တက္ကသိုလ်မောင်ရူပ
ဂျပန်နိုင်ငံရဲ့ အထက်လွှတ်တော် (The Upper House) ရွေးကောက်ပွဲတွေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အထက်လွှတ်တော်မှာ ကိုယ်စားလှယ် ဦးရေ ၂၄၈ ဦးရှိပြီး သက်တမ်းက ခြောက်နှစ်ဖြစ်ပါ တယ်။ အဲဒီ ကိုယ်စားလှယ်ဦးရေ ၂၄၈ ဦးထဲကနေ တစ်ဝက်ဖြစ်တဲ့ ၁၂၄ ဦးဟာ သုံးနှစ်တစ်ကြိမ် ရွေးကောက်ပွဲဝင်ကြရတာဖြစ်ပါတယ်။ အခုရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တစ်ခုအပါအဝင် နေရာ ၂၄၅ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၅၂၂ ဦး ပါဝင်ယှဉ်ပြိုင်သွားကြဖို့ရှိပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးဟောပြောမှုတွေကို ဇူလိုင်လ ၃ ရက်နေ့က စတင်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲအချိန်မှာ
ပြည်သူလူထုအကြား စိတ်ဝင်စားနေကြတဲ့ အဓိကအကြောင်း အရာတွေကတော့ နိုင်ငံတွင်းမှာ
ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး ငွေကြေးဖောင်းပွနေတဲ့ ကိစ္စရပ်တွေ၊
ဆန်ဈေးနှုန်းကြီးမြင့်တဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး
အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့က ကိုယ်စားလှယ်လောင်းတွေအနေနဲ့
ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားကြမယ်ဆိုတာ ဟောပြောမဲဆွယ်ကြမယ့်အပေါ် ပြည်သူလူထုက
စိတ်ဝင်စားနေကြပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့်
အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ) နဲ့
မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ဘယ်လောက်စွမ်းဆောင်ရည်ရှိမလဲဆိုတဲ့ ထွက်ပေါ်လာမယ့်
ရလဒ်တွေအပေါ်မူတည်ပြီး ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘနဲ့ အယ်လ်ဒီပီပါတီတို့မှာအပြင်
ဂျပန်နိုင်ငံရေးမှာလည်း အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ရွေးကောက်ပွဲမတိုင်မီ
နောက်ခံအခြေအနေ
၂၀၂၄
ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ အယ်လ်ဒီပီပါတီရဲ့
ဥက္ကဋ္ဌ ရှီဂဲရုအီရှီဘဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး အောက်လွှတ်တော်ရွေးကောက်ပွဲတွေကို
အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာမှာ အာဏာရအယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့ဟာ
ကိုယ်စားလှယ်အများစု နေရာမရရှိခဲ့တဲ့အတွက် နိုင်ငံရေးအရ အကျပ်အတည်းတွေနဲ့
ရင်ဆိုင်ခဲ့ကြရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို အတည်ပြုနိုင်ဖို့အပါအဝင်
ဥပဒေပြဋ္ဌာန်းနိုင်ဖို့အတွက် အယ်လ်ဒီပီပါတီဟာ အတိုက်အခံနိုင်ငံရေးပါတီတွေနဲ့
အကြိတ်အနယ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပြီး အတိုက်အခံနိုင်ငံရေးပါတီတွေရဲ့
တောင်းဆိုမှုအချို့ကို လိုက်လျောသဘောတူညီခဲ့ရတာတွေ ရှိပါတယ်။
ဒီလိုအလျှော့ပေးခဲ့ရာမှာလည်း ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘဟာ အယ်လ်ဒီပီပါတီဝင်တွေကို အသိပေးညှိနှိုင်းမှုမလုပ်ခဲ့တာတွေ
ရှိခဲ့တဲ့အပေါ် ပါတီတွင်း မကျေနပ်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင်
အခုလာမယ့်အထက်လွှတ်တော်ရွေးကောက်ပွဲဟာ အယ်လ်ဒီပီပါတီအတွက် အချိန်ကောင်းတစ်ခုမဟုတ်ဘူးလို့လည်း
ပြောနိုင်ပါတယ်။ ဒါကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နိုင်ငံက သွင်းကုန်တွေအပေါ်
တန်ပြန်အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ့်အပေါ်
နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေ လုံးဝမရရှိသေးတဲ့
အခြေအနေမှာရှိနေခြင်းပဲဖြစ်ပါ တယ်။
ဂျပန်ကနေ
အမေရိကန်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ မော်တော်ကားကဏ္ဍမှာဖြစ်တဲ့အတွက်
ဆွေးနွေးပွဲတွေမှာ သဘောတူညီချက်မရရှိခဲ့ဘူးဆိုရင် ဂျပန်နိုင်ငံရဲ့ စီးပွားရေးအပေါ်
ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာမှာဖြစ်ပါတယ်။ အခုလက်ရှိမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ
အပြန်အလှန်ခရီးစဉ်တွေ သွားရောက်ပြီး ဆွေးနွေးနေကြတဲ့အပေါ် စောင့်ကြည့်ကြရမှာ
ဖြစ်ပါတယ်။
ရွေးကောက်ပွဲ၏
အရေးပါမှု
အထက်မှာဖော်ပြခဲ့တဲ့
အကျပ်အတည်း အခက်အခဲတွေကြောင့် အခုပြုလုပ်မယ့်အထက် လွှတ်တော်ရွေးကောက်ပွဲဟာ အယ်လ်ဒီပီပါတီအပေါ်
ပြည်သူလူထုထောက်ခံမှု ဘယ်လောက်ရှိနေတယ်ဆိုတာကို
ရှင်းရှင်းလင်းလင်းပြသသွားနိုင်မှာဖြစ်ပါတယ်။ အကယ်၍များ အယ်လ်ဒီပီပါတီဟာ
အထက်လွှတ်တော်မှာလည်း အများစုပြန်လည်အနိုင်မရရှိခဲ့ဘူးဆိုရင် လွှတ်တော်တွင်းမှာ
ဥပဒေပြုရေးကိစ္စတွေဟာ ပိုမိုခက်ခဲလာပြီးအချိန် ပိုမိုယူလာရဖို့ရှိလာမှာ ဖြစ်ပါတယ်။
ဒီလိုခက်ခဲလာမယ့် အခြေအနေမျိုးမှာ အယ်လ်ဒီပီပါတီဟာ ရေရှည်ဆက်လက်တောင့်ခံနိုင်မလား ဆိုတာဟာလည်း
စောင့်ကြည့်ကြရမယ့်ကိစ္စ ဖြစ်လာပါလိမ့်မယ်။
အဲဒီအခြေအနေမှာ
အယ်လ်ဒီပီပါတီဟာ သဘောထားချင်းနီးစပ်မယ်လို့ယူဆရတဲ့ အတိုက်အခံနိုင်ငံရေးပါတီအချို့နဲ့
ညှိနှိုင်းမိတ်ဖွဲ့လာရဖို့ရှိပါမယ်။ ဒါ့အပြင် ဥပဒေတစ်ခုချင်းအလိုက် လိုအပ်လာချိန်မှာ
အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတွေရဲ့ ထောက်ခံမှုကိုတောင် ရရှိနိုင်ဖို့လည်း
ကြိုးပမ်းလာရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ဥပဒေပြဋ္ဌာန်းမှုကိစ္စတွေဟာ
အောက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အများစုထောက်ခံမှုကို
ရရှိဖို့လိုအပ်တာဖြစ်ပါတယ်။ အယ်လ်ဒီပီပါတီအနေနဲ့ လွှတ်တော်မှာ အမတ်နေရာအများစု
မရှိသော်လည်းဘဲ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအများကြီးရှိပါတယ်။
၂၀၂၄
ခုနှစ် အောက်တိုဘာလ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံရေးရန်ပုံငွေအလွဲသုံးမှု
ပြဿနာတွေကြောင့် ပြည်သူလူထုရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့ အယ်လ်ဒီပီပါတီဟာ
အများစုနေရာကို ဆုံးရှုံးခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ အယ်လ်ဒီပီပါတီနဲ့ မဟာမိတ်ကိုမေးတိုးပါတီတို့ဟာ
Nippon Ishin no Kai လို့ခေါ်တဲ့ အတိုက်အခံ Japan Innovation Party နဲ့
တစ်စိတ်တစ်ပိုင်း မဟာမိတ်ဖွဲ့စည်းပြီး ဘတ်ဂျက်ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။
အကယ်၍များ
အထက်လွှတ်တော်မှာ အယ်လ်ဒီပီပါတီဟာ အများစုနေရာကို ထပ်မံလက်လွှတ်ဆုံးရှုံးခဲ့ရမယ်ဆိုရင်တောင်
အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်သွား နိုင်မယ့်အလားအလာတွေ
ရှိနေပါတယ်။ သို့ပေမယ့် အခက်အခဲတွေ၊ ရှုပ်ထွေးမှုတွေတော့ အများကြီးရှိလာမှာပါ။
သေချာတာတစ်ခုကတော့ ဝန်ကြီးချုပ် ရှီဂဲရုအီရှီဘဟာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာ
အောက်လွှတ်တော်မှာရော၊ အထက်လွှတ်တော်မှာပါ အများစုနေရာဆုံးရှုံးခဲ့ရတဲ့အတွက်
အယ်လ်ဒီပီပါတီဥက္ကဋ္ဌအဖြစ်ကရော၊ ဝန်ကြီးချုပ်ရာထူးကပါ ဖယ်ပေးရဖို့ရှိနေပြီး ဝန်ကြီးချုပ်အသစ်တစ်ဦး
ပေါ်ထွက်လာဖို့ရှိမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ
အဓိကအာရုံစိုက်ခံနေရတဲ့ကိစ္စရပ်များ
အခုလုပ်မယ့်
အထက်လွှတ်တော်ရွေးကောက် ပွဲမတိုင်မီဂျပန်ပြည်သူလူထု စိတ်အပူပင်အဖြစ်ရဆုံး
ကိစ္စရပ်ကတော့ နိုင်ငံတွင်းမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနေတဲ့ကိစ္စပဲ
ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အဓိကစားသုံးသူ ဈေးနှုန်းအညွှန်းကိန်းတွေဟာ
မေလအတွင်းမှာ ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာဖြစ်သလို
ခြောက်လဆက်တိုက် သုံးရာခိုင်နှုန်းအထက်မှာ ရှိနေခဲ့တာဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေအတွက် အဓိကအစားအစာဖြစ်တဲ့ ဆန်ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့နှစ်ကနဲ့
နှိုင်းယှဉ်ရင် နှစ်ဆနီးပါးမြင့်တက်လာခဲ့ပါတယ်။
၂၀၂၅
ခုနှစ် မေလမှာ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့တဲ့ Junichiro Koizumi ဟာ သိုလှောင်ထားတဲ့
အရန်ဆန်တွေကို ဈေးကွက်ထဲကို အများအပြားထုတ်ရောင်းခဲ့ပြီး ဆန်ဈေးနှုန်းတွေ ကျဆင်းစေဖို့
ကြိုးပမ်းခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကြောင့် ဆန်ဈေးနှုန်းတွေဟာ ငါးပတ်ဆက်တိုက်ကျဆင်းလာခဲ့ပြီး
ဇွန်လအတွင်းမှာ ငါးကီလိုဆန် အိတ်တစ်အိတ်ရဲ့ ဈေးနှုန်းဟာ ယန်း ၃၈၀၀ ခန့်အထိ
ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် အယ်လ်ဒီပီပါတီဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို
ကာမိနိုင်စေဖို့ လူတစ်ဦးချင်းစီတိုင်းကို ငွေသား ယန်း ၂၀၀၀၀
ထုတ်ပေးသွားမယ်လို့လည်း ကတိပြုထားပါတယ်။
အတိုက်အခံ
Constitutional Democratic
Party ပါတီကလည်း အလားတူငွေသားထုတ်ပေးသွားဖို့ ကတိပြုထားသလိုနိုင်ငံရဲ့
ဆန်ဈေးကွက်မူဝါဒကိုလည်း ပြန်လည်လေ့လာသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါတင်မက
အစားအသောက်တွေအပေါ်မှာ ကောက်ခံနေတဲ့ စားသုံးခွန်ကိုလည်း ပယ်ဖျက်ပေးသွားမှာဖြစ်သလို
ဓာတ်ဆီ၊ ဒီဇယ်ဆီတွေအပေါ်မှာ ကောက်ခံနေတဲ့ အခွန်တွေကိုလည်း လျှော့ချပေးသွားမယ်လို့
ပြောကြားထားပါတယ်။
ဝန်ကြီးချုပ်
ရှီဂဲရုအီရှီဘကတော့ နိုင်ငံရဲ့စီးပွားရေးပြန်လည်အားကောင်းလာစေရေးဟာ သူ့အဓိက
အလေးပေးဆောင်ရွက်သွားမယ့်ကိစ္စလို့ ပြောကြားထားပေမယ့် စားသုံးခွန်တွေ ပယ်ဖျက်ပေးရေးကိုတော့
လုံးဝငြင်းဆိုထားပါတယ်။ သူကတော့ လူတစ်ဦးချင်းစီတိုင်းကို ငွေသားထောက်ပံ့ပေးသွားရေးဟာ
ပိုမိုထိရောက်ပြီး အချိန်တိုအတွင်းမှာ ဆောင်ရွက်ပေးသွားနိုင်တဲ့ကိစ္စဖြစ်တယ်လို့
ပြောကြားထားပါတယ်။
ရွေးကောက်ပွဲနှင့်
အဓိကနိုင်ငံရေးပါတီများ
အထက်လွှတ်တော်အမတ်တစ်ဦးရဲ့
သက်တမ်းဟာ ခြောက်နှစ်ဖြစ်ပါတယ်။ အောက်လွှတ်တော်ကိုတော့ ဝန်ကြီးချုပ်ဟာ
အချိန်မရွေးဖျက်သိမ်းနိုင်ပေမယ့် အထက်လွှတ်တော်ကိုတော့ ဖျက်သိမ်းနိုင်ခြင်း
မရှိပါဘူး။ အမတ်ဦးရေ ၂၄၈ ဦးရဲ့ ထက်ဝက်ဖြစ်တဲ့ ၁၂၄ ဦးအတွက် သုံးနှစ်တစ်ကြိမ်ရွေးကောက်ပွဲတွေ
ကျင်းပပြုလုပ်ပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ လစ်လပ်ကိုယ်စားလှယ်တစ်ဦးရှိတဲ့အတွက်
စုစုပေါင်း ၁၂၅ နေရာအတွက် ရွေးချယ်သွားဖို့ရှိနေပါတယ်။ အဲဒီအထဲကမှ ၇၅ ဦးကို
မဲဆန္ဒနယ်တွေကနေ ရွေးချယ်သွားဖို့ရှိပြီး ကျန် ၅၀ ကတော့ အချိုးကျကိုယ်စားပြုစနစ်အရ
ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အခုရွေးကောက်ပွဲကို
ဇူလိုင်လ ၂၀ ရက်နေ့ (တနင်္ဂနွေနေ့) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင်လ
၂၁ ရက်နေ့ (တနင်္လာနေ့) ဟာလည်း ဂျပန်နိုင်ငံရဲ့ တရားဝင်ရုံးပိတ်ရက်ဖြစ်တဲ့အတွက်
ရုံးပိတ်ရက်သုံးရက်ဆက်တိုက်ဖြစ်နေတော့ ခရီးထွက်သူတွေများပြားပြီး မဲလာပေးသူဦးရေ (Voter turnout) နည်းပါးမှာကိုလည်း
စိုးရိမ်မှုတွေရှိနေပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၂၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့
အထက်လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးသူဦးရေဟာ မဲပေးနိုင်သူ ဦးရေရဲ့ ၅၂ ဒသမ ၀၅
ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
အာဏာရအယ်လ်ဒီပီပါတီနဲ့
မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ပြည်သူလူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ
ပြုလုပ်တဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် အာဏာရပါတီအတွက် စိတ်ပူပင်စရာဖြစ်ပါတယ်။ သို့သော်လည်း
တစ်ဖက်မှာ အတိုက်အခံနိုင်ငံရေးပါတီတွေအကြား စုစည်းညီညွတ်စွာ
လက်တွဲဆောင်နိုင်ခြင်းမရှိတဲ့အချက်က အာဏာရပါတီအတွက် အခွင့်အလမ်းကောင်းကို
ဖြစ်စေပါတယ်။ အဓိကအတိုက်အခံပါတီကြီးတွေကတော့ ဝန်ကြီးချုပ်ဟောင်း Yoshihiko Noda ဦးဆောင်တဲ့
(Constitutional Democratic Party-CDP)၊ Democratic
Party for the People (DPP)၊ Nippon Ishin (Japan Innovation
Party) နဲ့ ဂျပန်ကွန်မြူနစ်ပါတီတို့ ဖြစ်ပါတယ်။ အာဏာရအယ်ဒီပီပါတီနဲ့
မဟာမိတ်ကိုမေးတိုးပါတီတို့အနေနဲ့ ယခုရွေးကောက်ပွဲမှာ
ဝင်ရောက်ယှဉ်ပြိုင်ရခြင်းအတွက် အကျုံးမဝင်ဘဲဆက်လက်ရှိနေမယ့် အမတ်ဦးရေ က ၇၅
ဦးရှိတဲ့အတွက် ဇူလိုင်လ ၂၀ ရက်နေ့ ရွေးကောက်ပွဲမှာ အမတ်ဦးရေ ၅၀ အနိုင်ရရှိခဲ့မယ်ဆိုရင်
သူတို့ဟာ အထက်လွှတ်တော်မှာ အများစုနေရာကို ဆက်လက်ကိုင်စွဲထားနိုင်မှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment