Saturday, November 23, 2024

(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet – 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

 


နေပြည်တော် နိုဝင်ဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့ သို့ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O Donnell ရှိ လက်နက်ငယ်ကျွမ်းကျင်မှုလေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။

 


ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ်အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းအနေဖြင့် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် Camp O’Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ်ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည်ခင်းဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့သည်။

ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံနှင့် ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment