/၂၂၅)ဖြင့် တရားဝင်ကုလသမဂ္ဂနေ့ တစ်နေ့အဖြစ် ဆုံးဖြတ်အတည်ပြုခဲ့ကြပါသည်။

အဆိုပါ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့တွင် ဆီးချိုသွေးချိုရောဂါရှိသူများ၊ ကျန်းမာရေးပညာရှင်များ၊ မူဝါဒချမှတ်သူများ (policy makers)နှင့် ပြည်သူလူထုတို့ပူးပေါင်း၍ ဆီးချိုသွေးချိုရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်ကြရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ဆီးချိုသွေးချိုရောဂါအန္တရာယ်

ကျန်းမာရေးနှင့်မညီညွတ်သည့် လူနေမှုပုံစံများဖြစ်ကြသော ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုမရှိခြင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းနှင့် အရက်အလွန်အကျွံသောက်သုံးခြင်းများသည် ဆီးချိုသွေးချိုရောဂါနှင့် အခြားမကူးစက် နိုင်သောရောဂါများ ဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ကြပါသည်။

ထို့အပြင် ဆီးချိုသွေးချိုရောဂါရှိသူများသည် ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သည့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်းနှင့် ခြေလက်အင်္ဂါများ ဖြတ်တောက်ရခြင်း စသည်တို့ကို ခံစားနေကြရပါသည်။ ထိုကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်း၊ မသန်စွမ်းဖြစ်ရခြင်းတို့ ခံစားရပြီး ဝေဒနာရှင်များမှာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့သည့်အတွက် ၎င်းတို့၏ မိသားစုဝင်များမှာ လူနာကိုကုသရသော ကုန်ကျစရိတ်များသည့်အပြင် ထိုမှဆက်စပ်၍ လူမှုစီးပွားဒုက္ခများ ခံစားလာကြရပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားကို ထိပါးလာနိုင်သည့်အပြင် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုကို များစွာထိခိုက်စေပါသည်။

နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်များ

ကျန်းမာရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သော -

(၁) လူတိုင်းရောဂါဘယကင်းရှင်းရေး၊

(၂) လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေ

 နိုင်ရေးဟူသည့် ရည်မှန်းချက်တို့နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံးကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရေတိုရေရှည်လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည် ဖော်ပြီး နည်းဗျူဟာများ ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလာပါက ထိရောက်စွာကုသပေးခြင်းဟူသည့် နည်းနာသုံးရပ်ချမှတ်ပြီး တစ်နိုင်ငံလုံး၏ ကျန်းမာရေးစောင့်ရှောက်မှုကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ဆီးချိုသွေးချိုရောဂါအပါအဝင် မကူးစက်နိုင်သော ရောဂါများကိုကာကွယ်ရန် ပထမအဆင့်အနေဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဆောလျင်စွာ ရောဂါရှာဖွေခြင်းနှင့် လိုအပ်လျှင် လွှဲပြောင်းကုသခြင်း၊ တတိယအဆင့်အနေဖြင့် ရောဂါကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသန္တရကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်း (NCD clinic)များ ဖွင့်လှစ်ပြီး ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါများကို စောစီးစွာ ရှာဖွေစစ်ဆေးကုသပေးခြင်းနှင့် လိုအပ်လျှင် လွှဲပြောင်းကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်ရမည့် နည်းလမ်းများ၊ လေ့ကျင့်ခန်း ပြုလုပ်နည်းများကို နမူနာသင်ကြားပြသခြင်းများ၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါကုသသော ဆေးဝါးများနှင့် ဓာတ်ခွဲစစ်ဆေးမှုများကို ပြည်သူလူထုလက်လှမ်းမီစေရန်နှင့် အခမဲ့စစ်ဆေးနိုင်ရေးအတွက် နိုင်ငံတော်က ဘဏ္ဍာငွေများစွာအသုံးပြု၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူလူထုအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များရရှိရေး ဆောင်ရွက်ခြင်း၊ ဆေးရွက်ကြီးနှင့် အရက်ယမကာများကို အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ ဆောင်ရွက်နေသည့်အပြင် စားသောက်ကုန်ထုတ်လုပ်မှုတွင် သကြားနှင့် အငန်ဓာတ်ပါဝင်မှု လျှော့ချစေခြင်း၊ ဆိုးဆေးနှင့် အခြားဓာတုပစ္စည်းများမပါဝင်စေရန် ကန့်သတ်တားမြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကို အားပေးခြင်းနှင့် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာများ ပြန့်ပွားအောင် အထူးအလေးပေးခြင်း စသည့် ပြည်သူလူထု၏ ကျန်းမာရေးတိုးတက် ကောင်းမွန်စေမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

အထိမ်းအမှတ်ဆောင်ပုဒ်

၂၀၂၅ ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ် (Campaign Slogan) မှာ “ Know more and do more for diabetes at work” ဟူ၍ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် “လုပ်ငန်းခွင်စွမ်းဆောင် ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်မြှင့်စို့”ဟူ၍ ဘာသာပြန်ဆိုထား ပါသည်။ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်သည် စက်ရုံ၊ အလုပ်ရုံနှင့် ရုံးဌာနများတွင် ဆီးချိုသွေးချိုရောဂါရှိသူများအား ပြုစုစောင့်ရှောက်မှုနှင့် ထောက်ပံ့မှုများကို အရှိန်အဟုန်မြှင့်ပြုလုပ်နိုင်စေရန်ဦးတည်၍ ကျန်းမာရေးအသိပညာပေးမှုများကို မြှင့်တင်လို ခြင်းဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါရှိသူများသည် မျှော်လင့်ချက်အတိုင်း ကျန်းမာရှင်သန်လာနိုင်စေရန် ရည်ရွယ်ပါသည်။

လုပ်ငန်းခွင်အတွင်း ဆီးချိုသွေးချိုရောဂါ၏ စိန်ခေါ်မှုများ

အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ် (IDF)၏ စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ အရွယ်ရောက်ပြီးသော လူဦးရေ ၅၈၉ သန်းခန့်သည် ဆီးချိုသွေးချိုရောဂါကို ခံစားနေကြရသည်ဟု သိရပါသည်။ ထိုအနက်မှ ၇၀ ရာခိုင်နှုန်း (သန်း ၄၃၀ ခန့်)သည် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိသူများဖြစ်ကြပါသည်။ ဆီးချိုသွေးချိုရောဂါရှိသူ လေးဦးထဲမှ သုံးဦးသည် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသောနိုင်ငံများတွင် နေထိုင်ကြပြီး ဆီးချိုသွေးချိုရှိသူများ၏ ထက်ဝက်ခန့်သည် ရောဂါ လက္ခဏာမပြသည့်အတွက် ရောဂါရှိမှန်းမသိကြောင်း တွေ့ရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ် (IDF) ၏ နောက်ဆုံးစစ်တမ်းများအရ ဆီးချိုသွေးချိုရှိသူ လေးဦးထဲမှ သုံးဦးသည် ဆီးချိုရောဂါကြောင့် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ (သို့မဟုတ်) စိတ်ကစဉ့် ကလျားဖြစ်ခြင်းများကို ခံစားနေရသည့်အပြင် လုပ်ငန်းခွင်အတွင်းတွင် ဆီးချိုသွေးချိုရောဂါရှိသည့်အတွက် ခွဲခြားဆက်ဆံခံရခြင်း၊ အသင်းအဖွဲ့မှ ဖယ်ရှားခံရခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းတို့ကို ကြုံတွေ့နေကြရပါသည်။

ကျန်းမာရေးနှင့်မညီညွတ်သော လုပ်ငန်းခွင်

လုပ်ငန်းခွင်အများစု အထူးသဖြင့် ရုံးဌာနများသည် အထိုင်များသည့် လုပ်ငန်းသဘာဝရှိသည့်အတွက် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းအပြင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရွေးချယ်နိုင်မှုမရှိခြင်း၊ စိတ်ကျန်းမာရေးအတွက် ပံ့ပိုးနိုင်မှုမရှိခြင်း စသည်တို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်မှုအားနည်းပြီး ဆီးချိုသွေးချိုရောဂါနှင့် အခြားမကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေမြင့်မားနေပါသည်။

ဆီးချိုသွေးချိုရောဂါရှိသူများအတွက် စောင့်ရှောက်မှုတိုးမြှင့်နိုင်မည့် နည်းလမ်း (၁၀)

အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချိုအဖွဲ့ချုပ်ကြီးက ဆီးချိုသွေးချိုရောဂါလူနာများကို ကာကွယ်ကုသစောင့်ရှောက်ပေးနိုင်မည့် အောက်ပါနည်းလမ်း (၁၀) ချက်ကို ချမှတ်ထားပါသည်-

၁။ လုပ်ငန်းခွင်တွင် ဆီးချိုသွေးချိုရောဂါကို ကုသစောင့်ရှောက်ပေးနိုင်မည့် လိုအပ်သောပစ္စည်းများကို သိမ်းဆည်းထားနိုင်မည့် လုံခြုံသော သီးသန့်နေရာတစ်ခုကို သတ်မှတ်ထားရှိခြင်း၊

၂။ ဆီးချိုသွေးချိုရောဂါရှိသူများ လိုအပ်သော ကျန်းမာရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အစားအသောက်၊ ရေ၊ သန့်စင်ခန်းနှင့် နားနေခန်းများကို ဖြည့်ဆည်းပေးခြင်း၊

၃။ ဆီးချိုသွေးချိုရောဂါနှင့် ဆက်နွှယ်သော အရေးပေါ်အခြေအနေများကို ကုသနိုင်ရန် လေ့ကျင့်သင်ကြားပေးထားသော ဝန်ထမ်းတစ်ဦးနှင့် လိုအပ်သော အရေးပေါ်ဆေးဝါးပစ္စည်းများကို အဆင်သင့်ထားရှိပေးခြင်း၊

၄။ ဆီးချိုသွေးချိုရောဂါ ရှိသည့်အတွက် ဂုဏ်သရေညှိုးနွမ်းနေရခြင်း၊ စိုးရိမ်ထိတ်လန့်နေရခြင်းတို့ ကင်းသော ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်ပေးခြင်း၊

၅။ အချိန်ပိုင်းအလုပ်လုပ်ခြင်း (သို့မဟုတ်) အလှည့်ကျအလုပ်လုပ်ခြင်း (ဥပမာ- အိမ်မှ အလုပ်လုပ်ခြင်း) ကဲ့သို့သော ဆီးချိုသွေးချို ရောဂါရှိသူများနှင့် လိုက်လျောညီထွေမှုရှိစေမည့် အလုပ်လုပ်နည်းစနစ်များကို ကျင့်သုံးခြင်း၊

၆။ ဆီးချိုသွေးချိုရောဂါရှိသည့် ဝန်ထမ်းများ၏ စိတ်ကျန်းမာရေးအထောက်အပံ့ ပံ့ပိုးပေးခြင်း၊

၇။ ဆီးချိုသွေးချိုရောဂါနှင့် သင့်လျော်သည့် အစားအသောက်နှင့် သရေစာများကို လုပ်ငန်းခွင်တွင် အဆင်သင့်ရရှိနိုင်စေရန် စီစဉ်ထားခြင်း၊

၈။ လုပ်ငန်းခွင်အတွင်း ကိုယ်လက်လှုပ်ရှားမှု များကို တိုးမြှင့်လုပ်ဆောင်စေခြင်း၊

၉။ ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်သည့် ပညာပေးအချက်အလက်များကို အလုပ်နေရာတွင် ရရှိနိုင်အောင်ပြုလုပ်ခြင်း၊

၁၀။ လုပ်ငန်းခွင်တွင် ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်စေရန် စီစဉ်ပေးခြင်း။

ဆီးချိုသွေးချိုရောဂါရှိသူများနှင့် ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေများသူများ (Prediabetes) အတွက် အန္တရာယ်ကင်းပြီး ပံ့ပိုးမှုအပြည့်ရှိသည့် ကျန်းမာရေးနှင့်ညီညွတ်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဖန်တီးလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိပါသည်။ သို့မှသာ လုပ်ငန်းခွင်အတွင်းတွင် ဆီးချိုသွေးချိုရောဂါအကြောင်း ပိုမိုသိရှိကြပြီး “လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်စို့” ဆောင်ပုဒ်နှင့်အညီ အားလုံးကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။ 

No comments:

Post a Comment