Thursday, June 6, 2019

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့အခြေစိုက် Centre for Civil and Political Rights တို့ ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ စာချုပ်နှင့်စပ်လျဉ်း၍ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



နေပြည်တော် ဇွန် ၅
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့အခြေစိုက် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့် အရေးများဆိုင်ရာဗဟိုဌာန (Centre for Civil and Political Rights-CCPR) တို့ ပူးပေါင်း၍ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ် (International Covenant on Civil and Political Rights-ICCPR) နှင့် စပ်လျဉ်းသည့် အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အမှာစကားပြောကြား
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာအဖွဲ့ အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက အဖွင့်အမှာစကား ပြောကြား သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။
ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများ လေ့လာဖော်ထုတ်
ခိုင်မာသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုအဖြစ် နိုင်ငံတကာမှ လက်ခံထားသည့် ICCPR စာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အတွက် နိုင်ငံရေးဆန္ဒရှိကြောင်း ပိုမိုပြသနိုင်မည် ဖြစ်ကြောင်း၊ ICCPR သို့ လက်မှတ်ရေး ထိုးခြင်းမပြုမီ စာချုပ်ပါပြဋ္ဌာန်းချက်များကို ကောင်းစွာသိရှိ နားလည်နိုင်ပြီး စာချုပ်ကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို လေ့လာဖော်ထုတ်၍ စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment