Wednesday, October 23, 2019

ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ မန္တလေးမြို့တွင် ကျင်းပ

မန္တလေး အောက်တိုဘာ ၂၃
ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာ ကျပ်ငွေဖြင့် ရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းမြ သာစည်မြို့နယ်၊ သိပ္ပံလမ်းရှိ MANDALAY CONVENTION CENTRE(MCC) တွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော် စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာရဲလွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် (နေပြည်တော်) ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦး၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် ကျောက်မျက်ပြပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇောအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကြသည်။
အခမ်အနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မြန်မာနိုင်ငံ တွင် သယံဇာတ တွင်းထွက်ကျောက်မျက်ရတနာများ ပေါကြွယ်ဝစွာ ထွက်ရှိသော် လည်း တူးဖော်ထုတ်ယူ သုံးစွဲရာတွင် တာဝန်သိရန် လိုအပ်ကြောင်း၊ အနာဂတ် မျိုးဆက်သစ်များအတွက် စီမံခန့်ခွဲနိုင်ရန် ချန်ထားနိုင်ရေးအတွက် တူးဖော်လိုသူတိုင်းအတွက် တူးဖော်ခွင့်ပေး၍ မရပါကြောင်း၊ ကျောက်မျက်ရတနာ လုပ်ကွက်များအား စနစ်တကျ ချထားပေးသော်လည်း သတ်မှတ်ချက်ထက် ပိုမိုတိုးချဲ့၍ တူးဖော်နေမှုများ ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်ကို ဒေသခံဆင်းရဲသား ပြည်သူများ ခံစားနေရကြောင်း၊ မန္တလေးဒေသတွင် ကျောက်စိမ်း မထွက်သော်လည်း ကျောက်စိမ်းဈေးကွက်မှာ မန္တလေးမြို့တွင် အခြေပြုသည့်အတွက် ယခုလို ကျောက်စိမ်းရောင်းချသည့် ပွဲမျိုးကို မန္တလေးတွင် နှစ်စဉ် ရာသီအလိုက် ကျင်းပသည့် ပွဲတော်များကဲ့သို့ ကျင်းပနိုင်စေရန်နှင့် ယခု အစပျိုးကျင်းပသည့် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်စိမ်းပွဲတော်မှ အခွင့်အခါသင့်သည့် အချိန်တိုင်း အခြားငွေကြေးများဖြင့်လည်း ရောင်းချနိုင်သည့် ပွဲတော်များအဖြစ် ဆက်လက် ကျင်းပနိုင်ရန် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေး)ဥက္ကဋ္ဌ ဦးသန်းဝင်းက မန္တလေးမြို့သည် ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း အများဆုံး အခြေစိုက်သည့်ဒေသ ဖြစ်သည့်အတွက် ယခုလိုပြပွဲမျိုး ကျင်းပနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်း အရောင်းပြပွဲ ကျင်းပခြင်းဖြင့် ကျောက်စိမ်းဈေး ကွက်ကောင်းမွန်လာမှုနှင့်အတူ အခြား စီးပွားရေး လုပ်ငန်းများအတွက်လည်းကောင်းမွန်လာနိုင်ကြောင်း၊ ကျောက်စိမ်းလောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသည့် ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် မိမိတို့ ကျောက်လောကသားများ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားပြီး ဆက်လက်၍ ကျောက် မျက်ပြပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇောအောင် ကလည်း ပြပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့်အဖွဲ့သည် ခင်းကျင်း ရောင်းချ လျက်ရှိသည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ ဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုသည်။
အဆိုပါ ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် ကျောက်စိမ်း အရိုင်းအတွဲပေါင်း ၂၉၅၀ ကျော်အား တင်ဒါစနစ်ဖြင့် ရောင်းချ ပေးမည့်အပြင် ကျောက်စိမ်း အချောထည်များကိုလည်း ပြခန်းပေါင်း ၄၀ ကျော်ဖြင့် ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ရာ တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအရိုင်း အတွဲများအား ဝင်ရောက်လေ့လာ ကြည့်ရှုဝယ်ယူရန် ဝင်ကြေးကို ပြည်တွင်းရတနာ ကုန်သည်တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းနှင့် ပြည်ပရတနာ ကုန်သည်များအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)၊
ဓာတ်ပုံ- အောင်ဖြိုးကျော်

No comments:

Post a Comment