Saturday, July 19, 2025

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်

 

မကွေး ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ  ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။



ဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်း ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲနေမှုများကိုကြည့်ရှုအားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာပြခန်းများကိုလှည့်လည်အားပေးကာ ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့် ခဲ့သည်။

ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းဖြင့်သီဆို ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ပညာနှင့်ပတ်သက်ပြီးလိုအပ်ချက်များရှိနေခြင်းကြောင့် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့်အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် အားထားရမည့်သားကောင်းရတနာများအနေဖြင့် ကာယ၊ ဉာဏ၊ မိတ္တ၊ စာရိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငယ်စဉ်ကပင် စာအုပ်/စာပေကောင်းတွေကို ဖတ်ရှုလေ့လာကြရန်လိုအပ်ကြောင်း စာအုပ်/စာပေဆိုသည့်မှာ မည်မျှနှစ်ကာလကြာမြင့်သည်ဖြစ်စေ မဖတ်ရှုသေးပါကအသစ်ပင်ဖြစ်၍ မိမိအတွက် အသိပညာဗဟုသုတများပေးစွမ်းနိုင်ကြောင်း၊ မိမိတို့ဖတ်ရှုမှတ်သားခဲ့သည့် အသိဉာဏ်ပညာဗဟုသုတများကို အချင်းချင်းလက်ဆင့်ကမ်းမျှဝေကြမည်ဆိုပါက ကောင်းမွန်သည့်လူ့ဘောင်အသိုက်အဝန်းကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ပြောကြာသည်။ ထို့နောက် မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Violin group က တယောတီးမှုတ်၍ ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်ကလည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦးက လည်းကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား မကွေး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်ကလည်းကောင်း၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကလည်းကောင်း ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျောင်းသူက ပြန်လည်သရုပ်ပြယှဉ်ပြိုင်ခဲ့ သည်။

ထို့နောက် မကွေးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မင်္ဂလာ” သီးချင်းဖြင့်လည်းကောင်း မကွေးမြို့ နေခြည်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပန်းကလေးများရဲ့ဥယျာဉ်မှူး” သီချင်းဖြင့်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆားစည့်)မှ ကျောင်းသား/ကျောင်းသူများက  “ဇာတိမာန်” သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲများ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများအပြင် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကိုဖော်ကျူးသည့် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားခဲ့သော “သူ့ကျွန်မခံပြီ” စာအုပ်အပေါ် ကျောင်းသား/ကျောင်းသူများက အမြဲမပြတ်လေ့လာသင်ယူရေး Talk Show အစီအစဉ် ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာပြခန်းများနှင့် စာအုပ်အရောင်းဆိုင်းများပါဝင်ပြသခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူ အင်းအား ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်ဆက်)

No comments:

Post a Comment