Monday, December 12, 2022

စားသုံးသူပြည်သူများ စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက် သာသော စားသုံးဆီများဖြန့်ဖြူးနိုင်ရေး ဦးတည်ဆောင်ရွက်

 


ရန်ကုန်    ဒီဇင်ဘာ   ၁၂

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အကြိမ်(၃၀)မြောက် ၂၀၂၁ ခုနှစ် နှစ်ပတ်လည် ပုလဲရတု၏အသင်းသားစုံညီအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက  ရန်ကုန်မြို့  လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အကြိမ်(၃၀)မြောက် ပုလဲရတု နှစ်ပတ် လည်အသင်းသား စုံညီအစည်းအဝေး၏ သဘာပတိ အသင်းဥက္ကဋ္ဌ  ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ဖြစ်ပေါ် မှုကိုအခြေခံပြီးစားသုံးဆီဈေးနှုန်းများမှာလည်း နှစ်ပေါင်းများစွာ အတွင်း ဈေးမြင့်တက်လာသည် နှင့်ကြုံတွေ့ရသည့်အတွက်  စားသုံးသူပြည်သူများ စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန် ပြီး ဈေးနှုန်းသက်သာသော စားသုံးဆီများ ဖြန့်ဖြူး နိုင်ရေးကိုဦးတည်ပြီးအသင်းကဆောင်ရွက်ခဲ့ ကြောင်း၊၂၀၂၁  ခုနှစ်စက်တင်ဘာ ၁၅ ရက်မှ စတင်၍၂၀၂၂ ခုနှစ်မတ် ၆ ရက်အထိမြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ရည်ညွှန်းဈေးနှုန်း ဖြင့် စားအုန်းဆီဝယ်ယူတင်သွင်းနိုင်ရန် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၈၂ သန်းရောင်းချပေးခဲ့ပြီး အဆိုပါငွေများဖြင့် ဝယ်ယူတင်သွင်းခဲ့သည့် ဆီများကို ရန်ကုန်မြို့ရှိ  လက်လီ/ လက်ကားလုပ်ငန်းရှင်များ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် များရှိလုပ်ငန်းရှင်များသို့ အသင်း ခွဲများမှတစ်ဆင့် ရောင်းချပေးခြင်း နှင့် ဈေးကားများဖြင့် ရောင်းချပေး ခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေါ်လာ ၈၂ သန်းအနက်မှ ၅၉ သန်းနှင့်ညီမျှသောပမာဏဖြင့် အသင်း၏ကြီးကြပ် မှုနှင့်အတူ စားသုံးဆီစုစု ပေါင်း ၄၅၂၀၈ ဒသမ ၇၂ တန်ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့၍ ကုမ္ပဏီများမှ စားသုံးဆီ ၁၇၀၅၁ ဒသမ ၁၃ တန်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း။

ယခုနှစ်တွင် အသင်းအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ ဆီစက်များ တိုးတက်လာရေး အပါအဝင် စားသုံးဆီတန်ဖိုးကွင်းဆက်တစ်လျှောက်လုံး ပါဝင်သည့် Edibal Oil  Industry Value Chain ဖွံ့ဖြိုး တိုးတက်ရေး၊ စားသုံးဆီကဏ္ဍ Edibal Oil Sector တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်သွားရေးကိုလည်း  အစီအမံများ  ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက  အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံအနေဖြင့် ဆီဖူလုံမှုလိုအပ်ချက်ကြောင့် စားသုံး ဆီများကို  ပြည်ပမှ  တင်သွင်းစားသုံးနေရပြီး ပြည်တွင်း၌ ဆီထွက်သီးနှံများစွာ စိုက်ပျိုးထုတ်လုပ် ခြင်းဖြင့် ပြည်တွင်းဆီဖူလုံရေးကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသင်းအနေဖြင့် စားသုံးဆီ Supply Chain တွင် စိုက်ပျိုးသည်မှကြိတ်ခွဲရေး၊ ဆီတင်သွင်း ရေး၊ ဖြန့်ဖြူးရေးကိစ္စများကို ပါဝင်ဆောင်ရွက်ရန် လိုအပ်ပြီး  ဆီထွက်သီးနှံများစွာ စိုက်ပျိုးထုတ်လုပ်မှု ဖြင့် ပြည်ပသို့ တင်ပို့ခြင်းနှင့် ပြည်တွင်းဆီကြိတ်ခွဲ ထုတ်လုပ်ခြင်းကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ပြည်တွင်းဆီစက်များအနေဖြင့် ပြည်တွင်းဆီဖူလုံရေးအပြင် ပြည်ပသို့တင်ပို့ နိုင်ရေးကို ရည်ရွယ်ချမှတ် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များ အသင်းနှင့် အသင်းဝင်များအားလုံး ဆတက်ထမ်းပိုး တိုး၍ နိုင်ငံအကျိုး၊ တိုင်းဒေသကြီးအကျိုး၊ အသင်း နှင့် အသင်းဝင်များ အကျိုးနှင့် စားသုံးသူပြည်သူတို့ အကျိုးကို  မိမိတို့နိုင်သည့်ဘက်မှ  တာဝန်ယူ ထမ်းဆောင်ပြီး ကြီးပွားတိုးတက်အောင်မြင်ပါစေ ကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက် သီးနှံ  နေကြာစိုက်ဧက  ၁ ဒသမ ၅ သန်း  တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို  အကောင်အထည်ဖော် ဆောင်ရွက်ရန် မိမိတို့ဝန်ကြီးဌာန အပါအဝင် ဝန်ကြီး ဌာန  ငါးဌာနမှ ပြည်ထောင်စုဝန်ကြီး  ငါးဦးဖြင့် ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး ကော်မတီအား ၂၀၂၂ ခုနှစ်မတ် ၁ ရက်တွင် ဖွဲ့စည်းခဲ့ပြီး  လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးကို ပြည်နယ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကာ အဆိုပါကော်မတီ၏ စားသုံးဆီဖူလုံရေး အတွက် ဆီထွက် သီးနှံများ၊ တိုးချဲ့ စိုက်ပျိုးရေး ကော်မတီတွင်  ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ဆီထွက် သီးနှံများတိုးချဲ့စိုက်ပျိုးခြင်းဖြင့် ထွက်ရှိလာ သည့် ကုန်ကြမ်းများ ရရှိနိုင်ရေးကိုဆောင်ရွက်လျက် ရှိကြောင်း။

ပြည်တွင်း ဆီထွက်သီးနှံကုန်ကြမ်းများ လုံလောက်စွာ ရရှိနိုင်ရေးကို ဆောင်ရွက်နေသကဲ့ သို့တစ်ဖက်တွင် လည်း ဆီကြိတ်ခွဲစက်များ အရည်အသွေးမြှင့်တင် နိုင်ရေးနှင့် အသစ်တည်ဆောက် ရေးတို့ကို တစ်ပြိုင် တည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြန်မာ နိုင်ငံ ပြည်တွင်းစားသုံးဆီဖူလုံရေးမှတစ်ဆင့် ပြည်ပ သို့ ဆီကောင်း၊ ဆီသန့်များ တင်ပို့ရောင်းချနိုင်ရန် ရည်မှန်း၍Value Chain တစ်ခုလုံး ချိတ်ဆက်မှု အားကောင်းရန် ဆောင်ရွက်နိုင်ရေးအတွက်  အသင်း၏ တာဝန်ရှိသူများအားလုံးနှင့် အသင်းသားများက စည်းလုံး ညီညွတ်စွာဖြင့် ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ  ဝိုင်းဝန်းကြိုးပမ်း  ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းနှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးသိန်းဟန်တို့က အမှာစကားပြော ကြားပြီး ၂၀၂၁ ခုနှစ် ဗဟို အလုပ်အမှု ဆောင်ကော်မတီ၏ နှစ်ချုပ်အစီရင်ခံစာ ကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးပိုင်ဖြိုးသန့် က ဖတ်ကြားရှင်းလင်းတင်ပြသည်။

၂၀၂၁ ခုနှစ် နှစ်ချုပ်စာရင်း၏ အစီရင်ခံစာကို ငွေအဉ္စလီ Audit Farm ပြင်ပစာရင်းစစ် ဒေါ်သီတာဝင်းက ဖတ်ကြားအတည်ပြုပြီး အကြိမ်(၃၀)မြောက် အသင်းသားစုံညီအစည်း အဝေး၏  သဘာပတိ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်း က နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သတင်းရရှိသည်။          

သတင်းစဉ်၊ ဓာတ်ပုံ - ဇော်မင်းလတ်

No comments:

Post a Comment