နေပြည်တော် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ သေနတ်အတုဖြင့်ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
ဇွန်လ ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ
ကိုထက်လင်းအောင် (၂၉) နှစ်သည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃) ရပ်ကွက်ဘက်မှ
၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်ပြန်လာစဉ် မဟာအောင်မြေမြို့နယ်၊
ရဲမွန်တောင်ရပ်ကွက် ၃၉ လမ်း၊ ၅၁×၅၂ လမ်းကြားအရောက်၌ အမျိုးသား ၃ ဦးက ဆိုင်ကယ်အရှေ့မှ
ပိတ်ရပ်ကာ သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား
လုယက်ယူဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှ
သေနတ်ပြခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ
ဇွန်လ ၂၅ ရက် ညနေ ၄ နာရီခန့်တွင် ခြိမ်းခြောက်လုယက်မှုကျူးလွန်ခဲ့သူများအနက်မှ
မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်နေ ညီညီထွန်း (ခ) စီစီ (၁၉) နှစ် (ဘ) ဦးသောင်းထွန်းအား
မဟာမြိုင် (၂) ရပ်ကွက်၊ ၆၃x၄၃ လမ်းထောင့်၌ စူပါကပ်အမျိုးအစားဆိုင်ကယ်တစ်စီး၊
၎င်းဆိုင်ကယ်ခွကြားအတွင်း ဆာလာအိတ်ဖြင့် ထုပ်ပိုးသိုဝှက်၍ သယ်ဆောင်လာသည့် အရှည် ၃၂
လက်မခန့်ရှိ လွယ်ကြိုးပါကော်သေနတ် အရှည် (အတု) ၁ လက်တို့နှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိတရားခံ
ညီညီထွန်း (ခ) စီစီ၏ ထွက်ဆိုချက်အရ ၎င်းသည် ဇွန်လ ၂၀ ရက် ညပိုင်းတွင်
ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ကျေးရွာနေ စိုးမိုးအောင် (ခ) ဖိုးကျော် (၂၅) နှစ် (ဘ) ဦးသန်းအောင်ကျော်၊
ဟာနစ်တို့နှင့်အတူ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်တွင်
အမျိုးသားတစ်ဦးထံမှ HONDA CLICK ဆိုင်ကယ်တစ်စီးအား
သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ပြီး ချမ်းမြသာစည်မြို့နယ်ရှိ
အပေါင်ဆိုင်တစ်ဆိုင်၌ ပေါင်နှံ၍ ၎င်းတို့သုံးဦးခွဲဝေသုံးစွဲခဲ့ကြောင်း၊
စိုးမိုးအောင် (ခ) ဖိုးကျော်မှာ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်၊ ၃၇
လမ်း၊ ၇၃x၇၅ လမ်းကြားရှိ “Dream37” တည်းခိုခန်း၌
တည်းခိုနေထိုင်ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် စိုးမိုးအောင် (ခ) ဖိုးကျော်အား
အဆိုပါတည်းခိုခန်းရှိ အခန်းအမှတ် (၆၀၄၀) အတွင်းမှ အရိုး/ အသွား ၁၃ လက်မခန့်ရှိ
ဓားဦးချွန်တစ်ချောင်း၊ ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အတူ
လုယက်ယူဆောင်ခြင်းခံရသည့် ဆိုင်ကယ်အား ချမ်းမြသာစည်မြို့နယ်ရှိ အပေါင်ဆိုင်မှ
ပြန်လည်သိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်တွင်
သေနတ်အတုပြ၍ ခြိမ်းခြောက်ကာ လုယက်မှုကျူးလွန်သူသုံးဦးအနက် ညီညီထွန်း (ခ) စီစီနှင့်
စိုးမိုးအောင် (ခ) ဖိုးကျော်တို့နှစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ဟာနစ်အား
အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိတရားခံများအား တရားဥပဒေနှင့်အညီ
ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment