Saturday, November 23, 2024

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင် စာပေပညာရှင်ကြီးများ၏ ရင်တွင်းစကားသံများ

 

တွေ့ဆုံမေးမြန်း

နဒီမင်း၊ လင်းရာမ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်ကအသိအမှတ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင် စာပေပညာရှင်ကြီးများအား ရွေးချယ်ချီးမြှင့်လိုက်ပြီဖြစ်သည်။ သို့ပါ၍ အဆိုပါ စာပေပညာရှင်ကြီးများနှင့် မေးမြန်းချက်များအား ရေးသားဖော်ပြလိုက်ရပါသည်။


ာပေလောကထဲကိုရန်ကုန်တက္ကသိုလ်ရောက်တဲ့ ၁၉၅၁ ခုနှစ်မှာ စခဲ့တယ်ပေါ့။ ဆရာ့ရဲ့ ကဗျာတစ်ပုဒ် တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းမှာပါခဲ့တာ အင်မတန်ဝမ်းသာခဲ့ရတယ်။ အခု အသက် ၉၁ နှစ်ရှိပါပြီ။ ရေးခဲ့တဲ့ ပညာပေးစာအုပ်က ၂၃ အုပ် တိတိ၊ ဓမ္မစာပေစာအုပ်က ၇၂ အုပ် စုစုပေါင်း ၉၅ အုပ်ရှိပါပြီ။ အခုလို စာပေရေးသားခဲ့တဲ့အပေါ် မှာ အသိအမှတ်ပြု ဂုဏ်ပြုပေးခဲ့တဲ့အတွက်ကြောင့် ကျေးဇူးတင်ပါ တယ်။ ဆုရလိုက်တဲ့အခါကျတော့လူတွေလည်း ဆရာ့ကိုပိုသိလာမယ်။ ရေးတဲ့စာပေတွေကိုလည်း ပိုပြီးဖတ်ချင်လာမှာပါ။ ပိုပြီးလည်းအကျိုး ကျေးဇူးတွေများပါတယ်။ ဆရာကတော့ ပညာပေးစာပေရော၊ဓမ္မစာပေတွေရော ရေးသားပါတယ်။ ဒီလိုရေးတဲ့အခါမှာလည်း စာဖတ်သူတွေအတွက် အကျိုးများအောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးခဲ့ပါတယ်။ စာဖတ်တဲ့ပရိသတ်တွေ လက်ခံကြပါတယ်။အခုလိုတစ်သက်တာ စာပေဆုချီးမြှင့်လိုက်တာဟာ ဆရာ့အတွက် ပိုပြီးဂုဏ်ယူဝမ်းသာစရာပါ။ ဆရာရေးခဲ့တဲ့စာပေတွေကို ပိုပြီးဖတ်ရှုလာကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ပိုပြီးလည်း ဖတ်ရှုပေးကြပါလို့ ပြောချင်ပါတယ်။

ဒေါက်တာမင်းတင်မွန်ကို မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်ရွာတွင် ၁၉၃၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် အဖ ဦးရောအင်၊ အမိ ဒေါ်စိန်တန်တို့က မွေးဖွားခဲ့ပြီးမွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။

ဒေါက်တာမင်းတင်မွန်သည် ကမာဝက်မူလတန်းကျောင်းနှင့် မုဒုံမြို့ ရှင်အရဟံအထက်တန်းကျောင်းတို့၌ ပညာဆည်းပူးစဉ် အတန်းစဉ် ပထမရခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် အစိုးရကျောင်းထွက်လက်မှတ်ရ စာမေးပွဲနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတို့ကို သင်္ချာ၊ အထွေထွေသိပ္ပံ ဂုဏ်ထူးနှင့် ပထမအဆင့်မှ အောင်မြင်ပြီးလျှင် ရန်ကုန်တက္ကသိုလ်၌ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ၁၉၅၃ ခုနှစ် ဥပစာတန်းစာမေးပွဲတွင် သင်္ချာပထမဆု၊ ဓာတုဗေဒပထမဆုရပြီး တက္ကသိုလ်ဟိုးဝါးကိန်း ရွှေတံဆိပ်ဆုနှင့် တက္ကသိုလ်စကောလားရှစ် ပညာချွန်ဆုတို့ဖြင့် ချီးမြှင့်ခံရသည်။

၁၉၅၅ ခုနှစ် သိပ္ပံဘွဲ့စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များ၌ ဂုဏ်ထူးရရှိပြီး တစ်တန်းလုံးတွင် ပထမရသဖြင့် တက္ကသိုလ်ဟာဂျီဘိုင်များ ရွှေတံဆိပ်ဆုချီးမြှင့်ခြင်း ခံရသည်။

ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် အချိန်ပိုင်းသရုပ်ပြဆရာအဖြစ် ခန့်ထားခြင်းခံရသည့်အပြင် နိုင်ငံခြားပညာတော်သင်ဆုကို လည်းရရှိခဲ့သည်။

၁၉၅၆ ခုနှစ် သိပ္ပံဓာတုဗေဒ ဂုဏ်ထူးတန်းစာမေးပွဲ၌ ပထမဆင့်မှအောင်မြင်ပြီး ပထမရသဖြင့် တက္ကသိုလ် ဦးရွှေလေး ရွှေတံဆိပ်ဆုဖြင့် ချီးမြှင့်ခံရသည့်အပြင် ဆာဦးသွင်ရွှေတံဆိပ်ဆုကိုပါ ထပ်ဆင့်ရရှိခဲ့ သည်။ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် လက်ထောက်ကထိက အဖြစ် ခန့်ထားခြင်းခံရသည်။ ၁၉၅၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်တွင် ဘွဲ့လွန်ပညာဆည်းပူးရာ ၁၉၅၈ ခုနှစ်၌ မဟာသိပ္ပံဘွဲ့ကိုရသည့်အပြင် တက္ကသိုလ်သဟာယပညာချွန်ဆုကြီး (University Fellowship)ကိုပါ ရရှိခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် သိပ္ပံပါရဂူဘွဲ့ (Ph.D)ကို အသက် ၂၆ နှစ်အရွယ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။ ဆစ်မာဆိုင်(Sigma Xi) ဂုဏ်ထူးဆောင်အသင်းကိုလည်း ဝင်ခွင့်ရခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန၌ ကထိက ရာထူးတိုးမြှင့်ခြင်းခံရသည်။ ထို့နောက် မော်လမြိုင် ဒီဂရီကောလိပ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ပညာရေးတက္ကသိုလ်တို့တွင် ဓာတုဗေဒဌာနမှူးနှင့် ကထိကတာဝန်ကိုထမ်းဆောင်ရသည်။ ၁၉၈၆ ခုနှစ်မှစ၍ ၁၉၈၈ ခုနှစ်ထိ မော်လမြိုင်တက္ကသိုလ် ဓာတုဗေဒဌာနမှူးနှင့် တွဲဖက်ပါမောက္ခ၊ ထို့နောက် ကထိကတာဝန်တို့ကို ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် တက္ကသိုလ်များ၌ ၃၆ နှစ်ခွဲ တာဝန်ကျေပွန်စွာ ထမ်းဆောင် ပြီးသည့်နောက် အငြိမ်းစားယူခဲ့သည်။ ၁၉၉၃ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၀၈ ခုနှစ် ဇွန် ၁ ရက်အထိ သာသနာရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ပါမောက္ခအဖြစ် သင်ကြားပို့ချသည်။ ဒေါက်တာ မင်းတင်မွန်သည် ၁၉၈၃ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့၊ ၂၀၀၅ ခုနှစ်တွင် ဓမ္မဗိမာန်တစ်သက်တာစာပေဆု ချီးမြှင့်ခံရသည်။ ယခုအခါ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ခံရသည်။

စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)

အမျိုးသားစာပေ တစ်သက်တာဆုက နိုင်ငံတော်က အသိအမှတ်ပြုတာပေါ့။ စာရေးဆရာဆိုတာက ကိုယ်ရေးတဲ့စာကို ဖတ်တဲ့သူရှိရင် ကြည်နူးနေတယ်၊ ပီတိဖြစ်နေတယ်။ အဲဒီဖတ်တဲ့သူအတွက်ဘယ်လောက်အကျိုးရှိလဲ ဆိုတာလေးသိရရင်ပိုပြီးတော့ ပီတိဖြစ်တာပေါ့။ ကိုယ်ရေးတဲ့စာ ဖတ်တဲ့သူဆီ အကျိုးသက်ရောက်မှုမရှိတဲ့ စာရေးမိရင်တော့ မကောင်းဘူးပေါ့။ အခုကတော့ နိုင်ငံတော်အဆင့်ကနေ အသိအမှတ်ပြုတာ ဒီပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်တွေရေးတဲ့ စာတွေဟာဆိုရင် နိုင်ငံတော်အတွက် အကျိုးရှိတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုသင့်တယ် ဆိုပြီးတော့ အမျိုးသားစာပေတစ်သက်တာစာပေဆု ပေးတာပေါ့။ ဆရာတို့က ၅၂ ခုနှစ်ကစပြီးတော့ စာပေလောကထဲ ရောက်ခဲ့တာပါ။ အခုနိုင်ငံတော်ကချီးမြှင့်တဲ့ ကိုယ်ရေးတဲ့စာပေဟာ စာဖတ်သူအတွက် အကျိုးရှိတယ်ဆိုတဲ့ တန်ဖိုးကိုအသိအမှတ်ပြုတာ။ ဦးညွန့်ဆွေကို အသိအမှတ်ပြုတာမဟုတ်ဘူး။ ရေးတဲ့စာကို အသိအမှတ်ပြုတာ၊ အကျိုးရှိတယ်ဆိုတာကို အသိအမှတ်ပြုတာ ပီတိဖြစ်ရပါတယ်။ စာအုပ်တွေ စာပေတွေဆုရတယ်ဆိုတာ စာရေးဆရာတွေရဲ့ ပီတိကဒါပါပဲ။ အခုဆိုရင်လည်းပဲ အမျိုးသားစာပေတစ်သက်တာဆု ဒါကတော့ ဒီအသက်အရွယ်အထိ အသက် ၉၀ အထိ ၁၈ နှစ်သားကရေးလာတာ ဒီလိုမျှော်မှန်းချက်နဲ့မှ မဟုတ်ဘဲနဲ့၊ မျှော်မှန်းချက်လည်းထားလို့မှမရဘဲ။ ဒီနေ့ဒီရက်မှာဆုရတာ ပီတိဖြစ်ရပါတယ်။ ကျေးဇူးလည်းတင်ရပါတယ်။ အခုကျတော့ အတွေ့အကြုံတွေရေးတယ်။ အတွေ့အကြုံဆိုတာ ကိုယ်ကြုံခဲ့တာကိုရေးတာ။ များသောအားဖြင့် တပ်ထဲမှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကိုရေးထားတာ။ စာအုပ်က တော်တော်အချိန်ယူရ တယ်။ အဲဒီစာအုပ်တွေက ဆရာဝန်တင်ရွှေဆုတို့၊ ထွန်းဖောင်ဒေးရှင်း တို့၊ ပခုက္ကူဦးအုံးဖေတစ်သက်တာဆုတို့ ချီးမြှင့်ပါတယ်။ အဲတော့ စာရေးတဲ့သူက သူသူကိုယ်ကိုယ်လေ ဆရာကျွန်တော့်ကိုကူညီတာ ကျေးဇူးတင်တယ်ဆို ပီတိဖြစ်တယ်။ ကိုယ်ရေးတဲ့စာကို စာဖတ်တဲ့သူတွေက အသိအမှတ်ပြုလို့ ဆုချီးမြှင့်တယ်ဆိုတော့ ပီတိဖြစ်ပါတယ်။ တစ်သက်လုံးကြိုးစားခဲ့သမျှ အသက် ၉၀ မှာအသိအမှတ်ပြုခံရတယ်။ ဒီထက်ကောင်းတဲ့ပီတိ မရှိတော့ပါဘူး။

စာရေးဆရာ ဦးညွန့်ဆွေသည် အဖဦးငွေဆိုင်(စာရေးဆရာငွေစိုး)၊ အမိဒေါ်ဆင့်တို့က စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် မွေးဖွားခဲ့သည်။

၁၉၅၄ ခုနှစ် မတ်လတွင် တပ်မတော်ဗိုလ်လောင်းအဖြစ် ဝင်ရောက်ခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်းနည်းပြမှ ဒုတိယတိုင်းမှူး အဆင့်အထိ အဆင့်ဆင့် တာဝန်များထမ်းဆောင်ခဲ့သည်။ နယ်ဘက်၊ အရပ်ဘက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး၊ ထိုင်းနှင့်စင်ကာပူနိုင်ငံတို့တွင် သံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန တွင် ဒုတိယဝန်ကြီးအဆင့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ၁၉၅၁-၁၉၅၂ ခုနှစ်တွင် ကိုယ်တွေ့ စစ်ရေးမှတ်တမ်း၊ သုတ၊ ရသ၊ လုံးချင်းဝတ္ထုများ ရေးသားခဲ့သည်။ ၁၉၅၄ ခုနှစ်မှစ၍ စာရေးခဲ့ပြီး ၁၉၇၇ ခုနှစ်မှစ၍ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတိုများ ပြန်လည်ရေးသားသည်။ “မောင်ဆွေငယ်”ဟူသော ကလောင်အမည်နှင့် ဆက်တိုက်ရေးသည်။ ၂၀၀၂ ခုနှစ်တွင် ဒုတိယဝန်ကြီးအဆင့်မှ အငြိမ်းစားယူပြီး စာရေးခြင်းအလုပ် သာဆက်တိုက်လုပ်ခဲ့သည်။ လျှပ်တစ်ပြက်၊ ပေါ်ပြူလာ၊ အလင်းတန်း ဂျာနယ်တို့တွင် ဆောင်းပါးများဆက်တိုက်ရေးသည်။ ပေါ်ပြူလာ ဂျာနယ်တိုက်တွင် တိုက်ထိုင်အကြံပေး၊၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်သော မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းတွင် ဒုတိယဥက္ကဋ္ဌဖြင့်လည်း ကောင်း၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ ဥက္ကဋ္ဌအဖြစ်လည်းကောင်းတာဝန်ယူ လျက်ရှိသည်။ ဆရာကြီးသည် ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်(ပထမ အဆင့်)၊ လူမှုထူးချွန်(ပထမအဆင့်)နှင့် ပခုက္ကူ ဦးအုံးဖေတစ်သက်တာ စာပေဆု ရရှိခဲ့သည်။ ယခုအခါ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏတွင် မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။

စာပေပညာရှင်ဆရာကြီး ဦးသန်းဆွေ(မောင်သန်းဆွေ-ထားဝယ်)

စာပေနယ်ကို ၁၉၈၅ ခုနှစ် ဇူလိုင်လထုတ် ရှုမဝမဂ္ဂဇင်းမှာ မောင်သန်းဆွေ (ထားဝယ်)အမည်နဲ့စတင်ပြီး ထားဝယ်ရောက် ဆင်ဖြူမရှင် သမိုင်းဆောင်းပါးနဲ့ စာပေနယ်ထဲ ဝင်ရောက်ခဲ့တာပါ။ လုံးချင်းစာအုပ်ပေါင်း ၄၅ အုပ် ထုတ်ပြီးပါပြီ။ ၂၀၀၇ ခုနှစ်မှာ ရတနာဂီရိ နိဒါန်းစာအုပ်နဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ သုတ‌ပဒေသာ ဝိဇ္ဇာဘာသာရပ် အတွက်ပါ။ ၂၀၁၁ ခုနှစ်မှာလည်း စွယ်စုံမီဒီယာဂရု(ပ်) သုတစွယ်စုံ စာအုပ်တိုက်က ချီးမြှင့်တဲ့ သုတစွယ်စုံစာပေဆု ဝိဇ္ဇာဘာသာရပ်အတွက် ထီးသတင်းနန်းသတင်းစာအုပ်နဲ့ ရခဲ့ပါတယ်။ အခုလို တစ်သက်တာဆု ချီးမြှင့်ခံရတဲ့အပေါ် အတိုင်းမသိ ဝမ်းသာပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အသိအမှတ်ပြုတယ်လို့ပဲ ခံယူပါတယ်။

ဦးသန်းဆွေကို ၁၉၄၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ခရိုင်ရဲဝန် ဦးစူ၊ ဒေါ်ရွှေရွှေတို့က မွေးဖွားသည့် တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်စဉ်ကထားဝယ်မြို့၌ မူလတန်းပညာများကို စတင်သင်ကြားသည်။ ရန်ကုန်မြို့ မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း(ယခု အထက-၁၊ ဒဂုံ)တွင် အခြေခံ ပညာမူလတန်းမှစ၍ ပြန်နေရပြီး အထက်တန်းအထိ ပညာသင်ကြားခဲ့ သည်။ ၎င်းကျောင်းမှပင် ၁၉၆၀ ပြည့်နှစ်၌ တက္ကသိုလ်ဝင်တန်းအောင်မြင် သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိသည်။ပညာရေး ဌာနတွင် သုံးနှစ်ခန့် အမှုထမ်းဖူးသည်။ ထို့နောက် အိုင်ယာလန်နိုင်ငံ ဒါဗလင်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့သည်။

ယနေ့အထိ လုံးချင်းစာအုပ်ပေါင်း ၄၅ အုပ် ရေးသားပြီးပြီ။ ၂၀၀၇ ခုနှစ်တွင် “ရတနာဂီရိနိဒါန်း” စာအုပ်ဖြင့် အမျိုးသားစာပေဆုကို သုတပဒေသာ ဝိဇ္ဇာဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ် စွယ်စုံမီဒီယာဂရု(ပ်) သုတစွယ်စုံစာအုပ်တိုက်မှ ချီးမြှင့်သောဆဋ္ဌမအကြိမ် မြောက် သုတစွယ်စုံစာပေဆု(ဝိဇ္ဇာဘာသာရပ်အတွက်)ကို “ထီးသတင်း၊ နန်းသတင်း”စာအုပ်ဖြင့် ရရှိခဲ့သည်။

၂၀၁၁-၂၀၁၂ အထိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ် ၂၈ ရက်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံတော်ကချီးမြှင့်သော လူမှုရေးထူးချွန်ဆု(ပထမအဆင့်)၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုတို့ကို ရရှိခဲ့သည်။ ယခုအခါမြန်မာသမိုင်းအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

No comments:

Post a Comment