မကွေး နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာအုပ်စု၊ ညံတော အင်းကျေးရွာ ကွင်းအမှတ်(၃၈၄)ရှိ စိုက်ပျိုးမြေဧကများအား သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း မြင့်မားလာစေရေးအတွက် ဧရာဝတီမြစ်မှ ရေကို ရေစုပ်စက်ဖြင့် စုပ်တင်ပြီး မိုးသီးနှံသာမကဆောင်းသီးနှံနှင့် နွေသီးနှံကိုပါ တိုးတက်စိုက်ပျိုးလာစေရန် ညံတောအင်းဆိုလာလျှပ်စစ် မြစ်ရေတင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါစီမံကိန်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ညံတောအင်းကျေးရွာရှိ မြစ်ရေတင် စီမံကိန်းဖြင့် စိုက်ပျိုးအောင်မြင်နေသည့် မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည်
ညံတောအင်းဆိုလာ လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး အဆိုပါစီမံကိန်းမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်
စိုက်ပျိုးရေပေးဝေဆောင်ရွက်မှု အခြေအနများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စီမံကိန်းရှင်းလင်းဆောင်သို့
ရောက်ရှိ ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေ) တိုင်းဒေသကြီးဦးစီးမှူးနှင့်
တာဝန်ရှိသူတို့က စီမံကိန်းတည်ဆောက်မှု၊ စီမံကိန်းတည်ဆောက်ဆဲကာလအတွင်း စိုက်ပျိုးရေပေးဝေမှုနှင့်
ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်(PIM)ဖြင့် WUG အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများနှင့်
ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး၊ တင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင် ရွက်ခဲ့သည်။
ညံတောအင်းကျေးရွာသည် ဧရာဝတီမြစ် အရှေ့ဘက် မြစ်ကမ်းဘေးတွင်
တည်ရှိသည့်အတွက် ဧရာဝတီမြစ်မှ ရေကို လျှပ်စစ် + ဆိုလာစနစ် တွဲဖက်တပ်ဆင် မောင်းနှင်မည့်
ရေစုပ်စက်ဖြင့် လက်ရှိအသုံးပြုနေသော ရေကန်ငယ်အတွင်းသို့ မောင်းတင်သော ရေတင်စနစ်ဖြင့်
ရေပေးဝေခြင်းဖြစ်ပြီး ကွင်းအမှတ်(၃၈၄)၏ ကွင်းရှိဧက(၂၄၂)အနက် တကွင်းတစ်စပ်တည်း ညီညာပြန့်ပြူးစွာ
တည်ရှိသည့် လယ်မြေ(၈၉) ဧကနှင့် ယာမြေ(၁၁၁)ဧက စုစုပေါင်း(၂၀၀)ဧကအား စိုက်ပျိုးရေပေးဝေဆောင်ရွက်နိုင်ခဲ့သည့်အတွက်
တစ်နှစ်လျှင်(၃)သီး စိုက်ပျိုးနိုင်တော့မည်ဖြစ်၍ သီးနှံစိုက်စွမ်းအား၊ သီးနှံအထွက်နှုန်းများ
မြင့်မားလာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး ညံတောအင်းကျေးရွာနေ
ပြည်သူများ၏ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်း ကျေးရွာရှိ မြစ်ရေတင်စီမံကိန်းဖြင့်
စိုက်ပျိုးထားသည့် ကွင်းအမှတ်(၃၈၄)ရှိ တောင်သူ ဦးလင်းလင်းနိုင်၏ လယ် ယာမြေ ဧက(ဝ.၈၄)ဧကသို့
ရောက်ရှိပြီး ကွင်းအတွင်း မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးကာ တစ်ဧကအထွက်နှုန်း အနေဖြင့်(၁၃၀.၆၆)ရာခိုင်နှုန်း
ထွက်ရှိခဲ့ကြောင်းနှင့် အဆိုပါ စပါးထွက်ရှိမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သိရှိလိုသည်များကို
မေးမြန်းခဲ့ရာ ဒေသခံတောင်သူ ဦးလင်းလင်းနိုင်မှ ပြန်လည် ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး
စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက မြစ်ရေတင်စီမံကိန်းဖြင့် သီးနှံများ စိုက်ပျိုးထားရှိမှု
အခြေအနေများနှင့် လယ်ယာလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ
တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှုပြုခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများနှင့်
တွေ့ဆုံ၍ မိမိတို့ ဒေသ အတွင်း သီးနှံများစိုက်ပျိုးရာတွင် တစ်နှစ်ကို သီးနှံသုံးသီး
စိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးသော သီးနှံများအားလုံး
အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည် အသွေး ကောင်းမွန်စေရေးတို့အတွက်
မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်သုံးစွဲပြီး စိုက်ပျိုးကြစေလိုကြောင်း၊
သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်း လိုအပ်သော မျိုးကောင်း၊ မျိုးသန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ပံ့ပိုးပေးသွားမည်ဖြစ်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်နိုင်သည့်ဘက်မှ
အစဉ်အမြဲ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေသခံတောင်သူများက မိမိဒေသအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
လိုအပ် ချက်များ တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာန
များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူတို့က ဒေသခံတောင်သူများထံ ဆောင်းနေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)



No comments:
Post a Comment