Wednesday, October 23, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဧကရာဇ်၏ ညီမတော်နှင့်တွေ့ဆုံ ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်

 
တိုကျို အောက်တိုဘာ ၂၃
ဂျပန်နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် Nikkei သတင်းဌာနနှင့် Mainichi သတင်းဌာနတို့မှ သတင်းမီဒီယာ သမားများကို The Imperial Hotel ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် သတင်းမီဒီယာသမားများက မေးမြန်းသည့် မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှု အခြေအနေနှင့် အခြားသိရှိလို သည်များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်ဧကရာဇ်၏ ညီမတော်တော်ဝင်မင်းသမီး ယိုကိုနှင့် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံ၌ ပညာသင်ကြားလျက်ရှိသော အစိုးရဝန်ထမ်း ပညာတော်သင်များ၊ မိမိအစီအစဉ်ဖြင့် လာရောက်ပညာ သင်ကြားနေသည့် ကျောင်းသားကျောင်းသူ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ သည်။
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သင်ယူရရှိသည့် ပညာရပ်များကို နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ပြန်လည်အသုံးချကြရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင်ဖြည့်ဆည်း ပေးနိုင်မည့်နေရာမှ ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်များကို မိမိအတွက်၊ အများအတွက် အကျိုးရှိအောင် ပြန်လည် အသုံးချရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် နိုင်ငံတော်က ချမှတ်ထားသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ကိုလည်း သိရှိနားလည်အောင် လေ့လာကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံရောက် ပညာတော်သင် ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ပနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များအား Hotel New Otani ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

Ref; Myanmar State Counsellor Office

No comments:

Post a Comment