နေပြည်တော် ဇန်နဝါရီ ၅
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တို့က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည့် အငြိမ်းစားသံအမတ်ကြီးများ၊ ပြည်ပနိုင်ငံများတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel တွင် ကျင်းပသည်။
အဆိုပါဂုဏ်ပြုညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးများနှင့်ဇနီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဌာနအကြီးအကဲများ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရ သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တာဝန်ထမ်းဆောင်မှုအပေါ် နိုင်ငံတော်က အသိအမှတ်ပြုသည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ တိုင်းကျိုး/ ပြည်ကျိုးကို ထူးခြားစွာဆောင်ရွက်သူများကို ချီးမြှင့်ခြင်းဖြစ်သည့်အတွက် ဂုဏ်ယူ ရသည့်အပြင် ထူးခြားသည့် စိန်ရတုလွတ်လပ်ရေး အခါသမယတွင် ချီးမြှင့်ခံရခြင်း ဖြစ်သဖြင့် သံအမတ်ကြီးများ၏ ဘဝအတွက် အမှတ်တရနှင့်ဂုဏ်ယူဘွယ် အသိအမှတ် ပြုခံရခြင်းပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ဂုဏ်ပြုညစာစားပွဲကျင်းပရခြင်းမှာ အချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်၊ အတွေ့အကြုံများဖလှယ်နိုင်ရန် စည်းလုံးညီညွတ်ပြီး အထက်အောက် အပြန်အလှန် လေးစားစေရန်နှင့် မိခင်ဝန်ကြီးဌာနနှင့်ပြည်ပရှိ သံရုံးများအကြား လုပ်ငန်းများ ပွင့်လင်းမြင်သာစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် သံအမတ်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများက နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အကောင်အထည်ဖေါ်နေမှု၊ လုပ်ငန်းလုပ်ဆောင်မှု၊ ပြည်ပနိုင်ငံများနှင့် ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး ညစာကို အတူတကွသုံးဆောင်ကြသည်။
မွန်းလွဲပိုင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များနှင့် ပြည်ပမှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရေးအတွက် မြန်မာနိုင်ငံသို့ တာဝန်ဖြင့် ခေတ္တပြန်လည်ရောက်ရှိနေသော သံအမတ်ကြီးများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment