နေပြည်တော် နိုဝင်ဘာ ၁၁
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးသန့်ဇော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ
ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ရိုသေလေးစားအပ်ပါသော
မိဘပြည်သူအပေါင်းတို့ ခင်ဗျား။
“ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ” လို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သ အပ်ပါတယ်
ခင်ဗျာ...
ကျွန်တော်ကတော့
အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ NIDP (ဗဟို) ၏ ဥက္ကဋ္ဌ ဦးသန့်ဇော် ဖြစ်ပါတယ်။
(မွန်ပြည်နယ်) မှာ အခြေပြုစိုက်ထားတဲ့ ပါတီတစ်ခု ဖြစ်ပါတယ်။
မကြာခင်မှာ
(တတိယအကြိမ်) လွှတ်တော်အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို
ကျင်းပတော့မှာဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုဟာ ဘယ်လောက်အရေးပါလဲ...
ရွေးကောက်ပွဲဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့
အနာဂတ်ကို ဘယ်လောက်ထိ ထင်ဟပ်စေလဲ...ဆိုတာ မျက်ဝါးထင်ထင်တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်....
ယနေ့
ကမ္ဘာ့နိုင်ငံအသီးသီးဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးသား
အကျိုးစီးပွားပေါ်မှာသာ ရပ်တည်နေခဲ့ကြပါတယ်....
ဒီကနေ့
ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာရဲ့ဖိအားတွေကို ကြီးကြီးမားမား ခံနေရပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်
တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးတွေကိုလည်း အဘက်ဘက်က
စိုးရိမ်ပူပန်နေကြရတဲ့ အချိန်ကာလလည်း ဖြစ်နေပါတယ်။
ငွေကြေးဖောင်းပွမှုကြောင့်
ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေကိုလည်း ပြည်သူတွေ ခံစားနေကြရပါတယ်။
ပြည်ပနိုင်ငံများရဲ့
စွက်ဖက်မှုကြောင့် တိုင်းပြည်ရဲ့.. အချုပ်အခြာအာဏာကို ထိပါးတဲ့ဖြစ်ရပ်တွေလည်း
ပေါ်ပေါက်ခဲ့ပါတယ်။
မိမိတို့နိုင်ငံ၏
ပထဝီနိုင်ငံရေးအခြေအနေ၊ ပြည်ပက သွေးထိုးနှောင့်ယှက်မှုများကြောင့်
နိုင်ငံတော်ရဲ့တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် အချုပ်အခြာအာဏာတည်တံ့
ခိုင်မြဲရေးအတွက် ပြည်သူတစ်ရပ်လုံးနဲ့ အမျိုးသားရေးအင်အားစုများ ပေါင်းစည်းပါဝင်မှသာ
တည်တံ့ခိုင်မာမှုရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်..
ဒါ့ကြောင့်
ကျွန်တော်တို့ ပါတီသည်လည်း မိဘပြည်သူများနဲ့အတူ နိုင်ငံတော်တည်ဆောက်ရေးမှာ ကျရာအခန်းကဏ္ဍကနေပြီး
ပါဝင်ဆောင်ရွက်နိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်....
ရိုသေလေးစားအပ်သော
မိဘပြည်သူများခင်ဗျာ-----ပါတီရဲ့ အခြေခံရပ်တည်ချက်နှင့် မူဝါဒကို တင်ပြလိုပါတယ်။
ကျွန်တော်တို့
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီရဲ့ အခြေခံရပ်တည်ချက်ဟာ
တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အကျိုးစီးပွား၊ တိုင်းပြည်ရဲ့
အမျိုးသားအကျိုးစီးပွားအပေါ် ပြတ်ပြတ်သားသား ရပ်တည်သွားမှာ ဖြစ်ပါတယ်။
မူဝါဒအားဖြင့်
- အခြေခံရပ်တည်ချက်တူညီတဲ့ မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများနဲ့မဆို
ပူးပေါင်းဆောင်ရွက်သွားပါမယ်။
(၁) တိုင်းရင်းသားများအကြား တန်းတူအခွင့်အရေးရရှိရေး၊ (၂) နိုင်ငံရေး၊
လူမှုရေးပဋိပက္ခများချုပ်ငြိမ်းစေရေးတို့ကို ဦးတည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အထူးသဖြင့်
မျိုးဆက်သစ်တွေအတွက် ကောင်းမွန်သော နိုင်ငံရေးဝန်းကျင်သစ် ပညာရေးအခြေခံသစ်တွေ
ဖြစ်ပေါ်ရေးကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အမျိုးသားအကျိုးစီးပွားအပေါ်မှာ
အခြေခံပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ နိုင်ငံတော်ကို
ကာကွယ်စောင့်ရှောက်လိုစိတ်တွေကို မှန်မှန်ကန်ကန်နဲ့ အစွန်းမရောက်စေဘဲ
ပြုစုပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဆက်လက်၍
ကျွန်တော်တို့ ပါတီမူဝါဒတွေထဲက အရေးအကြီးဆုံးအပိုင်းတွေကို တင်ပြချင်ပါတယ်။
တိုင်းရင်းသားများကဏ္ဍ
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီအနေနဲ့
တိုင်းရင်းသားများကဏ္ဍအပေါ်မှာ အလွန်အလေးအနက်ထားပါတယ်။ လူမျိုးစွဲ၊
ဒေသစွဲများပျောက်ကင်းပြီး မြန်မာနိုင်ငံဟာ တိုင်းရင်းသား ၁၃၅ မျိုးလုံးရဲ့ တစ်ခုတည်းသော
နိုင်ငံ၊ တူညီသော ရည်မှန်းချက်၊ ညီမျှသော ဖွံ့ဖြိုးတိုးတက်မှု၊ အချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှုရှိပြီး
သံသယတွေပျောက်ကင်းတဲ့ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုရောက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းပါတယ်...ဒါမှသာ
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင်
တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ အမျိုးသားရေးလက္ခဏာများ၊ ဓလေ့ထုံးတမ်းများ၊
စာပေနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်အောင်
ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားပါမည်။
ပညာရေးနှင့်
ကျန်းမာရေးကဏ္ဍ
ကျွန်တော်တို့အနေနဲ့
ပြည်သူ့ကျန်းမာရေးကို အခြေခံအခွင့်အရေးအဖြစ် သတ်မှတ်ထားပါတယ်။
ပြည်သူတိုင်း
ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အရေးကို တန်းတူခံစားခွင့် ရရှိစေပါမယ်။
ကျေးလက်ဒေသနှင့်
ခက်ခဲဒေသတွေမှာ ဆေးရုံ၊ ဆေးခန်းတွေကို တိုးချဲ့တည်ဆောက်ပေးမယ်။
ပြည်သူတွေအတွက်
ပြည်သူ့ဆေးရုံကြီးတွေနဲ့ ကျေးလက်ဆေးပေးခန်းများအား အဆင့်မြှင့်တင်ဖို့
ကြိုးပမ်းသွားပါမယ်။
ဆေးဝါးနဲ့
ဆရာဝန်များ လုံလောက်အောင် စနစ်ကျကျ ဖြန့်ဝေပေးပါမယ်။
လူတိုင်း
ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု၊ စရိတ်သက်သာ၍ အာမခံချက်ရှိသော
ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးသွားပါမယ်။
“ပညာရေးကဏ္ဍ”ကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
နိုင်ငံသားတိုင်းဟာ
တန်းတူညီမျှ ပညာသင်ကြားခွင့်ရရှိစေမှာဖြစ်ပြီး ပညာသင်ကြားရေးသည် အနည်းဆုံးမူလတန်းနှင့်
အခြေခံအဆင့်တွင် အခမဲ့သင်ကြားခွင့်ရရှိအောင် ပံ့ပိုးဆောင်ရွက်သွားပါမယ်။
ကျေးလက်ဒေသနေ
ကျောင်းသား ကျောင်းသူများအတွက် အခြေခံကျောင်းသုံးပစ္စည်းများ အခက်အခဲမရှိအောင်
တိုက်ရိုက်ထောက်ပံ့ပေးမယ်။
နည်းပညာ၊
တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို တိုးချဲ့ပေးပြီး လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းအတွက်
လုပ်ငန်းခွင်နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးနိုင်တဲ့ လက်တွေ့ပညာရပ်တွေကို ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဥပဒေပြုရေးနဲ့
တရားစီရင်ရေးကဏ္ဍ
ဒီကနေ့
ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဟာ ပြောင်းလဲနိုင်မှုများစွာ မတွေ့ရသေးပါဘူး။ ပြင်ဆင်၊ ဖြည့်စွက်သင့်တဲ့ဥပဒေတွေ
အများကြီးလိုနေပါသေးတယ်။ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုမယ့်
ဥပဒေတွေ၊ ရာဇဝတ်မှုကျဆင်းရေးအတွက် ပြစ်မှု၊ ပြစ်ဒဏ် မျှတတဲ့ဥပဒေတွေပြဋ္ဌာန်းဖို့ လိုအပ်ပါသေးတယ်။
ပြည်သူအခြေပြုတဲ့ ဥပဒေ၊ အမျိုးသားအကျိုးစီးပွားကို ပံ့ပိုးပေးတဲ့ ဥပဒေဖြစ်ရပါ့မယ်။
ကျွန်တော်တို့အားလုံး ဥပဒေရဲ့အောက်မှာ ဥပဒေရဲ့ တူညီတဲ့ ကာကွယ်စောင့်ရှောက်မှုကိုရရှိဖို့
ဆောင်ရွက်ပေးသွားပါမယ်။ လုပ်ပိုင်ခွင့် အာဏာကို အလွန်အကျွံသုံးစွဲတဲ့
လုပ်ရပ်တွေကို အဆုံးတိုင်ပယ်ရှားသွားပါမယ်။
အုပ်ချုပ်ရေးကဏ္ဍ
အုပ်ချုပ်ရေးကဏ္ဍမှာဆိုရင်လည်း
စာတွေ့နဲ့ လက်တွေ့အရည်အချင်းနှစ်ပါးနဲ့ ပြည့်စုံတဲ့၊ နိုင်ငံတကာအမြင်ရှိတဲ့
စီမံခန့်ခွဲရေးပညာ ကျွမ်းကျင်တဲ့သူတွေနဲ့ ဖွဲ့စည်းထားပြီး Strong Government ဆိုတဲ့
ကျစ်လျစ်ခိုင်မာတဲ့ အစိုးရအဖြစ်ဖွဲ့စည်းနိုင်ဖို့လိုပါတယ်။ ဗျူရိုကရေစီယန္တရားရဲ့
လည်ပတ်ပုံကို ကောင်းစွာသိရှိပြီး ကောင်းစွာစီမံခန့်ခွဲနိုင်တဲ့
အစိုးရအဖွဲ့ဖြစ်ဖို့ လိုပါတယ်။ ဆုံးဖြတ်ရဲသူတွေ၊ ပြဿနာကိုဖြေရှင်းရဲပြီး
မူဝါဒအမှန်ချမှတ်နိုင်သူတွေ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိသူတွေနဲ့
ဖွဲ့စည်းထားဖို့လိုပါတယ်။ ပြည်ထောင်စုအစိုးရသာမက တိုင်းဒေသကြီးနဲ့
ပြည်နယ်အစိုးရတွေ၊ အစိုးရအဖွဲ့ဝင်တွေပါ အရည်အချင်းမြင့်မားသူတွေ၊
တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေနဲ့ ဖွဲ့စည်းနိုင်ဖို့ လိုပါတယ်။
စီးပွားရေးကဏ္ဍ
နိုင်ငံတစ်နိုင်ငံဟာ
စီးပွားရေးမတိုးတက်တာနဲ့ ကျန်တဲ့ကဏ္ဍတွေမှာ အလိုအလျောက် အားနည်းလာတတ်ပါတယ်။ နိုင်ငံစီးပွားရေးတိုးတက်မှုဆိုရာ၌
လူတန်းစားသုံးရပ်စလုံးရဲ့ အရေးကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် (ရာခိုင်နှုန်း ၇၀) ကျော်ရှိနေသေးတဲ့
အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာ အဓိကကျပါတယ်။ အခြေခံလူတန်းစားတွေရဲ့
မိသားစုသက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင်
ပြည်သူတွေရဲ့ တစ်ဦးချင်း ဝင်ငွေတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိစေရေး၊
ဈေးကွက်နဲ့ နည်းပညာတိုးတက်ရေး၊ စက်မှုစီးပွားလုပ်ငန်းတွေ တိုးတက်ရေးအတွက်
ခေတ်စနစ်နဲ့ကိုက်ညီတဲ့ မူဝါဒကိုရေးဆွဲပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်အားပေးသကဲ့သို့
ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အရင်းရှင်စီးပွားရေးလက်ဝါးကြီးအုပ်မှု တွေကိုလည်း
ဆန့်ကျင်တိုက်ဖျက်သွားမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမားများကဏ္ဍ
ကျွန်တော်တို့နိုင်ငံမှာ
စိုက်ပျိုးရေးသည် အခြေခံကျတဲ့ကဏ္ဍမှာ ပါဝင်နေပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၀
ရာခိုင်နှုန်းကျော်တဲ့ တောင်သူလယ်သမားများနဲ့ အလုပ်သမားများကဏ္ဍဟာ
အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီနေ့လယ်သမားများအနေနဲ့ အကြွေးနွံတောမှာနစ်နေတာကို
စစ်တမ်းများအရ တွေ့ရပါတယ်။ ငွေကြေးအရင်းအနှီးပံ့ပိုးမှု၊ သွင်းအားစုနှင့်
ဓာတ်မြေဩဇာရရှိမှု၊ စိုက်ပျိုးစရိတ် အချိန်မီရရှိမှု၊ မှန်ကန်တဲ့ ဈေးကွက်ရရှိမှု၊
စိုက်ပျိုးပင်မှန်ကန်မှုတွေသည် တောင်သူလယ်သမားတွေရဲ့ အရေးကြီးသောအရာတွေဖြစ်ပါတယ်။
ဒါကြောင့်-
တောင်သူလယ်သမားတွေ
အဓိကလိုအပ်တဲ့ စိုက်ပျိုးစရိတ်ချေးငွေ၊ ဓာတ်မြေဩဇာပံ့ပိုးမှု၊ စိုက်ပျိုးနည်းပညာ
အချိန်မီရရှိရေးနှင့် စိုက်ပျိုးသီးနှံများကို ဈေးကွက်ဝင်ရောက်ခွင့်ရရှိစေရေးအတွက်
ကူညီပံ့ပိုးပေးသွားပါမယ်။ ဒါ့ပြင် တောင်သူလယ်သမားတွေကို ကျေးဇူးဆပ်သောအားဖြင့် တောင်သူလယ်သမား
နှီးနှောဖလှယ်ပွဲများနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ခမ်းနားစည်ကားစွာဖြင့် ကျင်းပဂုဏ်ပြုသွားမှာ
ဖြစ်ပါတယ်။
အလုပ်သမားကဏ္ဍ
အလုပ်သမားအင်အားစုများသည်
နိုင်ငံတိုးတက်ရေး၊ တည်ဆောက်ရေးအတွက် အခြေခံခိုင်အောင် ဆောင်ရွက်ပေးနေတဲ့
အင်အားစုများ ဖြစ်ပါတယ်။
အလုပ်သမားအခွင့်အရေးတွေ
အပြည့်အဝရရှိဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။
လုပ်ခလစာညီမျှမှု၊
အလုပ်ချိန်၊ အနားယူခွင့်တွေ နိုင်ငံတကာစံနှုန်းများနှင့်အညီ ရရှိစေရေး
အလုပ်သမားဥပဒေဘောင်အတွင်းမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါမယ်။
နိုင်ငံရပ်ခြားသွားပြီး
အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားများကိုလည်း မိခင်နိုင်ငံရဲ့
ဥပဒေအကာအကွယ်စောင့်ရှောက်မှုတွေရရှိအောင် ဆောင်ရွက်ပေးပါမယ်။
အလုပ်သမားမိသားစုတွေအတွက်
လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးခန်းတွေကိုလည်း တိုးချဲ့ဖန်တီးပေးသွားမှာ
ဖြစ်ပါတယ်။
နိုင်ငံတကာဆက်ဆံရေး
“နိုင်ငံတကာဆက်ဆံရေးမူဝါဒမှာ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ လွတ်လပ်၍ တက်ကြွပြီး
ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ” ကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး (မူကြီးငါးချက်) အရ ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့်
ပိုမိုချစ်ကြည်ရင်းနှီးစွာနေထိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း
တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားပါမယ်။
လူငယ်မျိုးဆက်သစ်ကဏ္ဍ
နိုင်ငံရဲ့အနာဂတ်ဟာ
လူငယ်မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ ပြည့်ဝတဲ့ ပညာ၊ လက်တွေ့ပါတဲ့ အတွေ့အကြုံ၊
နိုင်ငံတကာအမြင်ရှိတဲ့ လူငယ်မျိုးဆက်သစ်တွေကို ထပ်မံမွေးထုတ်ပေးနိုင်ဖို့
အထူးလိုအပ်ပါတယ်။ အမျိုးကိုချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် အမျိုးသားလုံခြုံရေးအသိရှိကြဖို့
စနစ်တကျလေ့ကျင့်ပျိုးထောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခိုင်မာတိကျတဲ့
လူငယ်ရေးရာမူဝါဒများ ရေးဆွဲပြီး ရေရှည်လေ့ကျင့် ပျိုးထောင်ဖို့ ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။
ရိုသေလေးစားအပ်ပါသော
မိဘပြည်သူများခင်ဗျား---
ကျွန်တော်တို့
ပါတီမှ ----- မိဘပြည်သူများအပေါ် ကတိကဝတ် အာမခံ ပြုလိုပါသည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီအနေဖြင့်
ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခံရသည့် မိမိတို့ပါတီမှ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များမှ
အောက်ပါလုပ်ငန်းစဉ်များကို အာမခံကတိကဝတ်ပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၁) ပြည်သူလူထုအပေါ် အကာကွယ်ပေးမည့် ဥပဒေများ ပေါ်ပေါက်ရေးအတွက်
လွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှ တတ်စွမ်းသမျှ ဥပဒေပြုတင်ပြဆောင်ရွက်သွားမည်။
(၂) ဒီမိုကရေစီဈေးကွက်စီးပွားရေးစနစ်နှင့် ဆန့်ကျင်သည့် မတရားသဖြင့်
အနိုင်ကျင့်လက်ဝါးကြီးအုပ် ယှဉ်ပြိုင်မှုများနှင့် ပြည်သူလူထုအပေါ် မတရားအမြတ်ကြီးစား
သွေးစုပ်နေသည့် အရင်းရှင်စီးပွားရေးလုပ်ဆောင်မှုများကို
တွန်းလှန်တိုက်ဖျက်သွားမည်။
(၃) တစ်ပိုင်တစ်နိုင်ရာသီ သီးနှံများ စိုက်ပျိုးရောင်းချမှုအပေါ်
အခွန်ကင်းလွတ်ခွင့်ရရှိစေရေးနှင့် အခွန်လွတ်ဈေးများပေါ်ပေါက်ရေး
ဖော်ဆောင်ပေးသွားမည်။
(၄) မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်
အလေးထားဆောင်ရွက်သွားမည်။
(၅) မှန်ကန်သည့် တရားစီရင်ရေးစနစ် ပေါ်ပေါက်လာစေရေးအပြင် မည်သူမဆို
(တရားလို၊ တရားခံ၊ တရားပြိုင်) လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ညီညွတ်မျှတစွာ
တရားစီရင်မှုခံရစေရေး ဆောင်ရွက်သွားမည်။
(၆) ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးနှင့် ဖိနှိပ်မှုကိုဖြစ်စေသည့်
အုပ်ချုပ်ရေးဆိုင်ရာယန္တရား ကြိုးနီစနစ်ဆိုးမှန်သမျှကို တိုက်ဖျက်သွားမည်။
(၇) နိုင်ငံတော်ဘဏ္ဍာငွေ (ဘတ်ဂျက်) များ အလေအလွင့်မရှိစေရေးနှင့် စီမံကိန်းများ၏
အရည်အသွေး တိကျမှန်ကန်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
(၈) အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်။
(၉) သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများ၊ နိုင်ငံပိုင်သယံဇာတများကို အလွန်အကျွံ
တူးဖော်ထုတ်လုပ်မှုများကို ကာကွယ်တားဆီးသွားမည်။
(၁၀) ပြည်သူများ မိမိတို့နေထိုင်သည့် အိမ်၊ ခြံ၊ မြေများကို မိမိတို့
တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေရေးနှင့် မြေသိမ်းဆည်းခံရခြင်းများ ဖြစ်ပေါ်လာပါက
နစ်နာမှုအခွင့်အရေးများကို တောင်းဆိုပိုင်ခွင့်ရရှိစေရေးအတွက် ဥပဒေပြုကာကွယ်ပေးသွားမည်။
(၁၁) ငွေကြေးဓနအင်အား၊
လူအင်အားဖြင့် အုပ်စုဖွဲ့အနိုင်ကျင့်မှုများ၊ မလျော်ဩဇာသုံး အနိုင်ကျင့်မှုများ
ပပျောက်အောင် ဆောင်ရွက်ပေးမည်။
ရိုသေလေးစားအပ်ပါသော
မိဘပြည်သူများ ခင်ဗျား
ကျွန်တော်တို့
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီသည် အာဏာအတွက် မဟုတ်ပါ။ ပြည်သူလူထုအကျိုးကို
ဆောင်ရွက်လိုသောဆန္ဒတစ်ခုတည်းဖြင့် လွှတ်တော်နိုင်ငံရေးကို
ကြိုးစားနေကြခြင်းဖြစ်ပါတယ်။ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးအတွက်
လက်တွေ့အကောင်အထည်ဖော် ကြိုးပမ်းလုပ်ဆောင်သွားပါမယ်လို့ ဒီနေရာက အခိုင်အမာကတိပြုပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေဖြင့်
ကျွန်တော်တင်ပြလိုတာကတော့ ---
ကျွန်တော်တို့ပါတီရဲ့
မူဝါဒဟာ ပြည်သူအကျိုးကို အစွမ်းကုန်အကာကွယ်ပေးမယ်၊ အမျိုးသားအကျိုးစီးပွားကို
အမြဲတမ်းဦးစားပေးပါမယ်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေအတွက် လုံခြုံစိတ်ချရတဲ့
လူမှုပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးလုပ်ဆောင်သွားပါမယ်။
ထို့အတူ
ကျွန်တော်တို့ပါတီက ကိုယ်စားလှယ်အများစုကို မျိုးချစ်စိတ်ရှိသူ၊
အများအကျိုးဆောင်ရွက်လိုသူ၊ ဥပဒေရေးရာကျွမ်းကျင်သူများ၊ နယ်ပယ်အသီးသီးတွင်
တာဝန်ထမ်းဆောင်ဖူးသူ နိုင်ငံရေးနှင့် စီမံခန့်ခွဲရေးအပိုင်းတွင် ဘွဲ့ရ၊ ဘွဲ့လွန်ပညာတတ်များကို
စိစစ်ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်စားလှယ်လောင်းများရဲ့
အရည်အချင်းနဲ့ လုပ်ရပ်များကို လေ့လာသုံးသပ်ပြီး ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်မြို့
ရွာများ၏ အကျိုးစီးပွားနှင့် စစ်မှန်သော အပြောင်းအလဲအတွက်
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီကို ရွေးချယ်မဲပေးကြပါ၊ မိဘပြည်သူများနှင့်အတူ
တိုးတက်မှုအသစ်တွေကို ဖန်းတီးတည်ဆောက်ချင်ပါတယ်။ အခွင့်အရေးပေးကြပါ။ စစ်မှန်သော
အပြောင်းအလဲအတွက် မိဘပြည်သူများရဲ့ရင်ထဲက ဆန္ဒမဲကို အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီရဲ့
အမှတ်သားဖြစ်တဲ့ “ကဒေါင်း စိမ်း”ကို မဲပေးရွေးချယ်ပေးပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။
မိဘပြည်သူများ
ကျန်းမာရွှင်လန်းကြပါစေ....


No comments:
Post a Comment