ညွန့်ဝင်း(နတ်တလင်း)
အာဇာနည်စိတ်ဓာတ်ကို ယနေ့လူငယ်တို့ မှန်ကန်စွာ သိနားလည်ရန်လိုပါသည်။ မြန်မာအဘိဓာန်တွင် “အာဇာနည်ကို အကြောင်းဟုတ်၊ မဟုတ်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်သူ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ မြတ်စွာဘုရားရှင်က ယောက်ျားအာဇာနည်သည် ကိုယ်ကျင့်သီလကောင်းမွန်ခြင်း၊ ဝီရိယကောင်းခြင်း၊ ဉာဏ်ပညာနှင့်ပြည့်စုံခြင်း စသည့်လက္ခဏာများနှင့် ပြည့်စုံရမည်ဟု မိန့်တော်မူခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ကျင့်သီလ၊ လုံ့လဝီရိယနှင့် ဉာဏ်ပညာတို့ကို လူငယ်တို့ သိရှိအတုယူသင့်ပါသည်။
မီးမောင်းထိုးပြ
ဘိုးဘေးဘီဘင်အစဉ်အဆက်က
အခိုင်အမာရပ်တည်ခဲ့သော ကျွန်ုပ်တို့မြန်မာနိုင်ငံကို နယ်ချဲ့တို့က ကျူးကျော်စစ်သုံးကြိမ်ဖြင့်
တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးဆုံးရှုံး၍
သူ့ကျွန်ဘဝတွင် ဖိနှိပ်အုပ်ချုပ်ခံခဲ့ရသည်။ သို့သော်မြန်မာတို့က နယ်ချဲ့တို့ကို
ဒူးထောက်အညံ့မခံဘဲ ပြန်လည်တွန်းလှန်ခဲ့ကြသည်။ “သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊
မှတ်တော်တည်လော့” ဟုဆိုသည့်အတိုင်း အဖိနှိပ်အုပ်ချုပ်ခံကျွန်ဘဝမှလွတ်မြောက်ရေးအတွက်
ရရာလက်နက်ကိုင်စွဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။ အထူးသဖြင့် လူငယ်တို့က ဇာတိသွေး၊
ဇာတိမာန်ထက်သန်ပြည့်ဝစွာဖြင့် နယ်ချဲ့ကို တွန်းလှန်ခဲ့ကြသည်။ အဆင့်ဆင့်၊ အဆက်ဆက်အသက်များ
စတေးခဲ့ကြသည်။ ယင်းသမိုင်းဖြစ်ရပ်များသည် အာဇာနည်စိတ်ဓာတ်နှင့် တိုင်းပြည်အတွက်
လူငယ်များ ကြိုးပမ်းခဲ့ပုံကို မီးမောင်းထိုးပြသကဲ့သို့ ရှိနေပါသည်။
ဗိုလ်ချုပ်နှင့်တကွ
ရဲဘော်သုံးကျိပ်ဝင်များက နယ်ချဲ့ကို မြန်မာ့မြေမှ မောင်းထုတ်နိုင်ရန် ဂျပန်တွင် စစ်ပညာသင်ယူခဲ့ကြသည်။
မြန်မာ့လွတ်မြောက်ရေးတပ်မတော်၊ မြန်မာ့တပ်မတော်ကို တိုင်းချစ်ပြည်ချစ်လူငယ်များနှင့်
ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုမြန်မာ့တပ်မတော်သည် လွတ်လပ်ရေးအတွက် နိုင်ငံရေးနည်းနာများနှင့်
လူထုလှုပ်ရှားမှုအသွင်ဖြစ်အောင် တပ်လှန့်နှိုးဆော် ဆောင်ရွက်နိုင်ခဲ့သည်။
ဗိုလ်ချုပ်နှင့်
ခေါင်းဆောင်များက မိမိတို့၏ အသက်သည် တိုင်းပြည်အတွက်၊ မိမိတို့၏ ခန္ဓာသည် ပြည်သူ့အတွက်၊
မိမိတို့၏ဘဝသည် လွတ်လပ်ရေးအတွက်ဟု ဆုံးဖြတ်ခံယူကာ မနားမနေ
ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့်လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်
နယ်ချဲ့တို့၏ အရှိုက်ကိုထိစေမည့် ပင်လုံစာချုပ်ကို
အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါသည်။ ထိုစာချုပ်က တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးတို့၏
သွေးစည်းညီညွတ်မှုကို အထင်အရှားသက်သေပြနိုင်ခဲ့ပြီး နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံအား
လွတ်လပ်ရေးမပေး၍ မရတော့သည့်အခြေအနေသို့ ဆိုက်ရောက်စေခဲ့သည်။
ဗိုလ်ချုပ်နှင့်တကွ
ခေါင်းဆောင်ကြီးများက လွတ်လပ်ရေးဗိမာန်ကြီးကို တည်ဆောက်ရန် အခိုင်အမာအုတ်မြစ်ချနိုင်ခဲ့လေသည်။
တစ်နှစ်အတွင်း လွတ်လပ်ရေးရရှိရန် ဗိုလ်ချုပ်ကိုယ်တိုင် အင်္ဂလန်သို့သွား၍
အင်္ဂလိပ်နန်းရင်းဝန် မစ္စတာအက်တလီနှင့် တွေ့ဆုံဆွေးနွေးပြီး အောင်ဆန်း - အက်တလီစာချုပ်ကို
ချုပ်ဆိုခဲ့သည်။ သို့သော် မြန်မာပြည်ကို လွတ်လပ်ရေးပေးရန်
တွန့်တိုနေသောနယ်ချဲ့တို့က ပရိယာယ်အလီလီနှင့် ကြံစည်ယုတ်မာခဲ့ကြသည်။ မစားရသည့်အမဲ သဲနှင့်ပက်သည့်အကြံနှင့်
ဗိုလ်ချုပ်နှင့် ခေါင်းဆောင်ကြီးများကို လုပ်ကြံသတ်ဖြတ်ရန် အစီအစဉ်ဆွဲခဲ့သည်။
သူတို့ခိုင်းစေသည့်အတိုင်း လုပ်ကိုင်မည့် နယ်ချဲ့လက်ပါးစေ
ဂဠုန်ဦးစောကိုမက်လုံးပေး၍ ဗိုလ်ချုပ်တို့ကို လုပ်ကြံစေခဲ့သည်။ ထို့ကြောင့်
ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်တို့အတွင်းဝန်ရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဂဠုန်ဦးစော၏
နောက်လိုက်များက ဝင်ရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်သဖြင့် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင်
ကျဆုံးခဲ့ကြရသည်။ အာဏာ ကို ဖြတ်လမ်းမှလုယက်ရန် ကြံစည်ကြိုးစားခဲ့သော
ဂဠုန်ဦးစောသည်လည်း ပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခြင်းခံရသည်။ မြန်မာပြည်ကားလွတ်လပ်ရေး
ပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့သည်။
ဖော်ပြခဲ့သော
သမိုင်းဖြစ်ရပ်များကို လေ့လာသုံးသပ်ကြည့်လျှင် နယ်ချဲ့တို့၏ ကောက်ကျစ်သော
ဉာဏ်နီဉာဏ်နက်များ၊ မြှောက်ထိုးပင့်ကော်လုပ်မှုများ၊ မိမိလူမျိုးအချင်းချင်းအား အိမ်ကြက်ချင်းအိုးမဲသုတ်၍
တိုက်ပေးသလို လုပ်ရပ်များကို တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့တို့၏ လုပ်ရပ်များသည်
ခေတ်စနစ်များ ပြောင်းလဲခဲ့စေကာမူ ယနေ့ခေတ်အခါတွင် အနောက်နိုင်ငံများ၏
သွေးထိုးလှုံ့ဆော်မှု၊ တပည့်မွေးစေခိုင်းမှုများက အသွင်သဏ္ဌာန်ပုံစံသာ
ကွဲပြားချင်ကွဲပြားမည်။ အနှစ်သာရကမူ အတူတူပင်ဖြစ်သည်။ ယနေ့လူငယ်တို့သည် သမိုင်းမှန်ကို
သိရှိရန်လိုအပ်သကဲ့သို့ တိုင်းတစ်ပါး၏ သွေးထိုးလှုံ့ဆော်မှုပုံစံအမျိုးမျိုးကို
အသိပညာဉာဏ်ပါသော မျက်စိ၊ နား၊ ဦးနှောက်တို့နှင့် မြင်နိုင်၊ ကြားနိုင်၊
တွေးတောဆင်ခြင်နိုင်အောင် ကြိုးစားရမည်။ အချင်းချင်း မသင့်မမြတ်ဖြစ်ကာ ပြည်တွင်းစစ်မီးမွှေးပေးရေးသည်
ခေတ်သစ်နယ်ချဲ့တို့၏ ပရိယာယ်ဖြစ်ကြောင်း သိသင့်သည်။
မက်လုံးများပေး၍
ဥပဒေကိုချိုးဖောက်ရန်စေခိုင်း
လူငယ်များ
အတွေးမှား၊ အမြင်မှားဖြင့် လုပ်ရပ်အမှားများ ကျူးလွန်လာအောင် အယောင်ပြမက်လုံးများပေး၍
ဥပဒေကိုချိုးဖောက်ရန်စေခိုင်းမှုများကို ပညာဉာဏ်ဖြင့် ချင့်ချိန်သင့်ပါသည်။ သမိုင်းကြောင်းကို
နားမလည်၍ တွေးခေါ်ချင့်ချိန်နိုင်မှုအားနည်းသော လူငယ်အချို့ကို အမျိုးမျိုးစည်းရုံးသိမ်းသွင်းလျက်
နိုင်ငံတော်ဥပဒေကို ပုန်ကန်ခြားနားစေကာ အာဇာနည်များဟု ကင်ပွန်းတပ်မြှောက်ပင့်ပေးမှုများသည်
အတုအယောင်သာဖြစ်ကြောင်း သိနားလည်သင့်ကြသည်။ အမိနိုင်ငံအတွက်၊ အမိလူမျိုးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်
လူငယ်များက အသိမှန်၊ အမြင်မှန်နှင့် ယှဉ်တွဲဆောင်ရွက်နိုင်မှသာ တိုင်းပြည်နှင့်
ပြည်သူတို့၏ အာဇာနည်များ ဖြစ်လာကြမည်ဧကန်ပင်။
လူငယ်များ၏
မူလစိတ်ရင်းသည် အမှန်တရားကို မြတ်နိုးသည်။ စူးစမ်းလိုစိတ်ပြင်းပြသည်။
စွန့်စားလိုစိတ်ဖြင့် မြူးကြွနေသည်။ ရဲရင့်သွက်လက် ထက်မြက်လျက်ရှိသည်။
လူငယ်များသည် အနာဂတ်နိုင်ငံတော်တာဝန်ကို နောင်တစ်ချိန်တွင် ပခုံးပြောင်းတာဝန်ယူမည့်သူများဖြစ်ရာ
အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည်
ယနေ့လူငယ်များ၏ မျိုးချစ်စိတ်အပေါ်တွင် များစွာတည်မှီနေပါသည်။ မျိုးချစ်စိတ်ရှိသော
လူငယ်များကသာ တိုင်းပြည်နှင့် လူမျိုးတိုးတက်ရေး၊ လွတ်လပ်ရေးအဓွန့်ရှည်ကြာ
တည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
လွတ်လပ်ရေးကို
လူငယ်ခေါင်းဆောင်များက ကြိုးပမ်းရယူပေးနိုင်ခဲ့သည့်အပြင် လွတ်လပ်ရေးရပြီးနောက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လွတ်လပ်ရေး ထိန်းသိမ်းရေးတာဝန်များကို လူငယ်များကပင်
ခေတ်အဆက်ဆက် လက်ဆင့်ကမ်းတာဝန်ယူခဲ့ကြသည်။ ဤသို့ အသက်သွေးချွေးများစွာ စတေးပေးဆပ်၍
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ ခြင်းကြောင့် ကမ္ဘာ့မြေပုံတွင် မြန်မာဟူသော
နယ်နိမိတ်တစ်ခု အထင်အရှားရှိနေခြင်းပင်ဖြစ်သည်။ ထိုနယ်နိမိတ်ကို
ဆက်လက်တည်မြဲခိုင်ခံ့စေရန်၊ အမိမြေကို တစ်လက်မမျှပင် ကျူးကျော်မခံရစေရန်
ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးသည် ယနေ့လူငယ်များ၏ တာဝန်ဖြစ်ပါသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို
အလေးထားဆောင်ရွက်
မကြာသေးမီက
ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြု၍ လူငယ်များကို နှစ်အကန့်အသတ်ဖြင့်
စစ်မှုထမ်းရန်ခေါ်ယူပြီး သင်တန်းဖွင့်လှစ်ကာ စစ်ပညာများ သင်ကြားဆောင်ရွက်ပေးနေပြီ
ဖြစ်သည်။ ဤသို့ ဆောင်ရွက်ပေးခြင်းသည် လူငယ်များတိုင်းချစ်၊
ပြည်ချစ်စိတ်ဓာတ်ခိုင်မာ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အလေးထားဆောင်ရွက်တတ်စေရန်ဖြစ်ပါသည်။
လူငယ်များ စစ်မှုထမ်းသဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများမှာ များပြားလှပါသည်။
နိုင်ငံ့သားကောင်းတစ်ယောက်အနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်ခြင်း၊ တပ်မတော်၏
မူဝါဒများကို နားလည်ပြီး တပ်မတော်သားများအပေါ် စာနာနားလည်နိုင်ခြင်း၊ လူနှင့်
လူ့အဖွဲ့အစည်းကို ခွဲခြားသိမြင်ခြင်း၊ ခေါင်းဆောင်မှုနှင့်အတူ အဖွဲ့လိုက်
ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ စီမံခန့်ခွဲတတ်ခြင်းနှင့် စည်းကမ်းလိုက်နာတတ်ခြင်း
စသောပညာရပ်များက လူငယ်ထုအတွင်း ကိုယ်ရည်ကိုယ်သွေးအဖြစ် ဖြစ်တည်သွားမည်ဖြစ်ပါသည်။
ထို့ပြင်
တပ်မတော် ရှေးရှုသွားနေသော လမ်းကြောင်းကို သိသွားကြမည်။ တပ်မတော်သား တစ်ဦး၏
တန်ဖိုး၊ တပ်မတော်အဖွဲ့အစည်း၏ တန်ဖိုးတို့ကိုသိရှိကာ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးပြေလည်သွားပြီး
နောင်ဆယ်စုနှစ်တစ်ခုအတွင်း တပ်မတော်နှင့် ပြည်သူတစ်သားတည်း ဖြစ်သွားပေလိမ့်မည်။
အကြမ်းဖက်သောင်းကျန်းသူများက
ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို
ထိပါးစော်ကားသည့်လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။ ထိုလုပ်ရပ်များကို တားဆီးဖြိုဖျက်ရန်
နိုင်ငံသားလူငယ်တိုင်းက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်
တာဝန်ရှိပါသည်။ ထိုတာဝန်ကို ကျေပွန်ရန် တိုင်းပြည်အတွင်းရှိ လူငယ်စွမ်းအားစုများ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်
တစ်ခုတည်းသောနည်းလမ်းမှာ အမျိုးသားစစ်မှုထမ်းစနစ် (National Service)ပင် ဖြစ်သည်။
ထိုအမျိုးသားစစ်မှုထမ်းစနစ်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဟန်ချက်ညီညီဖြင့် ရေရှည်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ထို့ကြောင့်
လူငယ်နိုင်ငံသားတိုင်းသည် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ၏အန္တရာယ်ကို အစဉ်အမြဲကာကွယ်စောင့်ရှောက်နိုင်ရန်
တပ်မတော်ကို အားဖြည့်ကူညီသည့် ပြည်သူ့စစ်မှုထမ်းခြင်းကို ပါဝင်ဆောင်ရွက်ခြင်းဖြင့်
နိုင်ငံသားကောင်းတို့၏ တာဝန်ကို ကျေပွန်ကြရပါမည်။
နိုင်ငံတစ်နိုင်ငံကို
နိုင်ငံသားများ၏ မျိုးချစ်စိတ်ဖြင့်သာ တည်ဆောက်နိုင်သည်။ မျိုးချစ်စိတ်မရှိသူသည် နိုင်ငံ၏
အမှိုက်သရိုက်ပင်ဖြစ်ပါသည်။ ထို “အမှိုက်မှစ၍ ပြာသာဒ်မီးလောင်” နိုင်ပါသည်။
မျိုးချစ်စိတ်ရှိသူမှာ နိုင်ငံတော်အတွက် မြတ်လှသော အမြုတေရတနာပင် ဖြစ်ပါသည်။
သို့ဖြစ်ရာ လူငယ်များသည် အမေကျော်ထွေးတော်မလွမ်းဘဲ နိုင်ငံတော်လွတ်လပ်ရေး၊ ယဉ်ကျေးမှုနှင့်
အမျိုးဘာသာသာသနာကို ထိန်းသိမ်းကာကွယ်ရန် အာဇာနည်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သူများဖြစ်အောင်
ကြိုးပမ်းသွားရမည်ဖြစ်ပေသည်။ ။
No comments:
Post a Comment