ရန်ကုန် နိုဝင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အဋ္ဌာရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများတက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
ဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများ၏အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်း ကြေညာသည်။
ဆက်လက်၍ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က အစည်းအဝေးဖွင့် သာရ ဏီယ သြဝါဒကထာကို မြွက်ကြားတော်မူသည်။ (သာရဏီယ ဩဝါဒ ကထာကို စာမျက်နှာ ၉ တွင် သီးခြားဖော်ပြထားပါသည်။)
သာသနာရေးဆိုင်ရာများ လျှောက်ထား
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် သာသနာရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ တရားနှင့်အညီ ထောက်ပံ့ပေးသော အာဏာစက်အကူအညီကိုရယူနိုင်ရေး၊ တစ်ပြည်လုံးရှိ ရဟန်းသာမဏေအားလုံးတို့သည် ဓမ္မဝိနယနှင့်အညီ စည်းကမ်းရှိရှိ စည်းလုံးညီညွတ်ကြရေး စသည်တို့ကို ယခုထက်ပိုမို၍ စွမ်းအားမြှင့် ထမ်းဆောင်ကြရန် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးကအခြေအနေ အချိန်အခါအားလျော်စွာ လမ်းညွှန်သြဝါဒပေးတော်မူပါရန် ရိုသေ လေးမြတ်စွာ လျှောက်ထားအပ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌမအကြိမ်တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ ခွဲကိုယ်စားတွဲဖက်အကျိုးတော် ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက တင်သွင်းလျှောက်ထားပြီး အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာသီဟာ လင်္ကာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တပဏ္ဍဝံသကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက လည်းကောင်း ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။
ဆွေးနွေးဆုံးဖြတ်
ဆက်လက်၍ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာကိစ္စများကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီအဋ္ဌာရသမအစည်းအဝေး ပထမနေ့ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီတွင် ဆက်လက်ကျင်းပပြီး သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ ကိစ္စရပ်များကို တင်ပြလျှောက်ထားရာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြ သည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဋ္ဌကထာကျမ်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတည်းဖြတ်ပြီးစီးသော ပါဠိတော်အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ်များ၊ တိပိဋကပါဠိမြန်မာ အဘိဓာန် အင်္ဂလိပ်ဘာသာပြန်စာအုပ်များနှင့် သဗ္ဗဇေယျမင်္ဂလာပရိတ်တော်နှင့် အန္တရာယ်ကင်းဘုရား ရှိခိုးအမျိုးမျိုး(၈၁)မျိုးတို့ ပုံနှိပ်ထုတ်ဝေရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းလျှောက်ထားပြီး ပုံနှိပ်ပြီးစာအုပ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အဋ္ဌကထာကျမ်းစာအုပ်များကို မူလခဲစာလုံးမှ ကွန်ပျူတာမူသို့ ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)မှ မော်ကွန်းထိန်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကုမုဒက လည်းကောင်း၊ တိပိဋကပါဠိမြန်မာအဘိ ဓာန်ကို အင်္ဂလိပ်ဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြေရှင်းဆောင်ရွက်မှုများကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တနောဓိ ဉာဏကလည်းကောင်း၊ စိစစ်တည်းဖြတ်ပြန်ဆိုပြီးစီးသော ပါဠိတော်အင်္ဂလိပ်ဘာသာပြန် စာအုပ်များကို စိစစ်တည်းဖြတ်မှု အခြေအနေ၊ ပုံနှိပ်ထုတ်ဝေရန် ဆောင်ရွက်နေမှုအခြေအနေများကို သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ ညွှန်ကြားရေးမှူးက တင်ပြလျှောက်ထားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
ရှင်းလင်းပြသ
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ၄၇ ပါး ဆရာတော်ကြီးများအား ခင်းကျင်းပြသထားသည့် အဋ္ဌကထာစာအုပ်များ၊ ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာ ပြန်စာအုပ်များ၊ အဘိဓာန်စာအုပ်များ၊ အန္တရာယ်ကင်းပရိတ်တော်စာအုပ်များကို ရှင်းလင်းပြသသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား အလှူရှင်များဖြစ်ကြသော သဒ္ဓမ္မဇောတိကဓဇ ဒေါ်ပြုံးဝေသီက အရုဏ်ဆွမ်းကို လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုနှင့် ဓမ္မမိတ်ဆွေများက နေ့ဆွမ်းကို လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment