Thursday, October 24, 2019

မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(MLIS) တည်ဆောက်ခြင်း လုပ်ငန်းပြီးဆုံးမှု အစီရင်ခံ တင်ပြခြင်းနှင့် ဥပဒေပေါင်းချုပ်စာအုပ် ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၃
မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(MLIS) တည်ဆောက်ခြင်း လုပ်ငန်း ပြီးဆုံးမှုအစီရင်ခံ တင်ပြခြင်းနှင့် ဥပဒေပေါင်းချုပ်စာအုပ် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် ဦးစားပေးကဏ္ဍဖြစ်သည့် တရားဥပဒေစိုးမိုးမှု တိုးတက်လာရေးကို အထောက်အကူဖြစ်စေမည့် မြန်မာဥပဒေသတင်း အချက်အလက်စနစ်ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် အောင်မြင်စွာ စတင်ထုတ်လွှင့် နိုင်ခဲ့ပါကြောင်း၊ အဆိုပါစနစ် တည်ထောင်ရေးအတွက် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (KOICA)နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် ဆွေးနွေးမှုမှတ်တမ်း (Record of Discussion) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။
ကိုရီးယားနိုင်ငံ အစိုးရဥပဒေပြုဝန်ကြီးဌာန(MOLEG)၊ KOICA ၊ ကိုရီးယားဥပဒေ သတင်းအချက် အလက်ဌာန(KLIS)မှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိ သူများသည် ယင်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းစနစ်သည် မြန်မာနိုင်ငံ၏ ဥပဒေသတင်းအချက်အလက်များကို ပြည့်စုံစွာ ဖော်ပြထား သောကြောင့် ဥပဒေသုတေသီများ၊ ဥပဒေကျောင်းသူ ကျောင်းသား များ၊ ဥပဒေရေးဆွဲသူများ၊ ဥပဒေပြုသူများနှင့် ဥပဒေလေ့လာသူများအတွက် ဥပဒေစာကြည့်တိုက် တစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် ဥပဒေသတင်း အချက်အလက်များကို ပြည့်စုံစွာရရှိနိုင်သဖြင့် စီးပွားရေး လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း နှင့် e-Government စနစ်ကိုအလေးထား ဆောင်ရွက်နေသည့်အချိန်တွင် ယင်းစနစ်ကို လွှင့်တင်၍ ဝန်ဆောင်မှုပေးခဲ့နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ ဥပဒေအသိပညာပြန့်ပွားရေးတို့အပြင် e-Government လုပ်ငန်းစဉ်ကိုလည်းများစွာ အထောက်အကူပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် KOICA မှ ဌာနေကိုယ်စားလှယ်ချုပ် Ms. Lee Young Su က မြန်မာဥပဒေ သတင်းအချက် အလက်စနစ်(MLIS)စနစ်သည် အစိုးရဝန်ထမ်းများသာမက ပြည်သူများလည်း ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (MLIS)သည် နည်းပညာပိုင်းသာမက ဘတ်ဂျက်ပိုင်းတွင်လည်း လိုအပ်သည့်အတွက်ကြောင့် ယင်းစနစ်ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ထောက်ပံ့မှု လိုအပ်ပါ ကြောင်းနှင့် ဆက်လက်၍ အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ကိုရီးယားနိုင်ငံ အစိုးရဥပဒေပြုဝန်ကြီးဌာန (MOLEG)မှ ညွှန်ကြားရေးမှူးချုပ် Mr. Lee Sang Su က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးထံသို့ ဥပဒေ၊ တစ်ဆင့်ခံဥပဒေ ၂၇၈၈ ခု ပါရှိသည့် မြန်မာနိုင်ငံ တည်ဆဲဥပဒေပေါင်းချုပ် စာအုပ်သုံးစုံနှင့် လှူဒါန်းခြင်း မှတ်တမ်းလွှာ ပေးအပ်သည်။
အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကိုရီးယားနိုင်ငံ အစိုးရ ဥပဒေပြု ဝန်ကြီးဌာန (MOLEG)၊ KOICA ၊ KLIS နှင့် Beintech Co.,Ltd. အရာရှိများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာဥပဒေ သတင်းအချက် အလက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းပြီးဆုံးမှုအစီရင်ခံခြင်း၊ လုပ်ငန်းလည်ပတ် နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆက်လက်ပံ့ပိုးခြင်း လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment