စောနိုင် (အသုံးချဘောဂဗေဒ)
ကမ္ဘာ့သမိုင်းတစ်လျှောက် နိုင်ငံအသီးသီးသည် ၎င်းတို့၏ လူမှုရေးပုံစံ၊ ကျင့်သုံးသည့် နိုင်ငံရေးစနစ်အပေါ်မူတည်၍ စီးပွားရေးအသွင်သဏ္ဌာန်၊ စီးပွားရေးစနစ်အမျိုးမျိုးကို ကျင့်သုံးခဲ့ကြသည်။ ထိုသို့နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအသွင်သဏ္ဌာန် အပြောင်းအလဲများနှင့်အတူ ပညာရှင်များ၏ နိုင်ငံ့စီးပွားရေးအတွေးအခေါ်၊ အယူအဆများသည်လည်း ပြောင်းလဲဖြစ်ပေါ်မှုများ ရှိခဲ့သည်။
အကျိုးဆက်မှာ
အရင်းရှင်စနစ်၊ စီမံကိန်းစနစ်၊ ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်၊
ဆိုရှယ်လစ်စီးပွားရေးစနစ်၊ ကွန်မြူနစ်စီးပွားရေးစနစ်၊ ဈေးကွက်စနစ်
စသဖြင့်အမည်နာမအမျိုးမျိုး တပ်ထားသော ကွဲပြားခြားနားသည့် စီးပွားရေးအဆောက်အအုံဖွဲ့စည်းမှုနည်းလမ်းများ
ပေါ်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ကျင့်သုံးခဲ့/ကျင့်သုံးဆဲစီးပွားရေးစနစ်များ၊
ပုံသဏ္ဌာန်စီးပွားရေးစနစ်များကို လေ့လာရာတွင် စီးပွားရေးအရင်းအမြစ်များ
ပိုင်ဆိုင်မှု၊ ခွဲဝေသုံးစွဲမှု၊ စီးပွားရေးဆိုင်ရာဆုံးဖြတ်မှုတို့အရ ကွာခြားသွားကြသည်ကို
တွေ့ရသည်။
ကမ္ဘာပေါ်တွင်ကျင့်သုံးခဲ့ကြသည့်
စီးပွားရေးစနစ်ပုံသဏ္ဌာန်များကို လေ့လာ၍ ပညာရှင်များ၊ သုတေသီများက ရိုးရာအစဉ်အလာအရ
ဆောင်ရွက်သော စီးပွားရေးစနစ်၊ အမိန့်ပေးစီးပွားရေးစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ဟု
ယေဘုယျအားဖြင့် သုံးမျိုးရှိသည်ဟု ဆိုကြသည်။ အမိန့်ပေးစီးပွားရေးစနစ် (Command Economic System) သည် အစိုးရ၏ စီးပွားရေးအဆောက်အအုံအတွင်းရှိ စီးပွားရေးလုပ်ဆောင်ချက်များ၊
စီးပွားရေးအရင်းအမြစ်များအားလုံးကို ဗဟိုကချုပ်ကိုင်ထားသည့် စနစ်ဖြစ်ပြီး ဈေးကွက်စီးပွားရေးစနစ်
(Market Economic System) မှာ အရင်းပိုင်ဆိုင်မှု၊
ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ကို အထူးအလေးထားပြီး ဈေးကွက်ကို ဦးစားပေးသည့် စနစ်ဖြစ်သည်။
ထို့ပြင် အစိုးရပါဝင်မှုအယူအဆနှင့် ဈေးကွက်ဦးစားပေး အယူအဆနှစ်ခုတို့ကို
ပေါင်းစပ်ထားသော ရောပြွမ်းစီးပွားရေးပုံစံကိုလည်း အသုံးများလာသော စီးပွားရေးပုံစံတစ်ခုအဖြစ်
ထည့်သွင်းမှတ်တမ်းတင်ထားကြသည်ကို တွေ့ရှိရသည်။
လက်တွေ့ကမ္ဘာထဲက
စီးပွားရေးစနစ်
သုတေသီအချို့ကမူ
စီးပွားရေးအအောက်အအုံ (ဈေးကွက်) အတွင်း ဈေးကွက်အင်အားစုများကို လုံးဝလွတ်လပ်စွာ
လုပ်ဆောင်ခွင့်ပြုထား သည့် ဈေးကွက်စနစ် (Pure Market System) နှင့် အမိန့်ပေးစနစ်ကို
လုံးလုံးလျားလျား အသုံးပြုထားသည့် အစိုးရက ဗဟိုမှချုပ်ကိုင်စီမံဆောင်ရွက်နေသော စီးပွားရေးစနစ်
(Pure Command System) တို့ကို ကမ္ဘာပေါ်၌ မည်သည့်နိုင်ငံကမှ
လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိဟုဆိုကြသည်။ လက်တွေ့အခြေအနေတွင် ဈေးကွက်အင်အားစုများကို
လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုထားပြီး ဈေးကွက်က မစွမ်းဆောင်နိုင်သော နယ်ပယ်များ၌
အစိုးရပါဝင် လုပ်ကိုင်သည့် အခြေအနေမျိုးကို အများဆုံးတွေ့ရသည်။ ဈေးကွက်လည်ပတ်မှုနှင့်
အစိုးရပါဝင်မှုကဏ္ဍကို သင့်လျော်စွာ ပေါင်းစပ်ကျင့်သုံးသည့် ရောစပ်စီးပွားရေးခေါ်
ရောပြွမ်းစီးပွားရေးစနစ် (Mixed Economic System) သည် လက်တွေ့အလုပ်ဖြစ်သော
စီးပွားရေးစနစ်ဟု ဆိုကြခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင်
အရင်းရှင်စနစ်သည် တစ်စတစ်စဖြစ်ပေါ်ပြောင်းလဲလာခဲ့သည်။ လက်ဝါးကြီး အရင်းရှင်ဝါဒ၊ ထိုမှတစ်ဆင့်
တိုးတက်ထွန်းကားလာသော စက်မှုနည်းပညာများ၊ အားကောင်းလာသော ပိုလျှံလာသည့်
ကုန်ထုတ်လုပ်မှုများနှင့်အတူ နယ်ချဲ့အရင်းရှင်ဝါဒသို့ အသွင်ပြောင်းလာခဲ့သည်။ စီးပွားရေးလောဘကြီးမားလာသော
အရင်းရှင်တို့ကြောင့် အလုပ်သမားလူတန်းစားတို့၏ လူမှုဒုက္ခပိုမိုဆိုးရွားလာခဲ့သည်။ ကြီးထွားလာသော
အရင်းရှင်ဝါဒတွန်းအားကြောင့် မြေယာနယ်ပယ်သစ်ရှာဖွေနယ်ချဲ့မှုများလည်း ဖြစ်လာခဲ့သည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးများသည် အရင်းရှင်စနစ်ကျင့်သုံးသည့်နိုင်ငံများ
အပြိုင်အဆိုင် နယ်ပယ်ချဲ့မှုများကြောင့် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်ဟု သုတေသီများက
ကောက်ချက်ချထားကြသည်။
ဒုတိယကမ္ဘာစစ်မတိုင်ခင်က
နိုင်ငံငယ်များအကြား နာမည်ဆိုးရခဲ့သော အရင်းရှင်စနစ်သည် ယနေ့ကမ္ဘာပေါ်တွင်
လူကြိုက်များလာသော ဈေးကွက်စနစ်၏ အခြေခံသဘောတရား၊ အယူအဆများနှင့် အခြေခံအားဖြင့်
တူညီသည်။ ထို့ကြောင့် ယနေ့ဈေးကွက်စနစ်သည် အရင်းအနှီးပိုင်ဆိုင်မှုကို အဓိကထား၍
လွတ်လပ်သော ဈေးကွက်လှုပ်ရှားမှုကို အခြေခံသည့် ဈေးကွက်အရင်းရှင်စနစ်ဟုပင်ဆိုရမည်။
ယနေ့နိုင်ငံများ
ကျင့်သုံးနေသော ဈေးကွက်စနစ်သည် ဆိုရှယ်လစ်ဝါဒီတို့ ယခင်က မနှစ်မြို့ခဲ့သည့်
အရင်းရှင်စနစ်မဟုတ်။ လူ့အဖွဲ့အစည်းကို တစ်ဖက်စောင်းနင်းဆိုးရွားသော အခြေအနေများကို
ဖြစ်စေသည့် စနစ်မျိုးမဟုတ်ပေ။ အလုပ်ရှင်နှင့် အလုပ်သမားအခွင့်အရေးများ
သတ်မှတ်ပေးထားသော၊ ထုတ်လုပ်သူနှင့် စားသုံးသူများဥပဒေနှင့်အညီ လွတ်လပ်စွာလှုပ်ရှားခွင့်ရှိသော၊
လက်ဝါးကြီးအုပ်မှုကို လက်မခံသော၊ တရားမျှတစွာ ယှဉ်ပြိုင်မှုကို ဖြစ်စေသော၊ ဈေးကွက်၏
လွတ်လပ်စွာလှုပ်ရှားမှုကို အင်စတီကျူးရှင်းများဖြင့် ထိန်းကျောင်းပေးထားသောစနစ်ဖြစ်ပေသည်။
ဗိုလ်ချုပ်၏
အရင်းရှင်ဝါဒအပေါ် သဘောထား
ရှေးဘုရင်များလက်ထက်
ပဒေသရာဇ်ခေတ်လူနေမှုစနစ်တွင် မြန်မာ့စီးပွားရေးသည် မြေယာပေါ်တွင် အဓိကမူတည်နေသည်ဟု
နားလည်လက်ခံထားသည့် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရရှိပြီးပါက မြန်မာနိုင်ငံတွင်
ပုံဖော်ကျင့်သုံးမည့် စီးပွားရေးစနစ်များနှင့် ပတ်သက်၍လည်း ကြိုတင်စဉ်းစားထားချက်များ
ရှိခဲ့သည်ကို ၎င်း၏ ပြောဆိုချက်များ၊ မိန့်ကြားချက်များတွင် တွေ့မြင်သိရှိနိုင်သည်။
ဗိုလ်ချုပ်၏
မိန့်ခွန်းများထဲ၌ အရင်းရှင်စနစ်၏အမည်ကို တွင်တွင်သုံးထားပြီး အရင်းရှင်စနစ်၏ ဆိုးကျိုးများကို
မကြာခဏသုံးသပ်ဖော်ထုတ်ပြောဆိုမှုများ ရှိခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁၇
ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံ၊ ဇန်နဝါရီလ
၂၀ ရက်နေ့တွင် ဖဆပလဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းရှည်ကြီးထဲ၌
အရင်း ရှင်ဝါဒနှင့် ပတ်သက်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။
“….နယ်ချဲ့ဝါဒ၊ အရင်းရှင်ဝါဒတို့ကို လိုက်နေသရွေ့ကာလပတ်လုံးအလုပ်လက်မဲ့ပြဿနာ၊
နေထိုင်စားသောက်မှု ချောင်ချိရေးပြဿနာစသော စီးပွားရေး၊ ကြီးပွားရေးပြဿနာတို့ကို
ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ပေ။ သို့အတွက် စီးပွားရေး၊ ဘဏ္ဍာရေးနယ်တွင်
နိုင်ငံအသီးသီးကောင်းကျိုးအတွက် လွတ်လပ်စွာ ပူးပေါင်းဆက်ဆံမှုကို ကျွန်ုပ်တို့
အားပေးရပေလိမ့်မည်။ ၎င်းနှင့် ဆန့်ကျင်လျှင်ရှုတ်ချရပေလိမ့်မည်။ ....” ဟု
ထည့်သွင်းပြောဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက
အရင်းရှင်စနစ်ကြောင့် ကြုံတွေ့လာရသည့် လူမှုဒုက္ခများကို လေ့လာသိရှိထားသည့်အလျောက်
အရင်းရှင်စနစ်ကို မနှစ်သက်၊ အရင်းရှင်ကြီးများကို မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းမှ
ဖယ်ရှားရန် အမှန်ပင်စိတ်ကူးရှိခဲ့သည်။ ထို့ကြောင့်လည်း
ပြည်သူလူထုအကျိုးစီးပွားအတွက် နိုင်ငံအတွင်းရှိ အရေးပါသောလုပ်ငန်းများကို အစိုးရကိုယ်တိုင်
လုပ်ကိုင်နိုင်မည့် ပြည်သူပိုင်ပြုလုပ်ရန်လည်း ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏
မြန်မာ့စီးပွားရေးနှင့် ပတ်သက်၍ အယူအဆသဘောထားများ
၁၉၄၇
ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အင်္ဂလန်သို့သွားရန်
အကြောင်းဖန်လာသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့မှ
ထွက်ခွာ၍ ပထမဦးစွာအိန္ဒိယနိုင်ငံနယူးဒေလီမြို့သို့ ဦးတည်သွားခဲ့သည်။ နယူးဒေလီမြို့တွင်
ဇန်နဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ အိန္ဒိယဝန်ကြီးချုပ်နေရူး၏ အိမ်တွင် ခေတ္တတည်းခိုခဲ့၍
နိုင်ငံရေးကိစ္စများ ဆွေးနွေးမှုတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၅ ရက်နေ့တွင်
အင်္ဂလန်သို့ သွားရောက်သည့်ကိစ္စ၊ ရည်ရွယ်ချက်များ၊ အိန္ဒိယနိုင်ငံရေးအခြေအနေများနှင့်
ပတ်သက်၍ အဆိုပါမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ သတင်းထောက်များ၏
မေးမြန်းမှုများကို ဖြေကြားရင်းမြန်မာနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ကူးသန်းရေးတို့နှင့်
ပတ်သက်၍ အောက်ပါအတိုင်း ထည့်သွင်းပြောကြားမှုများ ရှိခဲ့သည်။
“... ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စီးပွားကုန်သွယ်ကူးသန်းရောင်းဝယ်ရေး၏
အချက်အချာအရေးကြီးသော သော့ချက်ဖြစ်သည့် စက်မှုလုပ်ငန်းရပ်များ၊ ရေနံထုတ်လုပ်ရေး
စသည့်လုပ်ငန်းရပ်များကိုရော နိုင်ငံတော်အတွက် အကျိုးအမြတ်ရှိမည့်
လုပ်ငန်းရပ်မှန်သမျှကိုပါ နိုင်ငံတော်ပိုင်ပြုလုပ်ရန် ရပ်တည်ရည်မှန်းထားပါကြောင်း၊
မြန်မာနိုင်ငံတော်အတွင်း လယ်ပိုင်မြေပိုင်ရှင်စနစ်ကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း………”
၁၉ -
၅ - ၁၉၄၇ ရက်နေ့ ဂျူဗလီဟောတွင်ပြုလုပ်သည့် ဖဆပလပဏာမပြင်ဆင်မှုညီလာခံ၌
ပြောကြားခဲ့သော မိန့်ခွန်းထဲတွင်လည်း ပြည်သူပိုင်ကိစ္စအကြောင်း
ထည့်သွင်းပြောကြားခဲ့ပြန်သည်။ ထိုညီလာခံတွင် စစ်မှန်သည့် ဒီမိုကရေစီအဆင့်အတန်းသို့
ရောက်ရှိစေရန် ချမှတ်ရမည့် အခြေခံမူများကို ပြောကြားရာ၌ “အရေးကြီးသည့်
စက်မှုလက်မှုလုပ်ငန်းတွေကို အစိုးရကသိမ်းနိုင်ရမယ် သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်”
ဟူသော အချက်နှင့် ပတ်သက်၍ “…ပထမအချက်သဘောကတော့ ကုန်ပစ္စည်းထုတ်လုပ်နည်း (Means of Production) များတွင် အချက်အချာဖြစ်တဲ့ သစ်တော၊ သတ္တု အစရှိတဲ့မြေပေါ်ပစ္စည်း၊
မြေတွင်းပစ္စည်းများ၊ ရေတွင်းရေပေါ် သက်ဆိုင်ရာများ၊ သဘာဝအား၊ လျှပ်စစ်ဓာတ်အား၊ မီးရထား၊
လေကြောင်းသွားလာရေး၊ စာပို့တိုက်၊ သံကြိုး၊ စကားပြောကြေးနန်း၊ အသံလွှင်ရုံတို့ဟာ
တိုင်းပြည်ရဲ့ကိုယ်စား အစိုးရပိုင်ဖြစ်ရလိမ့်မယ်။ တခြားပစ္စည်းလုပ်ငန်းတွေကိုလည်း
တတ်နိုင်သမျှ ပြည်သူ့သမဝါယမအသင်းများက ပိုင်ဆိုင်အောင် ကြိုးစားရလိမ့်မယ်။
အစိုးရသိမ်းသမျှ ပစ္စည်းလုပ်ငန်းများကို အစိုးရကိုယ်တိုင်လုပ်နိုင်ရင်လုပ်၊
မလုပ်နိုင်သေးရင် အခြားလူတွေကို ငှားရမ်းတဲ့ သဘောသာဖြစ်ရလိမ့်မယ်။” ဟုလည်း
ပြောကြားထားခဲ့သည်ကိုလည်း တွေ့ရသည်။
ဗိုလ်ချုပ်၏
ပြောကြားချက်ထဲတွင် ကုန်သွယ်ရေးကဏ္ဍအတွက် အရေးပါသည့် စက်မှုလုပ်ငန်းများ၊ အခြားအရေးကြီးသောလုပ်ငန်းများ၊
မြေပေါ်အောက်၊ ရေပေါ်ရေအောက် ဓာတ်သတ္တုများ၊ လျှပ်စစ်ဓာတ်အား၊ မီးရထား၊
လေကြောင်းသွားလာရေး၊ စာပို့တိုက်၊ သံကြိုး၊ စကားပြောကြေးနန်း၊ အသံလွှင်ရုံတို့
စသည့်တိုင်းပြည်အတွက် အရေးကြီးသော၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေသည့်
လုပ်ငန်းမှန်သမျှနိုင်ငံပိုင်ခေါ် ပြည်သူပိုင်ပြုလုပ်မည်ဟု ဆိုထားသဖြင့်
လုပ်ငန်းကြီးများကို အရင်းအနှီးများစွာရှိသည့် ပုဂ္ဂလိကအရင်းအနှီးပိုင်ရှင်များ
၎င်းတို့ တစ်ဦး၊ တစ်ဖွဲ့တည်း လက်ဝါးကြီးအုပ်လုပ်ကိုင်နေသည်ကို လက်မခံနိုင်၊ မြေဧကများစွာ
လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်စနစ်ကိုလည်း ပြင်ဆင်ပြောင်းလဲမည့်
သဘောထားများကို တွေ့ရသည်။
အကယ်၍
အစိုးရကိုယ်တိုင်မလုပ်နိုင်သေးပါက ပုဂ္ဂလိကလုပ်ငန်းရှင်များကို
ငှားရမ်းလုပ်ကိုင်စေသည့်စိတ်သဘောလည်း ရှိနေသည်ကို တွေ့ရပါသည်။ ဗိုလ်ချုပ်၏
ထိုသို့ပြောဆိုမှုများသည် တစ်ဦးတစ်ဖွဲ့ချင်းအကျိုးစီးပွားထက် ပြည်သူလူထုအားလုံးအကျိုးစီးပွား၊
မျှဝေခံစားနိုင်မှုအပေါ် အလေးထားကြောင်း ပေါ်လွင်လျက်ရှိသည်။
ထို့ပြင်
ဗိုလ်ချုပ်သည် တိုင်းပြည်ကောင်းစားရေး၊ ပြည်သူလူထုအားလုံး
အကျိုးစီးပွားမျှဝေခံစားနိုင်ရေးကို ရှေးရှုသည့် ဗဟိုမှ စီမံကိန်းချစီးပွားရေးစနစ်ကို
အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်းကိုလည်း ၁၃-၇-၁၉၄၇ ရက်နေ့
ရန်ကုန်မြို့တော်ခန်းမကြီး၌ ကျင်းပခဲ့သည့် ပြည်သူ့အစည်းအဝေးကြီး၌ “…ဒီတော့
ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည်ထူထောင်ကြမယ်ဆိုလို့ရှိရင်လည်း Natio-nal Planning လို့ခေါ်တဲ့
အဲဒီစီမံကိန်းမျိုးတွေနဲ့ မလုပ်ဘဲနဲ့ ဘယ်နည်းနဲ့မှ ကျွန်တော်တို့
တိုင်းပြည်ဟာ မကြီးပွားနိုင်ဘူး၊ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သတိရှိစေချင်တယ်”
ဟု ထပ်မံထည့်သွင်းပြောကြား ထားခဲ့ပါသည်။
ဗိုလ်ချုပ်၏
ချင့်ချင့်ချိန်ချိန် သဘောထား
ဖော်ပြခဲ့သော
မိန့်ခွန်းများ၊ အာဘော်များကို အကဲခတ်၍ ဗိုလ်ချုပ်အောင်ဆန်းသည် အရင်းရှင်စနစ်ကို
ပယ်ဖျက်မည်၊၊ လွတ်လပ်ရေးရပြီးသည်နှင့် ပြည်သူပိုင်၊ နိုင်ငံပိုင်လုပ်ငန်းများအဖြစ်
အသွင်ပြောင်းမည်၊ အစိုးရကဗဟိုမှ စီမံကိန်းချသည့် စနစ်ကို ချက်ချင်းအကောင်အထည်ဖော်လိမ့်မည်ဟု
ကောက်ချက်ချကြပေလိမ့်မည်။ သို့သော် ဗိုလ်ချုပ်သည် လက်တွေ့ဖြစ်ပေါ်နေသော
အခြေအနေများကို လျစ်လျူရှုလျက် မိမိယုံကြည်လက်ခံသည့် အယူအဆကိုသာ တဇွတ်ထိုး၊
အစွန်းရောက်သဘောထားဖြင့် အကောင်အထည်ဖော်မည့် စိတ်ထားမရှိသူ၊ ဆိုရှယ်လစ်ဝါဒကို
အသေဆုပ်ကိုင်လျက် အရင်းရှင်ဝါဒ၊ အရင်းရှင်စနစ်ကို ချက်ချင်းအမြစ်ဖြတ်ဖယ်ရှားမည့် စိတ်မျိုးမရှိသူ၊
မိမိတို့ ဦးတည်သည့်ပန်းတိုင် (နိုင်ငံနှင့် ပြည်သူလူထုအကျိုးစီးပွားဖြစ်ထွန်းမှု) ရောက်ရှိရေးအတွက်
တည်ရှိနေပြီးသော အရင်းရှင်စနစ်ကို ဆက်လက်မကြီးထွားစေဘဲလိုအပ်သလို အကျိုးရှိရှိ
အသုံးချသွားမည့် ချင့်ချိန်ဆောင်ရွက်တတ်သော သဘောထားရှိသူ ဖြစ်သည်ကိုလည်း အောက်တွင်
ဖော်ပြထားသော ၎င်း၏ ပြောစကားအချို့က သက်သေပြနေပေသည်။
“……အရင်းရှင်ဝါဒသည်
အခါခပ်သိမ်းမလိုလားအပ်သည်ဟု ကျွန်ုပ်မထင်ကြောင်း၊ အချိန်ကာလအားဖြင့်
ကျွန်ုပ်တို့ပြည်မှာ ရှေ့သို့တစ်လှမ်းမတက်နိုင်မီ ထိုအရင်းရှင်ဝါဒထဲမှာပင်
လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း၊ သို့သော် အရင်းရှင်စနစ်ကို အနောက်နိုင်ငံများကဲ့သို့
တရားလွန်ဖွံ့ဖြိုးလာရန် မလုပ်သင့်ကြောင်း၊…..”(၁၉၄၇ ခုနှစ် မတ်လ ၁ ရက်နေ့က မြန်မာပြည်
အင်္ဂလိပ်ကုန်သည်ကြီးများအသင်း၌ ပြောကြားခဲ့သည့် မိန့်ခွန်းမှ)
“……..အမှန်တော့
ကျွန်တော်တို့ ဗမာပြည်မှာ ဆိုရှယ်လစ်စနစ်ကို ကျွန်တော်တို့ ဘယ်လောက်ပဲ
ထူထောင်ချင်ပေမယ့် အခုဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးအခြေအနေအရ ဘယ်နည်းနဲ့မှ မဖြစ်နိုင်သေးဘူး။
ကျုပ်တို့ပြည်မှာ အရင်းရှင်စနစ်ဆိုတာတောင် ကောင်းကောင်းမရှိသေးဘူး။ အရင်းရှင်စနစ်ထက်
နောက်တစ်ဆင့်ကျတဲ့ စီးပွားရေးစနစ်မှာ ကျုပ်တို့ရောက်နေတယ်။ ဒီတော့ကျုပ်တို့ဟာ
အရင်းရှင်စနစ်ကို မလွှဲမရှောင်သာလို့ ခွင့်ပြုသင့်သလောက်ခွင့်ပြုရမှာပဲ။ ဒါပေမယ့်
ကျွန်တော်တို့ဟာ အရင်းရှင်စနစ်ကို မတတ်သာလို့ခွင့်ပြုရပေမယ့် တတ်နိုင်သမျှ ချုပ်ချယ်ရလိမ့်မယ်။
ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေဆိုရင် အများအကျိုးကို မထိခိုက်စေရဘူး ....”(၁၉-
၅- ၁၉၄၇ ရက် နေ့၊ ဂျူဗလီဟော ဖဆပလပဏာမပြင်ဆင်မှုညီလာခံတွင် ပြောကြားခဲ့သည့်
မိန့်ခွန်းမှ)
ဗိုလ်ချုပ်သည်
လုပ်ငန်းများကို အရင်းရှင်ကြီးများ၏ လက်ဝယ်တွင် မထားရှိဘဲ ပြည်သူလူထုအကျိုးစီးပွားအတွက်
အစိုးရကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပြည်သူပိုင်သိမ်းရမည်ဆိုသည့်တိုင် တိုင်းရင်းသားလုပ်ငန်းရှင်များကို
ထိခိုက်ပျက်စီးစေလိုသည့် ဆန္ဒမရှိပေ။ တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းများ
အခြေတည်မြဲ၍ ဖွံ့ဖြိုးလာစေရန်အတွက်လည်း အားပေးလိုသည့် စိတ်နေသဘောထားရှိသည်ကို
၎င်း၏ မိန့်ခွန်းထဲတွင် အထင်အရှားတွေ့နေရပေသည်။
“ပရောဂျက်များသည်
ပြည်သူပိုင်လုပ်ငန်းနှင့် တူသလိုရှိနေသော်လည်း တိုင်းရင်းသားလုပ်ငန်းများကို အားပေးမည့်အစားအသေသတ်နေပုံရကြောင်း၊
ကျွန်ုပ်၏ဝါဒမှာ အများပြည်သူတို့ အကျိုးပိုရှိလာအောင်သာ ထိုလုပ်ငန်းများကို
ပြည်သူပိုင်လုပ်ငန်းဖြစ်စေလိုကြောင်း၊ တိုင်းရင်းသားလုပ်ငန်းဌာန
ပျက်စီးအောင်လုပ်ဖို့ကား ကျွန်ုပ်သဘောမတူနိုင်ကြောင်း၊
တိုင်းရင်းသားလုပ်ငန်းတို့ကို အစိုးရကအခြေတည်မြဲရန်နှင့် အားပေးရန်လိုသည်ဟု
ကျွန်ုပ်ထင်မြင်ကြောင်း။” (၁-၃-၁၉၄၇ ရက်နေ့က မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများအသင်း၌
ပြောကြားခဲ့သည့် မိန့်ခွန်းမှ)
ပုဂ္ဂလိကလုပ်ငန်းများနှင့်
ပတ်သက်၍ ၁၆ - ၅ - ၁၉၄၆ ရက်နေ့တွင် ပြုလုပ်သော ဖဆပလအဖွဲ့ချုပ်ကြီး၏ အမှုဆောင်ကောင်စီ
ဒုတိယအကြိမ် အစည်းအဝေးတွင် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည့် မိန့်ခွန်းထဲ၌လည်း
..။
“ဖဆပလအဖွဲ့ကြီး၏
ပထမအကြိမ်ညီလာခံက သဘောတူချမှတ်ခဲ့သော ကျွန်ုပ်တို့၏ စီးပွားရေးနှင့်
လူမှုရေးမူဝါဒသည် လုံးဝရှင်းပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးနှင့် လူမှုရေးမူဝါဒရည်ရွယ်ချက်များထဲမှ
တစ်ချက်မှာ ပုဂ္ဂလိကလုပ်ငန်းကို အားပေးရန်ဖြစ်သည်” ဟူ၍လည်း တိတိကျကျပြောဆိုထားခဲ့သည်ကို
သတိပြုမိနိုင်သည်။
ဗိုလ်ချုပ်လက်ခံသော
စီးပွားရေးဝါဒ
ဗိုလ်ချုပ်သည်
မည်သို့သော အယူဝါဒကို နှစ်သက်လက်ခံနိုင်သနည်း။ ၎င်း၏ ဟောပြောချက်များ၊
မိန့်ခွန်းများထဲတွင် တွေ့ရသည့် နိုင်ငံရေး၊ စီးပွားရေးစနစ် (ကွန်မြူနစ်ဝါဒ၊ စီမံကိန်းစီးပွားရေးစနစ်)
တို့သည် ၎င်းလက်ခံယုံကြည်သည့်စနစ်များဟု ယေဘုယျဆိုနိုင်သော်လည်း ဗိုလ်ချုပ်သည်
အယူဝါဒတစ်ခုကို တရားသေဆုပ်ကိုင်လျက် တစ်သမတ်တည်း လက်ခံထားသူမဟုတ်နိုင်ပေ။
မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီပြီး နိုင်ငံနှင့် လူမျိုးအတွက် အကျိုးအများဆုံးဖြစ်ထွန်းစေ
နိုင်သည့်စနစ်ကိုသာ ကျင့်သုံးလိမ့်မည်ကို အောက်ပါကောက်နုတ်ချက်က ဖော်ပြနေပါသည် -
“...
ကျွန်တော် ကွန်မြူနစ်တစ်ယောက်လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့
ကျွန်တော့်အဖြေကတော့ နိုင်ငံတစ်နိုင်ငံထဲကို နိုင်ငံခြားစနစ်တစ်ခုအတင်းထည့်သွင်းကျင့်သုံးတာကို
ကျွန်တော်လက်မခံ၊ မယုံကြည်နိုင်။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်ရှိစနစ်တွေအားလုံးကို
လေ့လာရမယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ကိုယ်ပိုင်အခြေအနေနဲ့ ကိုက်ညီမယ့်
အကောင်းဆုံးစနစ်ကို လက်ခံရမယ်။ ကွန်မြူနစ်ဝါဒမှာတော့ လက်မခံနိုင်စရာဘာပဲရှိရှိ၊
အဲဒီဝါဒရဲ့ စီမံကိန်းစီးပွားရေးကတော့ နှစ်သက်စရာကောင်းပါတယ်။..” (၁၉၄၅ ခုနှစ်
ဩဂုတ်လ ၂၉ ရက် နေ့၊ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် အရှေ့-အနောက်
အဖွဲ့အစည်းတွင် ပြောကြားသည့် မိန့်ခွန်းမှ)
ဗိုလ်ချုပ်သည်
ဒီမိုကရေစီဝါဒကို နှစ်သက်သူဟု မှန်းဆနိုင်သည်။ နိုင်ငံလွတ်လပ်ရေးရရှိပြီးပါက ဒီမိုကရေစီထွန်းကားစေရန်
အားထုတ်လိုသည့် စိတ်ဆန္ဒရှိခဲ့သည်။ သို့သော် အရင်းရှင်ဒီမိုကရေစီ မဟုတ်ပေ။ ၎င်း၏
စိတ်ဆန္ဒတွင်ဖြစ်ပေါ်နေသော ဒီမိုကရေစီအယူဝါဒနှင့် ပတ်သက်၍ ၁၉-၅-၁၉၄၇ ရက်နေ့၊
ဂျူဗလီဟော ဖဆပလပဏာမပြင်ဆင်မှုညီလာခံမိန့်ခွန်း၌ သဘောထားမှတ်ချက်ပေးပြောကြားထားသည်ကို
လည်း မှတ်သားနိုင်ပေသည် -
“ကျုပ်တို့လုပ်ချင်တာကတော့
Greatest Happiness of
the Greatest Number လူအများဆုံး အကောင်းဆုံးချမ်းသာသုခရအောင်
အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင်လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ
လိုချင်တာပဲ။.....”
“တကယ့်ဒီမိုကရေစီဆိုတာ
နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့၊ ပြည်သူတွေရဲ့
အစိုးရဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီအစိုးရဟာ ပြည်သူတွေ ရဲ့
လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့ အခြေအနေအထိ မြှင့်တင်နိုင်အောင်
ဆောင်ရွက်ပေးမှ တကယ့်ဒီမိုကရေစီကိုတက်လှမ်းနိုင်တယ်။”
လွတ်လပ်ရေးကာလအလွန်
အကောင်အထည်ဖော်မည့်အစီအစဉ်များ
၁၉၄၅
ခုနှစ် ဩဂုတ်လတွင် စစ်ရှုံး၍ ဖက်ဆစ်တို့ ထွက်ခွာသွားပြီး နောက် မြန်မာနိုင်ငံသို့
ပြန်လည်ဝင်ရောက်လာသော ဘုရင်ခံဆာဒေါ်မန်စမစ်သည် နိုင်ငံအုပ်ချုပ်ရေးနှင့် ပတ်သက်၍
ဗိုလ်ချုပ်အောင်ဆန်းနှင့် သဘောထားကွဲလွဲခဲ့သည်။ ထို့နောက် ဖဆပလအဖွဲ့ကြီးက ၁၉၄၆
ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှစ၍ ရွှေတိဂုံအလယ်ပစ္စယံညီလာခံကြီးကို ကျင်းပခဲ့ပြီး
နောက်ဆုံး၌ အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ရာ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍
“အရင်းရှင်လုပ်ငန်းများ ပြည်သူပိုင်လုပ်ရန်၊ စက်မှုနိုင်ငံထူထောင်ရန်နှင့်
မြေပိုင်ရှင်စနစ်ဖျက်သိမ်းရန်” ဟူသော အချက်များပါရှိခဲ့သည်။
ဖဆပလအဖွဲ့ကြီး၏
သဘောထားသည် အဖွဲ့ကြီး၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားပင်ဖြစ်သည်။ ထို့ကြောင့်
လွတ်လပ်ရေးရပြီးချိန် အကောင်အထည်ဖော်မည့် နိုင်ငံပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်ပြောကြားခဲ့သည့်
မိန့်ခွန်းများထဲတွင် ပါရှိသောအချက်များသည် ကြိုတင်ရည်ရွယ်ထားပြီးဖြစ်သည့် ကိစ္စရပ်များ
ဖြစ်နေသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်က
လွတ်လပ်ရေးရရှိပြီးပါက အောက်ပါအချက်များကို သေချာပေါက် အကောင်အထည်ဖော်လိမ့်မည်ဟု ယေဘုယျကောက်ချက်ချနိုင်ပါသည်-
(၁) ပုဂ္ဂလိကကဏ္ဍက
ပိုင်ဆိုင်သည့် လုပ်ငန်းကြီးများကို အစိုးရပိုင်ခေါ် ပြည်သူပိုင်လုပ်ရန်၊
(၂) စက်မှုကဏ္ဍဖွံ့ဖြိုးအောင်
ဆောင်ရွက်ရန်၊
(၃) လယ်သမားများဘဝ
ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံနှင့်ပြည်သူလူထုအကျိုးရှိစေရန် မြေဧကများစွာ ပိုင်ဆိုင်ထားသည့်
စနစ်ကို ဖျက်သိမ်းရန်။
ဗိုလ်ချုပ်
ဆန္ဒရှိသော စီးပွားရေး
မကွယ်လွန်မီတစ်နှစ်တာမျှအလို
၁၉၄၆ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း ပြောကြားခဲ့သောမိန့်ခွန်းများထဲမှ
စီးပွားရေးနှင့်သက်ဆိုင်သော အကြောင်းများကို ဆက်စပ်လေ့လာကြည့်ပါက အောက်ပါအတိုင်း
တွေ့ရှိရသည် -
- ပြည်သူလုထုလူမှုဒုက္ခများပြားစေသည့်
လက်ဝါးကြီးအုပ်လုပ်ကိုင်နေသော အရင်းရှင်လုပ်ငန်းများကို လက်မခံ၊ အရင်းရှင်စနစ်ကို
မနှစ်သက်။
- အခြေအနေအရ
အရင်းရှင်စနစ်ကို ခွင့်ပြုသင့်သလောက်ခွင့်ပြုမည်။ သို့သော် ဆက်လက်မကြီးထွားစေရန်
သတိထားထိန်းချုပ်မည်။
- ပြည်သူလူထုအကျိုးစီးပွားအတွက်
အရေးပါသောလုပ်ငန်းများကို ပြည်သူလူထုကိုယ်စားအစိုးရက လုပ်ကိုင်နိုင်ရန်
ပြည်သူပိုင်သိမ်းမည်။
- ဗဟိုမှ
အမိန့်ပေးလုပ်ကိုင်မည့် စီမံကိန်းချစီးပွားရေးစနစ်ကို ကျင့်သုံးမည်။
- တိုင်းရင်းသားလုပ်ငန်းရှင်များကိုလည်း
မပျက်စီးစေချင်၊ အခြေတည်ရန် အားပေးချင်သည်။
- ပုဂ္ဂလိကလုပ်ငန်းများကိုလည်း
အားပေးချင်သည်။
- စနစ်တစ်ခု၊
သဘောတရားအယူအဆတစ်ခုကို အတင်းသွတ်သွင်းအသုံးပြုခြင်းကို လက်မခံ။
- ကမ္ဘာပေါ်ရှိ
စီးပွားရေးစနစ်များထဲမှ မိမိတို့အခြေအနေနှင့် အကိုက်ညီဆုံး၊ အကောင်းဆုံးစနစ်ကို
ကျင့်သုံးမည်။
- ပြည်သူလူထု၏
လူနေမှုဘဝနှင့် စီးပွားရေးဘဝအဆင့်အတန်းမြင့်မားလာစေမည့် ဒီမိုကရေစီဝါဒကို ကျင့်သုံးနိုင်ရေး
အားထုတ်မည်။
အထက်ပါအခြေအနေများကို
လေ့လာကြည့်ပါက ဗိုလ်ချုပ် အောင်ဆန်းဆန္ဒရှိနေသော နိုင်ငံ၏ စီးပွားရေးစနစ်ပုံစံ၊
နိုင်ငံ့စီးပွားရေးဖွဲ့စည်းမှု မည်သို့မည်ပုံဖြစ်မည်ကို
မှန်းဆသရုပ်ဖော်နိုင်ပါသည်။
- ပြည်သူလူထုအကျိုးစီးပွားကို
ထိရောက်စွာလုပ်ဆောင်ပေးနိုင်ရန် အစိုးရ၏ အခန်းကဏ္ဍကြီးမားမှုကို တွေ့ရသည်။
- ဈေးကွက်သဘောသဘာဝဖြင့်
လုပ်ဆောင်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ခွင့်ပြုမည်ကို တွေ့ရသည်။
- ပုဂ္ဂလိကကဏ္ဍကို အားပေးရန်ရှိသည်ကိုလည်း
တွေ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏
အယူအဆတွင် အစိုးရတာဝန်ယူမှုအပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍကို အားပေးမည့် အပိုင်းဟူ၍
အပိုင်းနှစ်ပိုင်းတွေ့ရပြီး ဈေးကွက်ကို အလေးထားသည်ကိုလည်း တွေ့ရသည်။ စနစ်တစ်မျိုးတည်းကိုသာ
အသုံးပြုမည်မဟုတ်ဘဲ သင့်လျော်သလို ပေါင်းစပ်ကျင့်သုံးမည့် ရောပြွမ်းစီးပွားရေးစနစ်
ပုံစံဖြစ်ပါလိမ့်မည်။
ဗိုလ်ချုပ်သာ
သက်ရှိထင်ရှားရှိနေသေးပါလျှင်
ဗိုလ်ချုပ်အောင်ဆန်းသည်
၎င်း၏မိန့်ခွန်းများထဲတွင် “စီးပွားရေးဖက်ဆစ်ဝါဒ”၊ “စီးပွားရေး ဓားပြတိုက်”၊
“စီးပွားရေးခေါင်းပုံဖြတ်” စသည့် ဝေါဟာရများကို မကြာခဏထည့်သွင်းပြောကြားလေ့ရှိသည်။
ထိုဝေါဟာရများက ဗိုလ်ချုပ်သည် စီးပွားရေးမတရားမှု၊ စီးပွားရေးမမျှတမှု၊ မတရားသော စီးပွားရေးစနစ်တို့ကို
မနှစ်သက်ကြောင်း သဘောထားထုတ်ဖော်ပြောနေသလိုပင်။ အကယ်၍ ဗိုလ်ချုပ်သာ
သက်ရှိထင်ရှားရှိလျက် နိုင်ငံ့စီးပွားရေးကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါလျှင် နိုင်ငံတွင်းရှိ
အရင်းရှိ၊ အရင်းမဲ့၊ အလုပ်သမား၊ လယ်သမား၊ ကုန်သည်ပွဲစားနိုင်ငံသားအများစု
ကျေနပ်မှုရနိုင်မည့် အချိန်အခါနှင့် လျော်ညီသော စီးပွားရေးအယူအဆသစ်တစ်ခုကို ထပ်မံ၍
ကြားရကောင်းကြားရလိမ့်ထင်မိ၏။ ။
ကိုးကား။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ်
No comments:
Post a Comment