ရန်ကုန် ဒီဇင်ဘာ ၅
နိုင်ငံသံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိသန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒအမှူးပြုသော
တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြု
ဩဝါဒါစရိယအဖွဲ့ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ သင်ကြား၊ စီမံဆရာတော်များ၊ ကျမ်းစစ်ဆရာတော်များနှင့် ဘွဲ့ခံသံဃာတော်များ
ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊
တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘွဲ့ရဆရာတော်များ၏ ဒါယကာ၊ ဒါယိကာများနှင့်
အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်
ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ယနေ့ဘွဲ့ခံယူကြသည့်
သာသနာ့အာဇာနည်တို့သည် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာပိဋကတ်တော်များကို ဘာသန္တရပါတွဲဖက်၍ ခေတ်မီသင်ယူနည်းဖြင့် လေ့လာသင်ယူကြပြီးဖြစ်၍ စာပေကျမ်းဂန်သင်ယူမှုပရိယတ္တိသည်နိဿရဏတ္တာ
ပရိယတ္တိဖြစ်နိုင်အောင် “သောတာနုဂ တာနံဘိက္ခဝေဓမ္မာနံဝစသော ပရိစိတာနံမနုသာနုပေက္ခာတာနံ
ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါနံ စတ္တာရောအာနိသံသာပါဋိကင်္ကိတဗ္ဗာ” အစရှိသော အင်္ဂုတ္တရနိကာယစတုက္ကနိပါတသောတာ နုဂတသုတ်တော်ကို ဆင်ခြင်စဉ်းစားနှလုံးထားလျက် ပွားများကြိုးကုတ်အားထုတ်ကြရန်ဖြစ်ကြောင်း၊
ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖွင့်လှစ်ကြခြင်း၏ ရည်ရွယ်ချက် ၄ ချက်ထဲက တတိယအချက်ဖြစ်သော ပြည်တွင်းပြည်ပနှစ်ဌာနတို့၌ ဆင်းရဲချမ်းသာမရွေး ကျေးလက်တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုခြင်းနှင့်
စတုတ္ထရည်ရွယ်ချက်ဖြစ်သည့် လူအများ တွေ့ကြုံခံစားနေရသောကိုယ်စိတ်ဆင်းရဲခြင်း၊
နှလုံးမသာယာခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာတရားဒေသနာတော်ကြီးဖြင့် သက်သာပျောက်ကင်းချမ်းသာစေခြင်း
အကျိုးငှာပရဟိတပဋိပန္နပုဂ္ဂိုလ်အဖြစ်သို့ ရောက်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်တော်မူကြ၍ မြတ်စွာဘုရားသာသနာတော်ဝယ် တံခွန်အောင်လံသဖွယ် ထင်ရှားသည့် ရှေးသွားခေါင်းဆောင်များ
ဖြစ်ကြပါစေကြောင်းဖြင့် သာရဏီယဩဝါဒကထာမြွက်ကြားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ
အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ မိတ္ထီလာဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒက “ယခုအခါတွင်မြတ်စွာဘုရားရှင်၏
ဒေသနာတော်များကို သင်ယူလေ့ကျက်တတ်သိပြီးသော “သုတဗုဒ္ဓ”များအဖြစ်ရရှိကြပြီး မိမိကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်၍ အခြားသူတို့ကိုလည်း
လိုက်နာကျင့်ကြံအားထုတ်နိုင်စေရေးအတွက် ဖြန့်ဝေပေးရန်အချိန်တန်ပြီ ဖြစ်ကြောင်းသာသန
တက္ကသီလမဟာဓမ္မာစရိယဘွဲ့နှင့် ဓမ္မာစရိယဘွဲ့အသီးသီးကို ခံယူကြပြီးသည့်အတွက် ပရိယတိ္တစာပေနှင့်အခြား
ဗဟုသုတများပြီး ပြည့်စုံပြီဟု မဆိုနိုင်သော်လည်း အနာဂတ်သာသနာတော်ကြီးစည်ပင်ထွန်းကားပြန့်ပွားစေရန်
စွမ်းဆောင်နိုင်မည့် အရည်အချင်းပြည့် ပုဂ္ဂိုလ်များ၊ အားကိုးရာပုဂ္ဂိုလ်များအဖြစ် မှတ်ယူယုံကြည်ပါကြောင်း၊
မိမိသင်ယူတတ်မြောက်ပြီးသော ပရိယတ္တိဒေသနာဉာဏ်များဖြင့်သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးရပ်ပေါ်တွင်
ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ မိမိအကျိုး၊ အမျိုးဘာသာသာသနာအကျိုးကို ဦးလည်မသုန် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း”
သမ္မောဒနီယဩဝါဒကထာမြွက်ကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီးတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌတက္ကသိုလ်များ
အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ မိတ္ထီလာဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြုလက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)
မော်ကွန်းထိန်း ဆရာတော်တို့က ဘွဲ့ခံယူကြမည့်သာသနတက္ကသီလမဟာဓမ္မာစရိယ
M.A (Buddhism) ဘွဲ့ရ (၂၄) ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism) ဘွဲ့ရ (၁၁၉) ပါးတို့၏ ဘွဲ့တော်များကို ကြေညာ၍ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ
ဆရာတော်ထံတွင် ဘွဲ့ခံယူကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)
မော်ကွန်းထိန်း ဆရာတော်တို့က သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ခံယူတော်မူမည့်
ရဟန်းတော်များနှင့် သာသနတက္ကသီဓမ္မာစရိယဘွဲ့ခံယူတော်မူမည့် ရဟန်းတော်များအား တစ်ပါးချင်း၏
ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်များထံ ဘွဲ့ခံယူစေပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏
အဓိပတိသန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော်များက သာသနာပြုကတိသစ္စာခံယူကြသည်။
ထို့နောက်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ
အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ မိတ္ထီလာဆရာတော်
ဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင်
မြတ်စွာဘုရားတစ်ဆူအပါအဝင် ဘွဲ့ခံသံဃာတော် (၁၄၃) ပါး စုစုပေါင်း (၁၄၄)
ဆူ/ပါးတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊
ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူကြသည်။
ယနေ့ (၃၁) ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်တွင်
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Buddhism) ဘွဲ့ရ ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ
B.A (Buddhism) ဘွဲ့ရ (၁၁၉) ပါး စုစုပေါင်းဘွဲ့ရ အရှင်မြတ် (၁၄၃) ပါးဘွဲ့ခံယူခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များမှ
(၃၁) ကြိမ်မြောက်အထိ ဘွဲ့ခံယူခဲ့ကြသည့် ရဟန်းတော်စုစုပေါင်း
(၃၄၆၄) ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)



No comments:
Post a Comment