မကြာသေးမီကာလ ၂၀၂၁ ခုနှစ်အတွင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူဖြစ်စေမည့် အမိန့်ကြော်ငြာချက်နှစ်ခုကို မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ ပထမတစ်ခုမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့် ဂျပန်ယန်းငွေနှင့်အတူ တရုတ်နိုင်ငံသုံး ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင် ရောင်းဝယ်ဖောက်ကား ခွင့်ပြုကြောင်း ဖော်ပြထားသည့်ကြေညာချက်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို မြန်မာ-တရုတ်နယ် စပ်ဒေသတွင် တရားဝင် တိုက်ရိုက်အသုံးပြု ပေးချေခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သောအမိန့်ကြော်ငြာချက်ပင်ဖြစ်သည်။
ပထမအကြောင်းအရ မြန်မာနိုင်ငံအတွင်းရှိ လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို တရာဝင် လဲလုပ်ရောင်းဝယ်နိုင်ပြီဖြစ်သဖြင့် ယခင်က အမေရိကန်ဒေါ်လာမှတစ်ဆင့် လဲလှယ်ရောင်းဝယ်ခြင်းလုပ်ရန် မလိုတော့ဘဲ ကျပ်နှင့် ယွမ်ငွေကို တိုက်ရိုက်လဲလှယ်ရောင်းဝယ်နိုင်ပြီ ဖြစ်သည်။ ပြောရလျှင် တရုတ်-မြန်မာ ဆက်သွယ် ဆက်ဆံရေးနှင့် ကုန်စည်များအတွက် ငွေရှင်းလင်းရာတွင် နှစ်ဖက်ပိုမို အကျိုးဖြစ်ထွန်းလာမည် ဖြစ်သည်။
စာရေးသူ၏ ကိုယ်တွေ့ဖြစ်စဉ်များအရ ပြောရလျှင် တရုတ်နိုင်ငံသို့သွားသည့် ခရီးစဉ်များ၌ တရုတ်နိုင်ငံတွင် သုံးမည့်ယွမ်ငွေကို မြန်မာပြည်တွင် တရားဝင်လဲလှယ်၍မဘဲ အခက်တွေ့ခဲ့ရသည်။ တရုတ်ပြည်ရောက်မှ အမေရိကန်ဒေါ်လာကို ယွမ်နှင့်လဲပြီး အသုံးပြုခဲ့သည်။ အချိန်ကုန်ခံပြီး တကူးတက သွားလဲရသဖြင့် ခရီးစဉ်ကို အနှောင့်အယှက်ဖြစ်ရသည်။ ယခုမူ တရုတ်နိုင်ငံသို့ မည်သည့်အကြောင်းကိစ္စဖြင့် သွားရောက်ကြသည်ဖြစ်စေ ယွမ်ကို အဆင်ပြေစွာလဲယူသွားနိုင်ပြီဖြစ်သည်။
နေတော်အမိန့်ကြော်ငြာအရ
တရုတ်မြန်မာနယ်စပ်ဒေသများတွင် မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေကို
တရားဝင်တိုက်ရိုက်လဲလှယ်ပေးချေပြီး ရောင်းဝယ်နိုင်ပြီဖြစ်ရာ နယ်စပ်ဒေသကုန်သွယ်ရေး လုပ်ငန်းများတွင်များစွာထိရောက် အကျိုးဖြစ်ထွန်းလာမည် ဖြစ်သည်။ အထူးသဖြင့်
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများသည် နောင်တွင် ပိုမိုသွက်လက်ကာ ထိရောက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ယခင်က နယ်စပ်ကုန်သွယ်ရေး အတွက် ငွေပေးချေရာတွင် အမေရိကန်ဒေါ်လာမှတစ်ဆင့်သာ လဲလှယ်ပေးချေခွင့်ရခဲ့ရာ ယခုအခါ ယွမ်နှင့်ကျပ်
တိုက်ရိုက်ပေးခွင့်ရလိုက်သဖြင့် မြန်မာရော တရုတ်ကုန်သည်များပါ အထူးဝမ်းမြောက်ကျေနပ် ခဲ့ကြသည်။
၂၄-၂-၂၀၂၁
ရက်နေ့က ရန်ကုန်မြို့၌ ကျင်းပခဲ့သော မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် မှုတွင် ယွမ်၊
ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံကုန်သည် များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ မြန်မာလုပ်ငန်းရှင် ဦးဇော်ဝင်းက
မြန်မာ-တရုတ် နယ်စပ်တွင် ယွမ်၊ ကျပ်ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်ပြီ ဖြစ်သဖြင့်
ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှုကြောင့် ဒေါ်လာငွေလဲလှယ်ဈေးနှုန်း အဆမတန်မြင့်တက်ခြင်းကို
အထိုက်အလျောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဒေါ်လာငွေမှ တစ်ဆင့်ခံ၍ အသုံးပြုရာမလိုအပ်တော့ဘဲ အချိန် ကုန်သက်သာသည်နှင့်အမျှ Transaction
Fees အကုန်အကျသက်သာသွားမည်ဖြစ်ပြီး Exchange
Rate Risk များကိုလည်း
လျှော့ချနိုင်မည်ဖြစ်ကြောင်း ပို့ကုန်နှင့် သွင်းကုန်ကဏ္ဍနှစ်ရပ်လုံးတွင် Non-Tariff
Barriers များကို အထိုက်အလျောက်ဖယ်ရှားနိုင်မည်ဖြစ်ပြီး
ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့ရေးအတွက် Trade
Facilitation များ၊ Trade Financing များကို
ဆောင်ရွက်ရာတွင်လည်း လွယ်ကူသွားမည်ဖြစ်ကြောင်း၊ ထိုမျှမက တရားမဝင်ကုန်သွယ်မှု များကို
ပပျောက်စေရန် ကြပ်မတ်တားဆီးရာတွင်လည်း အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ယခုကဲ့သို့ တရားဝင်ဆောင် ရွက်ခွင့်
ရရှိခဲ့သဖြင့် မိမိတို့ကုန်သည်များ၊ လုပ်ငန်းရှင်များအတွက် များစွာ အဆင်ပြေချောမွေ့သွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံ ကွမ်ရှီးတိုင်းရင်းသား
လူမျိုးများတက္ကသိုလ်၊ အာဆီယံသုတေသန စင်တာ၊ သုတေသီ လျောက်ချွင်းယုံကလည်း
“တရုတ်-မြန်မာ ကုန်သွယ်ရေးထဲမှာ
ယွမ်ငွေ ပေးချေမှုကို တိုက်ရိုက်အသုံးပြုခြင်းရဲ့ အဓိကဦးတည်ချက်က မြန်မာနိုင်ငံအတွင်း
ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ကာလအတွင်း စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ပေး ရုံတင်မကဘူး
တရုတ်-မြန်မာ ကုန်သွယ်ရေးနဲ့ မြန်မာနိုင်ငံ ပြည်တွင်းစီးပွားရေး အရည်အသွေးကို
နိုးထလာစေဖို့ ဖြစ်ပါတယ်။ ပြီးတော့ အနေအထားတစ်ခုအရ နယ်စပ် မှောင်ခိုဈေးကွက်ရဲ့
မြေအောက်ကုန်သွယ်ရေးတွေကို ထိုးနှက်နိုင်မှာဖြစ်ပြီး နယ်စပ်စီးပွားရေး
စီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်
နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ လိမ်ညာမှုတွေ အပေါ်မှာလည်း အပြုသဘောဆောင် ထိန်းကွပ်
ကာကွယ်နိုင်မှာဖြစ်ပါတယ်”ဟု သုံးသပ်ပြောကြားခဲ့သည်။
ယူနန်ပြည်နယ်
ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ လျှိုကွမ်းရှီးက “၂၀၀၉ ခုနှစ် ဇူလိုင်လပိုင်းကစပြီး ယွမ်ငွေကို အိမ်နီးချင်းနိုင်ငံတွေမှာ
နိုင်ငံတကာအဆင့် ရောက်ရှိသုံးစွဲနိုင်ခြင်းနဲ့ ယွမ်ငွေတောင်ဘက်သို့ထွက်ခွာခြင်းဆိုတဲ့
ဦးတည်ချက်ရဲ့ ကြီးမားတဲ့ခြေလှမ်း၊ ကြီးမားတဲ့အောင်မြင်မှုကြီး ဖြစ်ပါတယ်။ ယူနန်နဲ့
မြန်မာအကြား ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ
ယွမ်နဲ့ ကျပ် တိုက်ရိုက်ပေးချေနိုင်ခြင်းအားဖြင့် အကျိုးရှိမှုကို
တိုးမြှင့်လာစေနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ယွမ်နှင့်ကျပ်
တိုက်ရိုက်ပေးချေနိုင်ရေး လုပ်ငန်းစဉ်စတင်ခြင်း
မြန်မာကျပ်နှင့်
တရုတ်ယွမ်ငွေတို့ နယ်စပ်ကုန်သွယ်ရေးများတွင် တရားဝင်လဲလှယ်ပေးချေ နိုင်ရေး လုပ်ငန်းစဉ်သည်
၂၀၁၉ ခုနှစ်ကပင် နှစ်နိုင်ငံ စတင်ဆောင်ရွက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်
ဇန်နဝါရီလတွင် တရုတ်နှင့် မြန်မာ တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြပြီးနောက် မြန်မာနိုင်ငံ ဗဟိုဘဏ်က
ယွမ်ကို မြန်မာနိုင်ငံအတွင်း တရားဝင် ပေးချေနိုင်သည့်ငွေအဖြစ် ထည့်သွင်းခဲ့ပြီး ၂၀၂၁
ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံပြည်တွင်း၌ ယွမ်ငွေကို
တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည်။
နှစ်နိုင်ငံသဘောတူခြင်းဖြင့်
ဖော်ဆောင်ခဲ့သော ယွမ်၊ ကျပ်ငွေတို့ဖြင့် ကနဦးပေးချေခြင်း တစ်ရပ်ကို ၂၀၂၁ ခုနှစ်
ဒီဇင်ဘာလ ၂၀ ရက်နေ့က မူဆယ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာ့ချည်ထည်
ချုပ်လုပ်ရေးကုမ္ပဏီတစ်ခုက ကုန်စည်တင်ပို့ရာမှ ရရှိသည့် ပထမဆုံးစရန် တရုတ်ယွမ်
ခြောက်သောင်းကို မူဆယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ ယွမ်ငွေအကောင့် ထဲသို့ငွေသွင်းပြီး
လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
ဒီဇင်ဘာ
၂၁ ရက်တွင်လည်း လင်ချန်းပြည်ပ ကုန်သွယ်ရေးလုပ်ငန်း၊ ယူနန်လုံရှန့်ကုန်သွယ်ရေး
ကုမ္ပဏီတို့၏ ကုန်တင်ပို့မှုအတွက် ယူနန်ပြည်နယ် သယ်ဟုန်ဒေသ ICBC
ဘဏ်သို့ငွေပေးချေခြင်းဖြင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုငွေပေးချေခြင်းကို
အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
တရုတ်-မြန်မာ
နယ်စပ်ကုန်သွယ်ရေးစခန်းများ
မြန်မာ-တရုတ်နယ်စပ်တွင် တရားဝင်ကုန်သွယ်ရေးစခန်း လေးခုရှိရာ ၎င်းတို့မှာ-
(၁) မူဆယ်-ရွှေလီစခန်း၊
(၂) ချင်းရွှေဟော်-လင်ချန်းစခန်း၊
(၃) ကန်ပိုက်တီး-ထိန်ချုံးစခန်း၊
(၄) လွယ်ဂျယ်-လုံချွမ်စခန်းတို့ ဖြစ်ကြသည်။
မှတ်တမ်းများအရ
မူဆယ်-ရွှေလီစခန်းကို ၁၂-၁-၁၉၉၈ ရက်တွင်လည်းကောင်း၊ လွယ်ဂျယ်လုံချွမ်စခန်းကို
၂၃-၈-၁၉၉၈ ရက်တွင် လည်းကောင်း၊ ချင်းရွှေဟော် - လင်ချန်းစခန်းကို
၁၉-၁၀-၂၀၀၃ ရက်တွင်လည်းကောင်း၊ ကန်ပိုက်တီး -ထိန်ချုံးလခန်ကို
၁-၈-၂၀၀၉ ရက်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ကြောင်း
သိရသည်။
တရုတ်နိုင်ငံသည်
မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏
၂၀၀၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမရှစ်လတွင်
တရားဝင်စာရင်းဇယားများအရ
မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံခန့်ရှိပြီး
တရုတ်-မြန်မာကုန်သွယ်မှုတန်ဖိုးသည်
စုစုပေါင်ကုန်သွယ်မှု၏ သုံးပုံတစ်ပုံ ဘီလီယံခန့်) ရိုးကြောင်းသိရသည်။ ယင်းကိုးဘီလီယံခန့်၏ ထက်ဝက်ဖြစ်သော ၄ ဒသမ ၅ ဘီလီယံခန့်မှာ တရုတ်-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့်
စီးဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တစ်နည်းအားဖြင့် နယ်စပ်ကုန်သွယ်ရေးသည်
မြန်မာနိုင်ငံအတွက် အရေးပါကြောင်း ဖော်ညွှန်းလိုက်ခြင်းပင်ဖြစ်သည်။ ထိုနယ်စပ်
ကုန်သွယ်ရေးစခန်းများတွင်လည်း မူဆယ်-ရွှေလီ စခန်းမှတစ်ဆင့် ကုန်သွယ်မှုတန်ဖိုးသည်
တရုတ်မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုး၏ ၈၃ ရာခိုင်နှုန်းရှိရာ စခန်းလေးခုအနက်
အမြင့်ဆုံးဖြစ်ကြောင်း တွေ့သည်။ တရုတ်နိုင်ငံ စီးပွားရေဝန်ကြီးဌာန၏ ကုန်သွယ်ရေးအက်အလက်များအရ ၂၀၂၁ ချက်
ပထမခြောက်လအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၇ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်များကထက် ခုနစ်ရာခိုင်နှုန်း
တိုးတက်ခဲ့ကြောင်းသိရသည်။
အများဆုံးကုန်သွယ်သောကုန်ပစ္စည်းများ
မှတ်တမ်းများအရ
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့
အဓိကတင်သွင်းနေသော ကုန်ပစ္စည်းများမှာ
ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်း၊ သစ်သီးဝလံ၊ လက်ဖက်ခြောက်၊
ရေထွက်ပစ္စည်း၊ ရော်ဘာ၊ ကျောက်မျက်ရတနာနှင့် တိရစ္ဆာန်ထွက်ပစ္စည်းတို့ ဖြစ်ကြောင်းသိရသည်။ အလားတူ တရုတ်နိုင်ငံသက်မှ အဓိကတင်သွင်းသော ကုန်ပစ္စည်းများမှာ စက်မှုပစ္စည်းများ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုကုန်ကြမ်းများ၊ လူသုံးကုန်နှင့် လျှပ်စစ်
ပစ္စည်းများဖြစ်ကြသည်။
အကျိုးကျေးဇူးများ
ယွမ်နှင့်
ကျပ်ငွေကို တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် တိုက်ရိုက်လဲလှယ်ပေးချေ နိုင်ပြီဖြစ်ရာ
အောက်ပါအကျိုးကျေးဇူးများကို ရရှိလာတော့မည်ဖြစ်သည်-
(၁) ယွမ်နှင့် ကျပ် တိုက်ရိုက်လဲလုပ်ပေးနိုင်ခြင်းနှင့်အတူ ကုန်သည်များနေဖြင့် သက်ဆိုင်ရာဘဏ်များတွင် ယွမ်နှင့် ကျပ်ငွေ အကောင့်ဖွင့်လှစ်နိုင်ခြင်း၊ ငွေလွှဲရာတွင် ပိုမိုလွယ်ကူခြင်း၊
(၂) ယခင်ကကဲ့သို့ ငွေလဲရာတွင် ရာခိုင်နှုန်းပေးရန် မလိုအပ်တော့ခြင်း၊
(၃) အရိကန်ဒေါ်လာ ကြားခံမရှိတော့သဖြင့် ဒေါ်လာဈေးအတက်၊ အကျကြောင့် ထိခိုက် နစ်နာမှုများကို လျှော့ချနိုင်ခြင်း၊
(၄) ကုန်သွယ်မှုဆိုင်ရာ စာရင်းအချက်အလက် ပြည့်စုံတိကျစွာနှင့် နိုင်ငံတော်က အခွန်ငွေ
ပိုမိုရရှိနိုင်ခြင်း၊
(၅) တရားမဝင်ကုန်သွယ်မှုများ လျော့နည်းသွားနိုင်ခြင်း၊
(၆) နယ်စပ်ကုန်သွယ်ရေးများ ပိုမိုချောမွေ့လာသည်နှင့်အမျှ နှစ်နိုင်ငံကုန်သည်များ ကုန်ပစ္စည်းတင်ပို့မှု ပိုမိုမြင့်မားလာပြီး ကုန်သွယ်မှုပမာဏလည်း မြင့်မားလာနိုင်ခြင်း၊
(၇) ငွေကြေးစီးဆင်းမှု ပိုမိုလွယ်ကူအဆင်ပြေသဖြင့်
ကုန်ပစ္စည်းများတင်ပို့ရာတွင် အချိန် ကုန်သက်သာပြီး စောင့်ဆိုင်းရခြင်းများ
လျော့နည်းကာ အထူးသဖြင့် သစ်သီးဝလံများ အရည်အသွေးကျခြင်း၊
စွန့်ပစ်ရခြင်း ဘေးမှလျော့နည်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ
ရရှိနိုင်မည်ဖြစ်သည်။
နှစ်နိုင်ငံကုန်သွယ်မှုတွင်
သက်ဆိုင်ရာနိုင်ငံငွေကြေးဖြင့် ပေးချေနိုင်ခြင်းက ပို၍သင့်မြတ်လှ ပေသည်။ ကုန်သွယ်စီးပွားလုပ်ငန်းများတွင်
အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုကြီးမားလာသည်နှင့်အမျှ နိုင်ငံအလိုက်
လူမှုစီးပွားဘဝကို အနည်းနှင့်အများ ထိခိုက်နိုင်ပေသည်။ ထို့ကြောင့် ဥရောပနိုင်ငံများတွင်
အမေရိကန်ငွေကြေးနှင့် အမေရိကန် စီးပွားရေးစက်ကွင်းမှ လျော့ပါးကင်းဝေးနိုင်ရန်
ယူရိုငွေကြေးကို တီထွင်အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
အချုပ်ဆိုရသော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထာဝရဆွေမျိုးပေါက်ဖော်အိမ်နီးချင်း၊ မြန်မာနိုင်ငံ၏ ကြီးမားသောကုန်သွယ်ဖက်နိုင်ငံ၊ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတစ်ခုဖြစ်ရာ ယခုကဲ့သို့ နှစ်နိုင်ငံ ငွေကြေးဖြစ်သော တရုတ်ယွမ်နှင့် မြန်မာကျပ်ငွေကို နှစ်နိုင်ငံကုန်သွယ်ရာတွင် တိုက်ရိုက်ပေးချေနိုင်ခြင်းဖြင့် အနာဂတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးအကျိုးဖြစ်ထွန်းလာမည့်အပြင် မြန်မာ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း များစွာအထောက်အကူပြုလာမည်ဟု မျှော်လင့်ပါကြောင်း ရေးသားလိုက်ရပါ သည်။ ။
ကိုးကားချက်
- နိုင်ငံပိုင်သတင်းစာများ
- CRI
သတင်းဌာနမှ သတင်းအချက်အလက်များ
မြင့်ဝေလှိုင်
No comments:
Post a Comment