သိုက်စိုးထွန်း (နတ်ရွာ)
“ပုစွန်ဆိတ်ကလေးဘယ်လိုငယ်၊ ပင်လယ်ကူးတတ်တယ်” တဲ့။ ကိုယ်ခန္ဓာသေးသေးမွှားမွှား ကလေးဖြစ်ပေမယ့် ဒီပုစွန် ဆိတ်ကလေးတွေကတဝေါဝေါတဝုန်းဝုန်းနဲ့ လှိုင်းလုံးကြီးတွေရိုက်ခတ်နေတဲ့ ပင်လယ်ပြင် ကျယ်ကြီး ထဲမှာ လက်ပစ်ကူးနိုင်ကြသတဲ့။
ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးလေးတွေကို
ကြည့်ပြီးတော့ ဒီစကားလေးကို မကြာမကြာ သတိ ရမိပါတယ်။ စာရေးလေးတွေလို့ ပြောလိုက်ရတာက
ရာထူးသေးသေးလေးတွေမှာ တာဝန်ထမ်းရတဲ့ သူတွေမို့ စာရေးလေး တွေလို့ ပြောလိုက်ရတာပါ။ သူတို့ထက်
ရာထူးငယ်တာဆိုလို့ ရုံးအကူတို့၊ စာပို့ တို့၊ သန့်ရှင်းရေးတို့ဆိုတဲ့ အခြားအဆင့်ဝန်ထမ်းလေး
တွေပဲရှိတော့တယ်။ စာရေးဝန်ထမ်းတွေထဲမှာတော့ သူတို့ရာထူးကအငယ်ဆုံးပါပဲ။ အသက်အရွယ်အနေ
နဲ့ကတော့ အလုပ်ဝင်ခါစ အသက်နှစ်ဆယ်ကျော် တန်းကနေ ပင်စင်ယူခါနီး ငါးဆယ်ကျော်၊ ခြောက်
ဆယ်အရွယ်တွေအထိ ပါကြတယ်။ အရွယ်စုံပေါ့။ ပုစွန်ဆိတ်အရွယ်စုံ။
တစ်ထောင့်တစ်နေရာကနေ အကျိုးပြု
ရာထူးငယ်တာ၊ မငယ်တာတွေ အသာထား၊ လစာနည်းတာ၊ မနည်းတာ တွေကို ခဏဖယ်ပြီး ပြန်ကြည့်လိုက်ရင် သူတို့တွေက အများအားဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာပဲ အိုးမကွာ၊ အိမ် မကွာ အလုပ်လုပ်နေရတယ် ဆိုတဲ့ အနေအထား လေးကို ကျေနပ်ရောင့်ရဲ နေကြတာ။ ရပ်ရွာတစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို တစ်ထောင့် တစ်နေရာ ကနေ အကျိုးပြုနေရတာ ပါလားဆိုတဲ့ အသိစိတ်ကလေးက သူတို့အတွက် ရင်တွင်းပီတိ တွေရစေလို့ ဒီအလုပ်လေးမှာ သံယောဇဉ်တွယ်နေ ကြတာပါ။ သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးအောင်ပေါ့။
ရာထူးငယ်တယ်ဆိုပေမယ့် သူတို့ထမ်းဆောင်
ရတဲ့ တာဝန်တွေကတော့ တော်တော်များပါတယ်။ စာရင်းဇယား ကောက်တဲ့အလုပ်တစ်ခုကိုပဲ ပြော ကြဦးစို့၊
ဒီလအတွင်း ရပ်ရွာထဲမှာ လူဘယ်နှယောက် ရှိနေတယ်ဆိုတာတွေ၊ ဘယ်နှယောက်မွေးပြီး ဘယ်နှယောက်
သေဆုံးတယ်ဆိုတာတွေ၊ ကိုယ့် ရပ်ရွာထဲကနေ တခြားဒေသကို ဘယ်နှယောက် ပြောင်းသွားကြပြီး ကိုယ့်ရပ်ရွာထဲကို
ဘယ်နှယောက် ပြောင်းရွှေ့ ဝင်ရောက်လာကြတယ် ဆိုတာတွေ၊ အဆောက်အအုံတွေ ဘယ်နှလုံးတိုးလာပြီး
ဘယ် နှလုံးသွားတယ်ဆိုတာ တွေ၊ ဘယ်သူတွေက လယ်ယာမြေဘယ်လောက် လုပ်ကိုင်ခွင့်ရနေတယ် ဆိုတာတွေ၊
ဘာတွေစိုက်ပျိုးထားတယ်ဆိုတာတွေ၊ ကျွဲ၊ နွား၊ ထွန်၊ ထယ်တွေ ဘယ်လောက်ရှိနေတယ် ဆိုတာတွေ၊
အခြေခံပညာကျောင်းတွေရဲ့ အတန်း အလိုက်ကျောင်းသားတွေ ဘယ်လောက်ရှိသလဲ ဆိုတာတွေ၊ ဘယ်ဝန်ထမ်းတွေလာပြီး
ဘာတာဝန် တွေ ထမ်းဆောင်သွားတယ်ဆိုတာတွေ စသည် စသည်အားဖြင့် ဒီစာရင်းဇယားတွေကို လစဉ်ပုံမှန်
ပြုစုနေကြရတာပါ။ ဒါတွေက သူတို့လုပ်ရမယ့် ပင်မ လုပ်ငန်းတွေပါပဲ။
ပင်မလုပ်ငန်းတွေအပြင် တခြားဝန်ကြီးဌာန
တွေ၊ အဖွဲ့အစည်းတွေက ပေးအပ်ထားတဲ့လုပ်ငန်း တွေကိုလည်း လုပ်ကြရသေးတာပါ။ လေမုန်တိုင်း
ကျသွားလို့ ဘယ်နှအိမ်ပြိုသွားသလဲ၊ ဘယ်နှအိမ် ထိခိုက်သွားသလဲ၊ ဘယ်သူ့အိမ်က သွပ်ဘယ်နှချပ်
လန်သွားသလဲဆိုတာတွေကို အပူတလာမေးကြ ကြတင်ပြကြရတော့လည်း သူတို့။ ရပ်ရွာထဲမှာ ဝါဆိုသံဃာဘယ်နှပါး
ရှိသလဲလို့မေးတော့ လိုက်ကောက်ပြီး တင်ပြကြရတာလည်း သူတို့။ တိုင်း၊ ခရိုင်၊ မြို့နယ်၊
ရပ်/ကျေးပေါင်းစုံဘောလုံးပွဲကြီး ကျင်းပမှာမို့ ကစားသမားတွေရှာပေး၊ လေ့ကျင့်ရေး၊ စည်းကမ်းထိန်းသိမ်းရေးမှာလည်း
သူတို့။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲစာရင်းတွေ ပြုစုကြီးဆိုတော့လည်း
သူတို့။ မှတ်ပုံတင်တွေထုတ်ပေးဖို့ ကူညီပေးလိုက်ကြပါဦး ဆိုတော့လည်း သူတို့။ သူတို့၊
သူတို့၊ သူတို့ကနေရာတကာ မပါမပြီး။ ။
ဟိုဌာနက ဟိုစာရင်းလေးလိုနေတာ၊ ရပ်/ကျေး
အဆင့်မှာ ဝန်ထမ်းမရှိလို့ ကူပါဦးဆိုတော့လည်း “ဟုတ်သားပဲ၊ ကူပေးလိုက်ကြလေ”။
“ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း”ဆိုတဲ့အဘိုး ဆရာဇော်ဂျီရဲ့
ဗေဒါလမ်းကဗျာက သူတို့နဲ့လည်း အံဝင်ခွင်ကျ၊ အယက်အကန်လည်းခံခဲ့ရ၊ အစုန် အဆန်လည်း မျောခဲ့မောခဲ့ရသူတွေပါ။
ဝေဖန်သံတွေလည်း
မကြာမကြာကြားရ
“ထွေ/အုပ်တွေက ဒီစာရင်းလေးတောင်မှန်
အောင် မလုပ်နိုင်ကြဘူးလား”
ဆိုတဲ့ ဝေဖန်သံတွေ လည်း မကြာမကြာကြားရပါတယ်။ ဒီစာရင်းလေး တစ်ခုတည်းဆိုရင်တော့ တော်သေးတာပေါ့။ လုပ်ရ တဲ့ စာရင်းဇယားတွေက
အထက်မှာ ဖော်ပြထား တာတွေနဲ့တောင် မကသေးပါဘူး။
အများအားဖြင့် စာရင်းဇယား ကောက်ယူတဲ့
လုပ်ငန်းတွေမှာ ရတဲ့အချိန်ကလည်း နည်းတတ်ပါ တယ်။ ဥပမာဆိုပါတော့၊ မိုးကကြီးသွားပြီ၊ မိုးသီး
တွေကကျသွားပြီ၊ လေကြမ်းက တိုက်သွားပြီ။ “နှမ်းခင်းတွေ ဘယ်နှဧက ပျက်သွားသလဲ၊ စပါးခင်း
ဘယ်နှဧကရေမြုပ်သွားသလဲ၊ မြုပ်တာကဘယ် နှဧကလဲ၊
ပြန်ကောင်းနိုင်တာက ဘယ်လောက်လဲ၊ လုံးဝပျက်စီးနိုင်တာကဘယ်လောက်လဲ၊ တောင်သူ ဘယ်နှဦးလဲ၊
ဘယ်သူကဘယ် လောက်ပျက်တာလဲ၊ ဘယ်သူ့အိမ်က ဘယ်လိုထိခိုက်ပျက်စီးသွားသလဲ”
ဆိုတဲ့ တရစပ်မေးလာတဲ့ မေးခွန်းတွေကို မြေတိုင်း စာရေးတို့၊ စိုက်ပျိုးရေးက ကွင်းတာဝန်ခံတို့၊
အုပ်ချုပ်ရေးမှူးတို့၊ ရာအိမ်မှူးတို့နဲ့ပေါင်းကောက်၊ လယ်ကွင်းတွေဆီမျှော်ကြည့်လိုက်တော့
အကုန်လုံး ရေတွေကိုဖွေးလို့၊ ဘယ်ကန်သင်းမှ မပေါ်တော့ဘူး၊ ကြည့်လေရာမှာ ရေပြင်ကျယ်ကြီး၊
ကွင်းကနင်းလို့ မရသေး၊ စာရင်းက ဖုန်းတဂွမ်ဂွမ်ဆက်ပြီးတောင်း နေပြီ၊ မိုးထဲရေထဲအလူးအလဲနဲ့ဒုက္ခရောက်နေသူကို သွားပြီး
“ဦးကြီးတို့ အိမ်မှာ သွပ်ဘယ်နှချပ်လန်သွား သလဲဗျ”ဆိုတော့ “မသိဘူးကွာ၊
မင်းဟာမင်းသာ ကြည့်ရေးသွားပေတော့” ဆိုတာမျိုး။ အလျင်စလို လုပ်ရတဲ့ကိန်းဂဏန်းတွေပဲ
လွဲသလောက်တော့လွဲ မှာပေါ့ဆိုပြီး ခပ်ပေါ့ပေါ့လုပ်လို့လည်း မရပြန်ဘူး။ ပျက်စီးဆုံးရှုံးမှုအတွက်
အထောက်အပံ့ပေးတဲ့ အချိန်ကျတော့ သူကျတော့ ဘယ်လောက်ရပြီး ကိုယ့်ကျမှ ဘယ်လောက်ပဲပေးလို့ဆိုပြီး
တိုင်စာ စာတွေ တစ်ထပ်ကြီး တက်သွားမှာကလည်း ကြောက်ရသေးတာ။
မဲစာရင်းကောက်တယ်ဆိုပါစို့။ ရပ်/ကျေး
ကော်မရှင်အဖွဲ့ခွဲမှာ အတွင်းရေးမှူးတာဝန်ယူထား ရတော့ မဲစာရင်းပြုစုရေးမှာ အဓိကတာဝန်ရှိသူ
ဖြစ်နေပြန်တယ်။ ရပ်မိရပ်ဖကော်မရှင်အဖွဲ့ဝင်တွေ၊ ဝိုင်းကြဝန်းကြ သူတွေနဲ့ ပူးပေါင်းပြီး
အဖွဲ့တွေခွဲပြီး ဘယ်လိုကောက်ကြပေမယ့် တချို့က အိမ်ထောင်စု ဇယားမလုပ်ရသေး၊ မှတ်ပုံတင်တောင်မရှိသေးတဲ့
သူတွေကရှိနေပြန်၊ မှတ်ပုံတင်ရှိပြန်တော့ ဘယ်နား သိမ်းထားမိမှန်းမသိလို့ နံပါတ်လည်းအလွတ်မရပါ
ဘူးပြောတဲ့သူကပြော။ စာရင်းကပ်တဲ့ အချိန်ကျ တော့ မှားပါတယ်ဖြစ်ကရော။
အခက်အခဲ
စာရင်းကောက်ယူတာလောက်တင် အခက်အခဲ ရှိတာမဟုတ်သေးပါဘူး။
ကောက်ပြီးသားစာရင်းကို မြို့နယ်ရုံးပို့ဖို့ ကလည်း အခက်အခဲရှိသေးတာပါ။ တချို့ စာရင်းဇယားတွေက
ကောက်ယူချိန် တစ်ရက် နှစ်ရက်လောက်ပဲရတာ။ အချိန်မီပြန်ပို့နိုင် ဖို့က အရေးကြီးနေတယ်။
အင်တာနက်လိုင်းက မမိဘူး။ Viber မမိဘူး။ တချို့နယ်မြေတွေက ရိုးရိုး ဖုန်းတောင်ခေါ်လို့မရဘူး။
အမြဲတမ်းဆက်သွယ်မှု ဧရိယာပြင်ပ ဒီတော့ တစ်ခုခုပြောစရာရှိရင် သူနဲ့ အနီးစပ်ဆုံး စာရေးတစ်ယောက်ကို
ဖုန်းခေါ်၊ ဘယ်သူ့ကိုဘာသွားပြော လိုက်ဦးဆိုတာမျိုး။ သိရ လို့ ပြေးလာပြီဆိုတော့လည်း လမ်းမှာချောင်းရေတွေ
လျှံနေလို့၊ ဆိုင်ကယ်လမ်းက ရွှံ့တွေကပ်နေတာ စီးဖို့မပြောနဲ့ တွန်းတောင်မရတော့လို့ ဆိုတာမျိုး
တွေကလည်း ရှိနေသေးတာပါ။
ကိန်းဂဏန်းအချက်အလက် ကောက်ယူရုံပဲ လား၊ မဟုတ်သေးပါဘူး။ ကျန်းမာရေးဌာနရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ မှာကူညီဖို့၊ မွေးမြူရေးနှင့် ကုသရေးဘက်က တာဝန်ရှိသူတွေရဲ့ ကျွဲ၊ နွား တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် ရွက်ဖို့၊ လယ်ယာမြေမှုခင်းတွေ ဖြေရှင်းရာမှာ အဖွဲ့ ဝင်အဖြစ် တာဝန်ထမ်းဆောင်ဖို့၊ ဌာနအသီးသီးရဲ့ ပညာပေးဟောပြောပွဲတွေ အဆင်ပြေချောမွေ့အောင် စီစဉ်ပေးဖို့၊ ရပ်ထဲရွာထဲက သာရေးနာရေးပွဲလမ်း သဘင်တွေ စည်းကမ်းတကျ၊ အဆင်ပြေပြေ ကျင်းပ နိုင်အောင်စီစဉ်ပေးဖို့ စသည်၊ စသည်၊ စသည် အားဖြင့် သူတို့ပခုံးပေါ်တင်ထားတဲ့ တာဝန်တွေက တစ်ပုံကြီး။
ဒီလောက်များပြားလှတဲ့ အလုပ်တာဝန်တွေကို
သူတို့တွေချည်းသက်သက် လုပ်နေကြရတာတော့ မဟုတ်ပါဘူး။ လက်တွဲဖော်တွေရှိပါတယ်။ အဓိက ကတော့
အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာတာဝန်ခံတွေ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေ၊ ရပ်မိရပ်ဖတွေ၊
မြေတိုင်းစာရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရဲ၊ အရန်
မီးသတ်စသည်အားဖြင့် ကူဖော်ကူဖက်တွေက အများကြီးပါပဲ။ တစ်ခါ တစ်ခါကျတော့လည်း ကူဖော်ကူဖက်တွေကလည်း
ဌာနအလုပ်၊ မိသားစု အလုပ်၊ လူမှုရေးအလုပ်စသည်အားဖြင့် မအား မလပ်တဲ့အခါတွေက ရှိသေးပြန်တာဆိုတော့
ရပ်ရွာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တာဝန်ကျေ အောင်ဆောင်ရွက်ကြရတာပါပဲ။
အကြံပြုချက်တွေ
အမျိုးမျိုးပေးကြ
အလုပ်တွေ မနိုင်မနင်းဖြစ်နေတာနဲ့ ပတ်သက်
ပြီးတော့ အကြံပြုချက်တွေအမျိုးမျိုးပေးကြပါတယ်။ တချို့ကိစ္စတွေကျတော့လည်း အကြံဉာဏ်မရှိ တာမဟုတ်ဘဲ
ဒီအကြံဉာဏ်ကို အကောင်အထည် ဖော်ဖို့ ခက်ခဲနေတာမျိုးပါ။ ဥပမာအားဖြင့် ကျွမ်းကျင်သူတွေကိုသာ
ရွေးချယ်ခန့်ထားဖို့ အကြံ ပြုချက်တွေနဲ့ ပတ်သက်ပြီးတော့ အဆင့်မြင့်ပညာ ဘွဲ့တွေရထားပြီး
ကွန်ပျူတာသင်တန်း၊ စာရင်းကိုင် သင်တန်းတွေ တက်ရောက်အောင်မြင် ထားသူတွေ ကို အလုပ်ပေးချင်ပေမယ့်
လစာနှစ်သိန်းမပြည့်တဲ့ စာရေးဝန်ထမ်းနေရာ တွက် လျှောက်လွှာခေါ်တဲ့ အခါ အဆင့်မြင့်ပညာဘွဲ့ရသူတွေက
လျှောက်ခဲပါ တယ်။ လျှောက်လို့ခန့်လိုက် ရင်လည်း ဒီရာထူး၊ ဒီလစာနဲ့ ကြာရှည်မပျော်မွေ့နိုင်ကြတာက
များ တတ်ပါတယ်။ ပြီးတော့ နေစရာအိမ်၊ စီးစရာ ဆိုင်ကယ် စသည်အားဖြင့် တစ်ခုမှ မပေးထား
နိုင်တဲ့အတွက် သက်ဆိုင်ရာဒေသခံတွေကို ခန့်ထား မှ ရေရှည်အဆင်ပြေတာမျိုးပါ။ ပြေးရလွှားရ၊
တော တွေ တောင်တွေကို ဖြတ်ကျော်ရနဲ့ဆိုတော့ တော်ရုံ တန်ရုံ အကြမ်းပတမ်းခံနိုင်ရုံနဲ့လည်း
အဆင်မပြေ ပြန်ပါဘူး။
“အမြဲတမ်းပဲ အလုပ်တွေ များနေကြသလား၊
ပိတ်ရက်ကလေးတောင် မနားရတော့ဘူးလား” လို့ မေးစရာရှိပါတယ်။ နားရတဲ့အခါတွေလည်း
ရှိပါ တယ်။ အလုပ်ပါးတဲ့အခါလည်းပါးပါတယ်။ လုံးဝ အားနေတဲ့ အခါမျိုးလည်း ရှိတော့ရှိပါတယ်။
ရှိတော့ ရှိတယ်၊ ရှားတယ်ပေါ့လေ။
နိုင်ငံတော်အကျိုးသယ်ပိုးရွက်ဆောင်
ဒီစာရေးလေးတွေက ရပ်ကျိုးရွာကျိုး၊ နိုင်ငံ တော်အကျိုး
သယ်ပိုးရွက်ဆောင်နေကြသူတွေပါ။ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲကာလမှာ ဒီလူတွေကဘယ်သူ့လူပဲ၊
ဘယ်ဝါ့လူပဲ၊ ဟိုဘက်ကပဲ၊ ဒီဘက်ကပဲဆိုတဲ့ မှတ်ချက်တွေ အမျိုးမျိုးပေး၊ တံဆိပ်တွေအမျိုးမျိုးကပ်ပြီး
ပုတ်ခတ်စွပ်စွဲတာတွေ၊ ကိုယ်ထိလက်ရောက် နှောင့်ယှက်ထိပါးတာတွေ ရှိလာကြပါတယ်။ တကယ်တော့
သူတို့တွေ တာဝန် မထမ်းဆောင်နိုင်ကြရင် နစ်နာသူက သူတို့ ကိုယ်တိုင်၊ သူတို့မိသားစုတွေကိုယ်တိုင်
ဖြစ်သလို တစ်ဖက်မှာလည်း ရပ်ရွာပြည်သူတွေပါ ထိခိုက် နစ်နာသွားတာပါပဲ။
သူတို့ထမ်းဆောင်ရတဲ့ တာဝန်တွေက တရား ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊
ရပ်ရွာအေးချမ်း သာယာရေးလုပ် ငန်းတွေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တွေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊
ဒီလုပ်ငန်းတွေ လုပ်မယ့်သူတစ် ယောက်က ဒီတာဝန်တွေကိုမထမ်း ဆောင်နိုင်တော့ရင် ဒီရပ်ဒီရွာအတွက်
နစ်နာတာ ပါပဲ။ ရပ်ကျိုးရွာကျိုးသယ်ပိုးနေတဲ့ စာရေးဝန်ထမ်း တွေကို ရပ်ရွာကလည်း ဝိုင်းဝန်းကူညီစောင့်ရှောက်
ပေးသင့်ပါတယ်။ စာရင်းဇယား၊ အချက်အလက် ကောက်ယူရေးမှာ ပူးပေါင်းပေးတာမျိုး၊ ရပ်ရွာ အတွက်
လုပ်ကိုင်ဆောင်ရွက်သင့်တာတွေကို ဝိုင်းဝန်းဆွေးနွေးပြီး သက်ဆိုင်ရာကို တင်ပြဖို့ တိုက်တွန်းပေးတာမျိုး၊
သူတို့ လုံခြုံရေးအတွက် တစ်ဖက်တစ်လမ်းက စောင့်ရှောက်ပေးတာမျိုး တွေနဲ့ အပြန်အလှန်မေတ္တာတွေ
ပေးကြရမှာပါ။ မှားတတ်တဲ့သဘာဝရှိတဲ့ လူထဲကလူတွေဖြစ်တဲ့ စာရေးဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့
တာဝန်ထမ်း ဆောင်မှုမှာ မလျော်ကန်တဲ့အပြုအမူတွေ ရှိနေတယ် ဆိုရင်လည်း လက်တို့ သတိပေးတာမျိုး၊
မြို့နယ်၊ ခရိုင်စသည်အားဖြင့် တာဝန်ရှိသူတွေဆီ အသိပေး တာမျိုး ဆောင်ရွက်နိုင်ပါတယ်။
“တစ်ဦးမေတ္တာတစ်ဦးမှာ ကူးကာဆက်ဆံ တုံ့ပြန်ပါသည် ဧကန်မလွဲအမှန်ပါပဲ အတည်”ဆိုတဲ့ အလင်္ကာကျော်စွာရွှေမန်း(ဦး)တင်မောင်ရဲ့ သီချင်း ထဲကလို စာရေးဝန်ထမ်းတွေနဲ့ ရပ်ရွာပြည်သူတွေ ကြားမှာ မေတ္တာဓာတ်တွေရစ်ပတ်လွှမ်းခြုံပြီး အပြန် အလှန်စောင့်ရှောက်နိုင်ကြပါစေ။ ကိုယ့်ရပ်ကိုယ့်ရွာ ဖွံ့ဖြိုးရေး၊ ကိုယ့်ရပ်ကိုယ့်ရွာ သာယာအေးချမ်းရေး အတွက် တွဲလက်တွေခိုင်မြဲနိုင်ကြပါစေ။ ။
No comments:
Post a Comment