ပေါက်ပေါက်
ပလတ်စတစ်ညစ်ညမ်းမှု၏ အဓိကပြဿနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်မှိုက်၊ သစ်၊ ဝါး စသည့် အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲ နေခြင်းကြောင့်ဖြစ်သည်။ ထိုမျှသာမက ပလတ်စတစ်သည် မြေကြီးထဲ၊ ရေထဲမှဓာတ်များနှင့် ဓာတုဗေဒ တုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိ လာခြင်း၊ ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်များ ရောက်ရှိနေမှု ကို မထိန်းချုပ်နိုင်ပါက ၂၀၅၀ ပြည့်နှစ်အရောက်တွင် ပင်လယ်သမုဒ္ဒရာနေ သတ္တဝါမျိုးစိတ် ပမာဏထက် ပလတ်စတစ်ပမာဏက ပိုများနေလိမ့်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက သတိပေးထားသည်။
ပလတ်စတစ်အမှိုက်များအကြောင်း
နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက်
ပလတ်စတစ်အန္တရာယ်နှင့်ပတ်သက်၍ ကုလသမဂ္ဂမှထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ အောက်ပါအတိုင်းဖော်ပြထားကြောင်း
လေ့လာသိရှိရပါသည်-
ယနေ့ကမ္ဘာပေါ်တွင်
နှစ်စဉ် ပလတ်စတစ် တန်ချိန် သန်း ၅၀၀ မှ တန်ချိန်သန်းပေါင်း တစ်သန်း (တစ်ထရီလီယံ) အထိ
သုံးစွဲလျက်ရှိပြီး မိနစ်တိုင်းတွင် ပလတ်စတစ်အိတ်ပေါင်း တစ်သန်းနီးပါး စွန့်ပစ်နေကြသည်။
ကမ္ဘာပေါ်တွင်
နှစ်စဉ် ကုန်စုံဆိုင်လုပ်ငန်းသုံးအိတ်များကို ၅ ထရီလီယံအထိ သုံးစွဲနေပြီး ပလတ် စတစ်အိတ်များကို
ပြန်လည်အသုံးပြုမှုမရှိသဖြင့် ကမ္ဘာကြီးသည် အမှိုက်များဖြင့် ပိတ်နေပြီဖြစ်သည်။ ထို့ကြောင့်
ရာစုနှစ်ဝက်အရောက်တွင် ပလတ်စတစ်အိတ်တန်ချိန် ၁၂ ဘီလီယံကြောင့် ကမ္ဘာကြီး သည် ရေလွှမ်းမိုးမှုဒဏ်
ခံစားရနိုင်သည်။ ထိုသို့ နှစ်စဉ် ၅ ထရီလီယံ ထုတ်လုပ်နေခြင်းက တစ်မိနစ် လျှင် ပလတ်စတစ်အိတ်
၁၀ သန်းနီးပါး အသုံးပြုခြင်းနှင့် ညီမျှသည်။
အသုံးပြုပြီး
ပလတ်စတစ်အိတ်များကို ပြန်လည်အသုံးပြုမည့်အစား စွန့်ပစ်သဖြင့် အသုံးပြုပြီး ပလတ်စတစ်အိတ်
၇၉ ရာခိုင်နှုန်းသည် အမှိုက်အဖြစ် အဆုံးသတ်သွားသည်။
ကမ္ဘာပေါ်ရှိ
သမုဒ္ဒရာများသည် အန္တရာယ်ရှိသော ပစ္စည်းများစွန့်ပစ်မှုအတွက် အသုံးပြုခံနေရပြီး ရေနေသတ္တဝါများမှာလည်း
အမှိုက်သရိုက်များကြောင့် အသက်ရှင်ရန်ခက်ခဲလာကာ အချို့ ရေကြောင်းနေရာများသည် ပလတ်စတစ်စွပ်ပြုတ်ကဲ့သို့သော
နေရာအဖြစ် ပြောင်းလဲလာသည်။ ပလတ်စတစ်ပစ္စည်းအများစုသည် ရေကြောင်းကို ပိတ်စေပြီး ကောက်ရိုး၊
ပလတ်စတစ်အိတ်နှင့် ဇွန်း၊ ခက်ရင်း အစရှိသောပစ္စည်းများက အမှိုက်ပုံတစ်ခုကဲ့သို့ ဖြစ်လာသည်။
ပလတ်စတစ်အိတ်များသည်
ရေဆိုးပိုက်များကို ပိတ်စေသဖြင့် ရောဂါပိုးမွှားများ ပျံ့နှံ့ကူးစက်နိုင်ပြီး တိရစ္ဆာန်များ၏
အစားအစာထဲသို့ပါသွားပါက အသက်ဆုံးရှုံးနိုင်သည်။ အိန္ဒိယနိုင်ငံ၌ သေဆုံး သွားသော နွားများ၏ဝမ်းဗိုက်အတွင်း
ပလတ်စတစ်အိတ်များ တွေ့ရှိရပြီး ထိုင်းနိုင်ငံ၌ ဝေလငါး တစ်ကောင်သည်လည်း အသုံးပြုပြီး
ပလတ်စတစ်အိတ်များ စားသုံးမိသဖြင့် သေဆုံးခဲ့သည်။
ကမ္ဘာကိုခြောက်လှန့်နေသော
ပလတ်စတစ်အန္တရာယ်
အမေရိကန်သိပ္ပံပညာရှင်များ၏
တွက်ချက်မှုအရ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်အတွင်း ကမ္ဘာပေါ်တွင် လူသားများအနေဖြင့်
ထုတ်လုပ်သုံးစွဲလာသော ပလတ်စတစ်အလေးချိန်သည် တန်ချိန်ပေါင်း ၈ ဒသမ ၃ ဘီလီယံ အလေးချိန်ရှိနေပြီဖြစ်ကြောင်း
သိရသည်။ လွန်ခဲ့သော ၆၅ နှစ်ခန့် ကစ၍ ကမ္ဘာတစ်ဝန်း ထုတ်လုပ်သုံးစွဲလာခဲ့သည့် ပလတ်စတစ်ပမာဏသည်
ဆင်အကောင် သန်းတစ်ထောင်ခန့်နှင့် အလေးချိန်ညီမျှနေပြီး ကမ္ဘာကြီးသည် ပလတ်စတစ်ဂြိုဟ်ကြီးကဲ့သို့
ဖြစ် လာနေပြီဖြစ်ကြောင်း စိုးထိတ်ဖွယ် လေ့လာသိရှိရသည်။ ယနေ့ခေတ် လူသားတို့ ထုတ်လုပ်သုံးစွဲလိုက်သမျှ
ပလတ်စတစ်ပစ္စည်း ၇၀ ရာခိုင်နှုန်းကျော်သည် အလေအလွင့်ဖြစ်သွားပြီး မြစ်ချောင်းအင်းအိုင်များ
နှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ ရောက်ရှိကုန်ကြောင်း၊ ထုတ်လုပ်သမျှ ပလတ်စတစ်ပစ္စည်း
၁၂ ရာခိုင်နှုန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး ကျန် ၈၀ ရာခိုင်နှုန်းကျော်ခန့်က
ကမ္ဘာ့နေရာအနှံ့ ပျံ့နှံ့သွားကြောင်း သိရသည်။
အဆိုပါနှုန်းအတိုင်း
ဆက်လက်ဖြစ်ပေါ်နေမည် ဆိုပါက လာမည့် အနှစ် ၃၀ ခန့်တွင် ပလတ်စတစ် ပစ္စည်းစွန့်ပစ်မှုပမာဏ
တန်ချိန်ပေါင်း ၁၂ ဘီလီယံခန့် ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ပလတ်စတစ် အိတ်မှ လေယာဉ်ကိုယ်ထည်အထိ
ထုတ်လုပ်ခဲ့သမျှ ပလတ်စတစ်ပစ္စည်းအားလုံးသည် သဘာဝနည်းဖြင့် ပြန်လည်အသွင်ပြောင်းယူ၍မရဘဲ
မီးရှို့ဖျက်ဆီးပစ်မှသာ ဖျက်ဆီး၍ ရနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့မီးရှို့ခြင်းက
အီသိုင်လင်းအောက်ဆိုက်နှင့် ဒိုင်အောက်စင် စသည့် အန္တရာယ်ဖြစ်စေတတ်သော ဓာတ်ငွေ့များ
ထွက်ရှိလာသဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေပြီး ယင်းအငွေ့များကို ရှူရှိုက်မိသည့် လူ၏သွေးနှင့်
ဆီးထဲကို ရောက်ရှိပြီး ကင်ဆာရောဂါ ဖြစ်နိုင်သည်။
ထို့ကြောင့် ပလတ်စတစ်ပစ္စည်းများ
ထုတ်လုပ်သုံးစွဲမှုသည် အလွန်စိုးရိမ်ရသည့် ကိစ္စတစ်ရပ် ဖြစ် လာပြီး အစားထိုးသုံးစွဲမှုများနှင့်
ပြန်လည်သန့်စင်သုံးစွဲရေးအစီအမံများ အလွန်အရေးကြီးလာပြီဖြစ် ကြောင်းနှင့် ယနေ့ကမ္ဘာကြီးတွင်
လက်ရှိထုတ်လုပ်သုံးစွဲပြီးသော ပလတ်စတစ်ပမာဏသည် အာဂျင် တီးနားနိုင်ငံ အကျယ်အဝန်းကိုပင်
ဖုံးလွှမ်း၍ရနေပြီဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက တွက်ချက်သတိပေးထားသည်။
ပလတ်စတစ်အသုံးအဆောင်များ၏ ဘေးအန္တရာယ်
ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)
တွင် ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင်ရင်း ဓာတ်များသည် ဓာတုပစ္စည်းများနှင့်
ဆိုးဆေးများဖြစ်၍ အပူဓာတ်နှင့်ဖြစ်စေ၊ ဆီပါသော အစား အသောက်များနှင့်ဖြစ်စေ ထိတွေ့မိပါက
ယင်းဓာတုပစ္စည်းများက အစားအသောက်များထဲကို ဓာတ်ပြုပျော်ဝင်သွားကာ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်သည်။
ထို့နည်းတူ ကလေးနို့ဘူး ပြုလုပ် သည့် PVC ပလတ်စတစ်နှင့် ပလတ်စတစ်ရေပိုက်များတွင် မိုနိုမာ
(ခေါ်) အလွန်အဆိပ်ပြင်းသည့် ဓာတ် တစ်မျိုး ပါဝင်နေသည်။ ထို့ကြောင့် ကင်ဆာရောဂါဖြစ်စေသည့်
ပလတ်စတစ်ပစ္စည်းများကို ကျန်းမာရေး သတိအသိဖြင့် ရှောင်ရှားသင့်သည်။ ထို့ပြင် မယ်လမင်း
(ဖိုက်ဘာ) ပစ္စည်းများကလည်း အပူနှင့်ထိတွေ့ပါက ဓာတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်
ကင်ဆာရောဂါများကို ဖြစ်ပွားစေတတ် သည်။ ထို့ကြောင့် ဖန်ထည်၊ ကြွေထည်များဖြင့် ပြုလုပ်ထားသော
ပစ္စည်းများကိုသာ သုံးသင့်သည်။ ကလေးနို့ဘူးကိုလည်း ဖန်ထည်နှင့်ပြုလုပ်ထားသည့် ပစ္စည်းသုံးခြင်းက
ကလေးကို ပလတ်စတစ် ထဲမှာပါဝင်သော ဓာတုပစ္စည်းတွေ မနှောင့်ယှက်အောင် ကာကွယ်ပေးရာ ရောက်သည်။
သြစတြေးလျသုတေသီများ၏
လေ့လာမှု မှတ်တမ်းများအရ ပလတ်စတစ်တွင် phthalates (ခေါ်) ဓာတုပစ္စည်းတစ်မျိုးကို မကြာခဏဆိုသလို
တွေ့ရလေ့ရှိပြီး ယင်းဓာတုပစ္စည်းက ပလတ်စတစ် ကို ကြည်လင်စေရန်၊ ပျော့ပျောင်းစေရန်၊ တာရှည်ခံစေရန်
ပြုလုပ်ထားကြောင်း၊ ထိုဓာတုပစ္စည်းအုပ်စု ကို အစားအစာထုပ်ပိုးမှုများ၊ ဆေးဝါးထည့်ပစ္စည်းများ၊
ကလေးကစားစရာများနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးပြုမှုပိုများကြောင်း၊ ထို
phthalates ဓာတုပစ္စည်းများနှင့် ထိတွေ့သူများ၌ အမျိုးအစား-၂ ဆီးချိုရောဂါ၊ နှလုံးသွေးကြော
ဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါများဖြစ်နိုင် ကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။
အထူးသဖြင့် အမျိုးသမီးမျိုးပွားခြင်း၊
သန္ဓေတည်ခြင်းကို အနှောင့်အယှက်ပေးနိုင်သည့် (EDC) ဓာတုပစ္စည်းများသည် ပလတ်စတစ်ဘူး၊
ခွက်များတွင် ပါဝင်မှုများကြောင်း ဂျာမနီသုတေသီ များကဆိုသည်။ ပလတ်စတစ်ပစ္စည်းထဲတွင်
ပါရှိသော ဓာတုပစ္စည်း ၂၄၅၂၀ ခန့်အနက် DEHF ဒြပ်ပေါင်းက လူ့ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းကို
ကစဉ့်ကလျားဖြစ်စေနိုင်သည်။ အကျိုးဆက်အဖြစ် ခန္ဓာကိုယ်ဆဲလ်များ ဖွံ့ဖြိုးမှုမမှန်မကန်ဖြစ်သွားကာ
ဆဲလ်ပျက်စီးခြင်းနှင့် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကင်ဆာဖြစ်နိုင်ကြောင်း သုတေသီများက
သတိပေးထားသည်။ ထို့ပြင် မွေးဖွားလာသော ကလေးတွင် အင်္ဂါမစုံခြင်း၊ နှလုံးရောဂါ၊ အစာအိမ်နာခြင်းများ
ဖြစ်ပွားနိုင်သည်။
အချို့သူများက
သွားတိုက်တံကို မိုက်ကရိုဝေ့ မီးဖိုတွင် အပူပေးပိုးသတ်လေ့ရှိကြသည်။ ထိုနည်း က လွန်စွာ
မှားယွင်းနေပါ သည်။ သွားတိုက်တံများကို ပလတ်စတစ်၊ ဆီလီကွန်၊ နိုင်လွန်ပစ္စည်းများဖြင့်
ပြုလုပ်ထားကြပြီး ၎င်းတို့ကို မီးဖိုမှာအပူငွေ့ပေး လိုက်ရာ Bisphenol-A (BPA) ခေါ်
ဓာတုပစ္စည်း တစ်မျိုးထွက်ရှိလာသည်။ ထိုဓာတ်က ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေသည့်အပြင်
ကျား-မ မြုံခြင်း ကိုပါ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ သွားတိုက်တံ တစ်ချောင်းကို
အများဆုံး သုံးလထက် ပို၍ မသုံးဘဲအသစ်လဲလှယ်ပါ။ မိမိကိုယ်ပိုင်သီးသန့် သွားတိုက်တံသုံးပါ။
ဖြစ်နိုင်ရင် သွားတိုက်တံ မသုံး မီ ရေခပ်နွေးနွေး၊ ဆပ်ပြာတို့ဖြင့် စိမ်၍ သန့်စင်ဆေးကြောပြီးမှသုံးပါ။
ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး
ဓာတုနည်းပညာဖြင့်
ပြုလုပ်ထားသော ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့် နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရသည့်
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများမှာ တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက်
တစ်နှစ် ကြောက်ခမန်းလိလိတိုး၍နေသည်။ ထို့ကြောင့် ယင်းဖြစ်ရပ်များ လျော့နည်းကျဆင်း စေပြီး
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည် စေရန်ရည်ရွယ်၍ မြန်မာပြည်အနှံ့ရှိ တိုင်းဒေသကြီး၊
ပြည်နယ်၊ မြို့နယ်များတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ကကြီးမှူးကာ ပြည်သူများ ကြွပ်ကြွပ်အိတ်လျှော့ချသုံးစွဲရေး
အသိ ပညာပေးဆွေးနွေးပွဲများ၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုအစား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့်
ထုပ်ပိုးပစ္စည်းများအဖြစ် အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာစက္ကူအိတ်များ ပေးဝေခြင်းနှင့်
ပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်းစသည့် ပုံစံအမျိုးမျိုးဖြင့် အသိပညာပေးဆွေးနွေးလျက်ရှိသည်။
အချုပ်ဆိုသော်
ပလတ်စတစ်ထုတ်ကုန်များသည် ဈေးသက်သာပြီး ထုပ်ပိုးရန်လွယ်ကူသော် လည်း ကျန်းမာရေးဆိုင်ရာ
ပြဿနာများကို ဖြစ်ပေါ်စေခြင်း၊ ဆွေးမြည့်ရန်မလွယ်ကူခြင်း၊ ဂေဟစနစ်ကို ပျက်စီးစေခြင်း
စသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု၊
ညစ်ညမ်းမှုများမှာ လူသားတို့၏စည်းကမ်းမဲ့၊ ဆင်ခြင်တုံတရား မဲ့မှုတို့ကြောင့် ဖြစ်လာရသည်။
ပြုပြင်ထိန်းသိမ်းမှု၊ တားဆီးကာကွယ်ထိန်းချုပ်မှုများကို အချိန် မနှောင်းမီ ပြုလုပ်ကြရန်
လူတိုင်းကိုယ်စီ အသိတရားများဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီ ဖြစ်သည်။ ထို့ကြောင့်
အများပြည်သူတို့အနေဖြင့် ပလတ်စတစ်အိတ်သုံးစွဲမှုကို ငြင်းပယ်ခြင်း၊ ဈေးဝယ်ထွက်လျှင်
ဈေးဝယ်အိတ်၊ ဆွဲခြင်းများ အသုံးပြုခြင်း၊ အလွယ်တကူ ဆွေးမြည့်နိုင်သော ထုပ်ပိုးပစ္စည်းများကိုသာ
အသုံးပြုခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို လျှော့ချရန်လိုအပ်ပါကြောင်း နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကြောင့်
ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်အသွယ်သွယ်က ရှောင်လွှဲ၍ လွတ်ဖို့ခဲယဉ်းသည့်အလျောက်
အညစ်အကြေးကင်းစင်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကို လူတိုင်းကိုယ်စီ တည်ဆောက်နိုင်ကြပါစေကြောင်း
တိုက်တွန်းလိုက်ရပါသည်။ ။

No comments:
Post a Comment