Tuesday, October 8, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ကျူးဘားသမ္မတနိုင်ငံသို့ တရားဝင် ခရီးသွားရောက် ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးဖွင့်လှစ်မှုအခမ်းအနားကျင်းပ



နေပြည်တော် အောက်တိုဘာ ၇

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်အဖြစ် အောက်တိုဘာ ၂ ရက်မှ ၅ ရက် အထိ ကျူးဘားနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ခရီးစဉ်အတွင်း အောက်တိုဘာ ၃ ရက်တွင် ကျူးဘားနိုင်ငံ ဒုတိယသမ္မတ Mr. Roberto Morales Ojeda နှင့် လည်းကောင်း၊ ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Jose Angel Portal Miranda နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Mr. Bruno Eduardo Rodriguez Parrilla နှင့် တွေ့ဆုံခဲ့သည်။

ဒုတိယသမ္မတ Mr. Roberto Morales Ojeda နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမည့် ကိစ္စများ နှင့် ပတ်သက်ပြီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအား အောက်တိုဘာ ၄ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်းကိုလည်း အသိပေးခဲ့သည်။

ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jose Angel Portal Miranda နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်ရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခွင့် အလမ်းများကို ဆွေးနွေးခဲ့သည်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Mr. Bruno Eduardo Rodriguez Parrilla နှင့် တွေ့ဆုံစဉ် မြန်မာ-ကျူးဘား နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကျန်းမာရေးကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်ဖက်ထိတွေ့ ဆက်ဆံမှုမြှင့်တင် သွားရေး၊ မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကျူးဘားနိုင်ငံဆိုင်ရာ မြန်မာသံရုံး တည်ထောင်ဖွင့်လှစ်နိုင်ရေး ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပံ့ပိုးကူညီခဲ့မှုများအတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြောကြား ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် Melia Cohiba Hotel ၌ ကျင်းပသော ဟာဗားနားမြို့ မြန်မာသံရုံး ဖွင့်လှစ် သည့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျူးဘား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖွင့်လှစ်မှုသည် မြန်မာ-ကျူးဘား ဆက်ဆံ ရေးကို အလေးထားပြီး ပိုမိုမြှင့်တင် ရန်ရည်ရွယ်သည့် ဆောင်ရွက်မှုဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

သံရုံးဖွင့်ပွဲ အခမ်းအနားသို့ ကျူးဘားနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Rogelio Sierra Diaz တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ သည်။

အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများမှ သံအမတ် ကြီးများအပါအဝင် ဟာဗားနားမြို့ အခြေစိုက် အခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာသံရုံးကို ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ ဖွင့်လှစ်နိုင်မှုသည် မြန်မာ-ကျူးဘား နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေသည် သာမက ကာရေဘီယံဒေသတွင်းရှိ နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးကိုလည်း တိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၅ ရက်တွင် ဟာဗားနားမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment