Thursday, February 7, 2019

ကျွန်ုပ်သိသော တော်ဝင်ကဗျာဆရာ ဗိုလ်ချုပ်အောင်ဆန်း



(ဗိုလ်ချုပ်မွေးနေ့အကြိုဆောင်းပါး)

ဟံသာဝတီ ဦးအုန်းကြိုင်

မြန်မာ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားဘ၀၊ သခင်ဘ၀၊ နိုင်ငံရေးသမားဘ၀၊ စစ်ခေါင်းဆောင်၊ တပ်မတော် စစ်သေနာပတိ၊ စစ်ဝန်ကြီး ဘ၀များမှပင် စာပေရေးသားခဲ့သူဖြစ်ကြောင်း သိရှိသူ များကြသည်။ သို့သော် အမျိုးသား တော်ဝင် ကဗျာဆရာ National Poet Laureate ဖြစ်သည်ကိုမူ သိသူအတော်ရှားသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်၍ စာအုပ် စာတမ်းပြုစုသူ အတော်များကြပါသည်။ တစ်ဦးတစ်ယောက်မျှ ဗိုလ်ချုပ် ကဗျာ ဆရာဖြစ်ကြောင်း ဖော်ပြရေးသားခြင်း မပြုခဲ့ကြပါ။


သမိုင်းဟာကွက် ဖြည့်ပေးခြင်း

ဗိုလ်ချုပ်နှင့်စပ်သည့် ထိုသမိုင်းဟာကွက်ကို ကျွန်တော်ဖြည့်ချင်ပါသည်။ (၇၁)နှစ်မြောက် လွတ်လပ် ရေးနေ့ မတိုင်မီ ရက်သတ္တပတ် အလိုလောက်က ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင် မီဒီယာမှ သတင်းအဖွဲ့ တစ်ဖွဲ့ လွတ်လပ်ရေးနေ့အတွက် ထုတ်လွှင့်ရန် ကျွန်တော့်အား အင်တာဗျူး လာလုပ်ကြသည်။ ဗိုလ်ချုပ်နှင့် ဆက်စပ်သည့် ထိုအရေးအကြီးဆုံး အကြောင်းအချက်ကို ကျွန်တော် မပြောမိလိုက်။ ထို့ကြောင့် ပိုမို ပြည့်စုံစေရန် နောက်ဆက် တစ်ခန်းတစ်ကဏ္ဍအဖြစ် ဖြည့်စွက်တင်ပြ ခွင့်ပြုကြစေလိုပါသည်။

ဗိုလ်ချုပ်၏လက်ရာ စာတစ်အုပ်

ဗိုလ်ချုပ်အောင်ဆန်း ရေးသားပြုစုခဲ့သော စာပေလက်ရာများကို တတ်နိုင်သမျှ၊ ရနိုင်သမျှ စုစည်း၍ စာရေးဆရာ ဦးမြဟန်က “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ အမည်ဖြင့် စာတစ်အုပ် ပြုစု ထုတ်ဝေခဲ့ဖူးသည်။ ဗိုလ်ချုပ်သည် “Burma and Buddhism” ၊ ''Freedom of dress and schools''၊ “မင်းကြီးဦးမင်းရောင်၊ လောကဝိဟာ၊ ကျောင်းသား ဝတ္တရား၊ နိုင်ငံရေးအမျိုးမျိုး၊ ကမ္ဘာစစ်နှင့်ဗမာ၊ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်ရေးအတ္ထုပ္ပတ္တိ စသည့် စာများကို ရေးသားခဲ့သည်။ ဒဂုန်မဂ္ဂဇင်း၊ မြန်မာ့အလင်းသတင်းစာ၊ ဒီးဒုတ်ဂျာနယ် စသည်တို့တွင်လည်း နိုင်ငံရေး ဆောင်းပါးများ ရေးသား ဖော်ပြခဲ့သည်။ ထိုစာမူများအနက် လက်လှမ်းမီရနိုင် သလောက် စုဆောင်း၍ ဆရာမြဟန်က စုစည်း ဖော်ပြခဲ့သည်။ ထို့အတူ စာရေးဆရာ၊ သတင်းစာဆရာ အတော် များများတို့ကလည်း ဗိုလ်ချုပ်၏ စာပေလက်ရာ တချို့ကို ရေးသားဖော်ပြခဲ့ကြ သည်။

အောင်ဆန်း (သို့မဟုတ်) အရိုင်း

တက္ကသိုလ်ကျောင်းသားဘ၀က စ၍ ဗိုလ်ချုပ်နှင့် ရင်းနှီး တွဲဖက်ခဲ့သော ဆရာကြီး ဦးဌေးမြိုင် (ဒဂုန်တာရာ) က သူ၏ တာရာမဂ္ဂဇင်း ရုပ်ပုံလွှာကဏ္ဍတွင် “အောင်ဆန်း (သို့မဟုတ်) အရိုင်း ဟူသော လူကဲဖြတ်ဆောင်းပါးဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို “အရိုင်း (Crudity) အဖြစ် ပုံဖော်ဝေဖန် ရေးသားခဲ့သည်။ ပြောဟန်၊ ဆိုဟန်က မနူးမနပ်၊ ဝတ်စားဆင်ယင်ပုံက အချိုးမကျ၊ ပြုမူနေထိုင် ပုံက ခွတီးခွတ ခွကျကျမို့ ဗိုလ်ချုပ်ကို “အရိုင်း ဟု နိမိတ်ပုံဖော် ခဲ့သည်။

မာ့ခ်ဝါဝါဒလေ့လာသူ လူငယ်များ

၁၉၄၀ ပြည့်နှစ်တစ်ဝိုက်တွင် လူငယ်လူရွယ် အားလုံးလိုလို နိုင်ငံရေးကို အထူးပြုလေ့လာ လိုက်စားကြသည်။ ကျွန်တော်တို့ နှစ်ခြိုက်လက်ခံကြသည့် ဝါဒက မာ့ခ်ဝါဒ (Marxism) ၊ တစ်နည်း ကွန်မြူနစ်ဝါဒ (Communism) ၊ လေ့လာစရာ စာအုပ်စာတမ်းများက မရှိသလောက် ရှားသည်။ မြန်မာပြန် ဟိုတစ်စဒီတစ်စ ရှာဖွေမွှေနှောက် ဖတ်ကြရသည်။

နိုင်ငံရေးအမျိုးမျိုး ဆောင်းပါးများ

ထိုအချိန်တွင် လစဉ်ထုတ် ဒဂုန်မဂ္ဂဇင်း၌ “နိုင်ငံရေး အမျိုးမျိုး ဟူသော ခေါင်းစဉ်ဖြင့် အခန်းဆက် ဆောင်းပါးများ လစဉ်ဖော်ပြလာသည်။ လဆန်းမတိုင်မီကပင် ဒဂုန်မဂ္ဂဇင်းကို အလုအယက် ဝယ်ယူဖတ်ခဲ့၊ မှတ်ခဲ့ကြရသည်။

အနုပဋိလောမ ပြုစုသူ သခင်အောင်ဆန်း

လူငယ်ထုအတွင်း အထူးခေတ်စား ဖတ်ရှုခဲ့ကြရသော ကွန်မြူနစ်ဝါဒ၏ အဓိက သဘောတရား Historical Dialectic Materialism ဟူသော မာ့ခ်ဝါဒကျမ်းကို “သမိုင်းရေး ဆိုင်ရာ အနုလောမ ပဋိလောမ ရုပ်ဝါဒအဖွင့် ဟု မြန်မာဘာသာဖြင့် ပြန်ဆိုရေးသားဖော်ပြ ခဲ့ရာ ထိုဆောင်းပါး ဘာသာပြန်ရေးသူကို သခင်စိုးဟု ထင်ခဲ့ကြသည်။ နောင်မှသိခဲ့ ရသည်မှာ ထိုကျမ်းကို မြန်မာ ပြန်ခဲ့သူမှာ သခင်အောင်ဆန်းဖြစ်သည်ဟု ဆိုကြပါသည်။

မြန်မာ့နား၊ မျက်စိနှင့် ကိုက်ညီသော ပြန်ဆိုချက်

ထိုစဉ်က သခင်အောင်ဆန်း၏ ဘာသာပြန်ချက်တို့မှာ မြန်မာဆန်၍ ညက်ပါသည်။ ဖတ်ရမှတ်ရ အဆင်ပြေ လွယ်ကူစွာ မှတ်မိစေပါသည်။ သခင် အောင်ဆန်းသည် အင်္ဂလိပ်စာကြွယ်သလို မြန်မာစာကို ရေးသားရာ၌ မြန်မာပီသအောင်ညက်ပါသည်။ ထို့ကြောင့် ၎င်း၏ရေးဟန်မှာ မြန်မာတို့အဖို့ မြန်မာ့နား၊ မျက်စိနှင့် ထိမိကိုက်ညီသည်ဖြစ်၍ ဖတ်ရမှတ်ရ အဆင်ပြေစေပါသည်။

ဂျူးရင်းဆန့်ကျင်ရေး လက်ရာရှင်

၁၉၄၅ ခုနှစ်က အင်းစိန်ခရိုင် ဥက္ကံတောတွင်း၌ သခင်အောင်ဆန်း ဦးစီးသော ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပထမဆုံး သဘောတရားရေးသင်တန်း ဖွင့်လှစ်ပို့ချခဲ့ပါသည်။ ဆိုဗီယက် ကွန်မြူနစ်ပါတီ သမိုင်း၌ အရေးပါဆုံး ဖြစ်ရပ်ဖြစ်သော “ဂျူးရင်းဆန့်ကျင်ရေး အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါသည်။ ထိုဖြစ်စဉ်သည် ဗမာပြည်ကွန်မြူနစ် ပါတီ၏ နိုင်ငံရေး သင်တန်း၌ မပါမဖြစ် အရေးကြီးပို့ချချက် တစ်ရပ်အသွင် ပါရှိခဲ့ပါသည်။

သခင်အောင်ဆန်း၏လက်ရာ

ထို “ဂျူးရင်းဆန့်ကျင်ရေး ကျမ်းကို မြန်မာဘာသာ ပြန်ဆိုပို့ချကြရန်အတွက် သခင်ဗဟိန်း၏ ပြန်ဆိုရေးသားချက် တစ်စောင်၊ သခင်စိုး၏ ပြန်ဆိုချက် တစ်စောင်အပြင် သခင်အောင်ဆန်း ၏ ပြန်ဆိုချက် တစ်စောင်စီရှိခဲ့ပါသည်။ ယင်းသုံးစောင်စလုံးကို သင်တန်းသားများ လေ့လာခဲ့ကြရပါသည်။ ထိုသုံးစောင်ပြန်ဆိုချက်မှ သခင်အောင်ဆန်း ပြန်ဆိုသောစာမူသည် ပြန်ဆိုချက် မှန်ကန်တိကျ ရှင်းလင်း ပြေပြစ်လှသဖြင့် သင်တန်းသားတို့ အကြိုက်ဖြစ်ရာမှ သခင်အောင်ဆန်း၏ ပြန်ဆိုချက်ကိုသာ ရွေးချယ် သင်ကြားပို့ချပေးခဲ့ရပါသည်။

သတင်းစာအချိန်ပိုင်း အယ်ဒီတာ

သခင်အောင်ဆန်းသည် ထိုအချိန်မှစ၍ ၁၉၄၆ ခုနှစ် လောက်အထိ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသည့် လုပ်ငန်းကို မြန်မာ့အလင်း သတင်းစာတိုက်တွင် အချိန်ပိုင်း ဝင်ရောက် လုပ်ကိုင်ခဲ့သည်ဟု သိကြရသည်။ ထိုအချိန်က တို့ဗမာအစည်း အရုံးတွင် နိုင်ငံရေးတာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်။ တစ်ဖက်တစ်လမ်းမှ အသုံးစရိတ်ရရန် နိုင်ငံရေး စာပေဆောင်းပါးများနှင့် မြန်မာ့အလင်းသတင်းစာ ခေါင်းကြီးပိုင်းများကိုပါ ရေးသားလေ့ရှိသည် ဆိုပါသည်။

ဆောင်းပါးတစ်ပုဒ် ၁၀

သခင်အောင်ဆန်းရေးသည့် ဆောင်းပါးတစ်ပုဒ်ကို ထိုစဉ်က သုံးငွေ ရူပီး ၁၀ စာမူခ ချီးမြှင့်ကြောင်းနှင့် နောင်အခါ သခင်နုအစိုးရအဖွဲ့၌ အခွန်တော်နှင့် ဘဏ္ဍာရေး ဌာန ဝန်ကြီးဖြစ်သော ဦးတင် (မြန်မာ့အလင်း) က ကျွန်တော်တို့ သတင်းထောက်များနှင့် စကားလက်ဆုံ ကျစဉ် ပြောပြဖူးသည်။ ထိုအချိန်က လက်ဖက်ရည် တစ်ခွက် နှစ်ပြား၊ နံပြားတစ်ချပ် တစ်ပြား ပေးရသော “ကျပ်၊ ပဲ၊ ပြား စနစ်ခေတ် ဖြစ်သည်။ တစ်လ ၁၂ ကျပ်ရလျှင် မိသားစု ကောင်းကောင်း စားလောက်ကြသည်။

“အိုးဝေ မဂ္ဂဇင်းအယ်ဒီတာ

၁၉၃၄ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်၌ ဥပစာတန်း အောင်ပြီး၍ ဝိဇ္ဇာပထမနှစ် (ဘီအေ ၊ ဂျူနီယာ) ဆက်လက် တက်ရောက်နေစဉ် ၁၉၃၅- ၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ထုတ်ဝေသော “အိုးဝေ မဂ္ဂဇင်းတွင် တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်နေချိန်ဖြစ်သည်။

သူ့ကဗျာ သူ့လက်ရာ သိမ့်လှိုင်းရိုက်ခတ်သံ

ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်က ၎င်းတာဝန်ယူ ဆောင်ရွက်နေသာ “အိုးဝေ မဂ္ဂဇင်း တွင် သူ၏ ဘ၀ယုံကြည်ချက်များနှင့် အတွေးအမြင်များကို ထုတ်ဖော် ရေးသားလေ့ရှိသည်။ တစ်ချိန်တွင် အင်္ဂလိပ်ကဗျာဆရာ “William Ernest Henley” ၏ ကဗျာကို သူကိုယ်တိုင် ခံစားနားလည်ချက်မှ တစ်ဆင့် သူ၏ဘ၀ခံယူ ချက်နှင့် တစ်ထပ်တည်းကျသည့် ဒဿန အမြင်အတိုင်း ဖြစ်နေ၍ စူးစူးနစ်နစ် နှစ်ခြိုက်စွာ ဘာသာပြန်ဆိုပြီးနောက် “အိုးဝေ တွင် ဖော်ပြခဲ့လေရာ ဗိုလ်ချုပ်သာလျှင် ကွယ်လွန် သွားပြီ ဖြစ်သော်လည်း သူ့လက်ရာ၊ သူ့ကဗျာ၊ သူ့အမြင်က ယနေ့တိုင်အောင် ဖတ်ရှုခံစားရသူတိုင်း အဖို့ ရဲဝံ့တက်ကြွစေသော စိတ်လှိုင်းများ တသိမ့်သိမ့်ရိုက်ခတ်ရာမှ လှိုင်းထိပ် လှိုင်းထွတ်သို့အရောက် ရုတ်ခြည်း သိမ့်ခနဲ သက်ဆင်းသည့် ရွေ့လျော မျောပါသွားရခြင်းတည်း ဟူသော ကဗျူပဒေသ နည်းကျ “ဝီရရသနှင့် အမ္ဘုတ ရသ တို့ကို စွဲနစ်စွာ ခံစားနားလည်မိကြရပါသည်။

တော်ဝင်ကဗျာဆရာ

တကယ်တော့ ဗိုလ်ချုပ်ကား ဒဂုန်တာရာမြင်သည် “အရိုင်း (Crudity) ဆိုရမည်ထက် ကဗျာနှင့် ဆိုင်သော၊ ကဗျာဆန်သော စိတ်ကူးခံစားမှုရှိသည့် အနုပညာစွမ်းရည် (Poetically artistic skill) ပြည့်ဝသော အမျိုးသား တော်ဝင်ကဗျာဆရာတစ်ဦး (A National Poet Laureate) အဖြစ် ကျွန်တော်တို့ အသိအမှတ်ပြု လက်ခံကြရမည် ဖြစ်ပါသည်။

ဗိုလ်ချုပ်၏ ကဗျာဟန် ကဗျာမာန်

ဗိုလ်ချုပ်ကို စာရေးဆရာ (Author, writer) အဖြစ်သာ သိကြရသော်လည်း အနုပညာ စွမ်းရည်ပြည့် ကဗျာဆရာအဖြစ် လက်ခံနိုင်ကြရန်အတွက် ရည်ရွယ်ပြီး သူနှစ်ခြိုက်စွာ ဘာသာပြန်ဆိုခဲ့ပါသော မူရင်းအင်္ဂလိပ်ကဗျာစာပိုဒ်များနှင့်အတူ ဗိုလ်ချုပ်ပြန်ဆိုခဲ့သည့် ကဗျာဟန် ကဗျာမာန်တို့ကိုပါ ဖတ်ရှုခံစားနိုင်ပါရန် နှစ်မျိုးယှဉ်တွဲ၍ ဖော်ပြလိုက်ရပါသည်။

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

ငါ့အား...
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ
ယင်းမှောင်မိုက်အတွင်းမှနေ၍
အနိုင်မခံအရှုံးမပေးလိုသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်သိကြားတို့အား
ငါသည် ကျေးဇူးစကား ဆိုပါ၏။

In the fell clutch of circumstance,
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

လောကဓံတရား လက်ခုပ်တွင်းသို့
ဘယ်လိုပင် ကျရောက်စေကာမူ
ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို့ဖြင့် ရဲရဲနီနေ၏
သို့သော် ညွှတ်ကား မညွှတ်။

Beyond this place of wrath and tears
Looms but the Horror of the shades.
And yet the menace of the years
Finds and shall find me unafraid.

တစ်ဖန်ဆက်၍လည်း
လောဘ ဒေါသတို့
ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။
သို့ပင်မူ
ငါ့အား မတုန်လှုပ်သည်သာ တွေ့ရအံ့
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate,
I am the captain of my soul.

သုဂတိသွားရာ...
တံခါးဝသည် မည်မျှပင်ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ၏ အပြစ်တို့ကို
မည်မျှပင် ရေးမှတ်ထားသည်ဖြစ်စေ
ငါ့ကား ဂရုမပြု
ငါသာလျှင် ကံ၏ အရှင်သခင်ဖြစ်၏။
ငါသာလျှင် စိတ်၏ အကြီးအကဲ ဖြစ်တော့၏။ ။

ဘ၀ယုံကြည်ချက်နှင့် ဒဿန

ဗိုလ်ချုပ်၏ ဘာသာပြန်ကဗျာသည် တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ယုံကြည်ချက်နှင့် အတွေးအမြင် ဒဿနဖော်ကျူးချက်သာ ဖြစ်ပါသည်။ တစ်နည်း အားဖြင့်ဆိုပါသော် ဗိုလ်ချုပ်၏နိုင်ငံရေး အမာခံ ယုံကြည်ချက်ဟု ဆိုရပါမည်။

ငါ၏ဦးခေါင်း သွေးချင်းချင်းနီစေ မညွှတ်

ဗြိတိသျှနယ်ချဲ့သမားတို့၏ လက်အောက်ခံဘ၀ နှင့်တူသော လောကဓံတရား၏ လက်ခုပ်တွင်း၌ ကျရောက်နေရသော သူသည် မည်သည့်အခါမျှ ဒူးထောက်လက်မြှောက် အရှုံးပေးလိမ့်မည်မဟုတ်။ တုန်လှုပ်နေမည်မဟုတ်။ ငိုကြွေးနေမည်မဟုတ်။ ကံတရားတည်း ဟူသော နယ်ချဲ့လက်ပါးစေတို့၏ ညှဉ်းဆဲနှိပ်စက် ရိုက်ပုတ်ခြင်း ဒဏ်ကြောင့် သူ၏ဦးခေါင်း၌ သွေးချင်းချင်း နီစေကာမူ ဦးညွှတ်မည် မထင်ကြနှင့်ဟု ရဲရဲတောက် ဟစ်ကြွေးလိုက်သော သူရဲကောင်းတို့၏ တိုက်မောင်းခတ်သံ ဖြစ်ပါသည်။

လောဘ၊ ဒေါသတို့၏ နောက်ကွယ်၌

ဗိုလ်ချုပ်သည် ကဗျာဒုတိယပိုဒ်၌ဆက်၍ ရဲရင့်စွာ ထုတ်ဖော်ဟစ်ကြွေးလိုက်သည်။ လောဘတရား၊ ဒေါသ တရားများ ပြွမ်းတီးကြီးစိုးနေသော အခြားမဲ့၏ နောက်ကွယ်၌ သေခြင်းတရားစစ် တရားမှန်ကလည်း ဧကန်အမှန် ရှိနေကြောင်း ပွင့်လင်းမြင်သာအောင် ညွှန်ပြ ပြောဆိုလိုက်ပြန်သည်။

အသင့်စောင့် ကြိုနေသော သေတွင်း

ယင်းကြောက်မက်ဖွယ် စိုးရွံ့ဖွယ်ကောင်းလှသော သေတွင်းနှုတ်ခမ်းသည် အသင့်အနေ အထားဖြင့် ဟလျင်ငံ့လင့်နေ၏။ ပုထုဇဉ်မှန်သမျှ ဤနှုတ်ခမ်းတွင်း သက်ဆင်းကြရမည်ကို သိနေ၏။ သို့သော် သူသည် ယင်းသေခြင်းတရားကို ကြောက်နေလိမ့်မည် မဟုတ်ကြောင်း အတိအလင်း ဖွင့်ဟ ကြေညာလိုက်လေ၏။

မိမိသာပဓာန၊ မိမိသာအဓိက

သို့ပါသော်ငြား မိဘရိုးရာဘာသာတရားကို မပစ်ပယ်လိုဘဲ လက်ခံကျင့်ဆောင်ကြောင်း ပြလိုသည် ဖြစ်၍ မိမိသည် အများအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းဆောင်သူဖြစ် သဖြင့် လားရာဂတိ မကောင်းသော်ငြား၊ စိတ်ပျက်ကွက်ခြင်းမရှိ မိမိကိုယ်သာ ပဓာန၊ မိမိသာလျှင် အဓိကဖြစ်ကြောင်း၊ ရဲရဲတောက်ယုံကြည်ချက်၊ ခံယူချက်ကိုသာ ဤကဗျာဖြင့် ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေသည်။

ယင်းဗိုလ်ချုပ်၏ ဘ၀ယုံကြည်ချက်ကဗျာသည် ၁၉၄၀ ပြည့်နှစ် ဖေဖော်ဝါရီလ ဒဂုန်မဂ္ဂဇင်း တွင်လည်း “သခင်အောင်ဆန်း ကလောင်အမည်ဖြင့် မြန်မာပြန် သက်သက်ကဗျာ ပြန်လည်ဖော်ပြခဲ့သည်ကို ဖတ်ရှုကြရပါသည်။

အရိုင်းမဟုတ်သော တော်ဝင်ကဗျာဆရာ

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းကား “အရိုင်း မဟုတ်သော “အနုပညာဆန်၍ အနုပညာမြောက် တော်ဝင်ကဗျာဆရာတစ်ဦး ဖြစ်ကြောင်း မှတ်တမ်းပြု ရေးသား တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment