နေပြည်တော် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာအနီး၌ PDF အမည်ခံအကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ
၁ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ မြင်းနီကျေးရွာနေ ဦးဆန်းဝေ (ဘ) ဦးအောင်ဝင်းနှင့်
အသက် ၁၁ နှစ်အရွယ် မောင်ကံကောင်း (ဘ) ဦးဆန်းဝင်းတို့ ၂ ဦးသည် အဆိုပါကျေးရွာ၏ အနောက်ဘက်၌
နွားကျောင်းနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့်
၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မောင်ကံကောင်းသည် ရရှိဒဏ်ရာများဖြင့်
သေဆုံးခဲ့သည်။
အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက
သွားရောက်စစ်ဆေးခဲ့ပြီး ဦးဆန်းဝေနှင့် မောင်ကံကောင်းတို့အား နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့
ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ ကျေးရွာနေပြည်သူများအား အကြောင်းမဲ့ဗုံးထောင်ဖောက်ခွဲခဲ့သည့်
အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment