Monday, October 7, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများ၏ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပ



နေပြည်တော် အောက်တိုဘာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေးဆွဲဆောင်ရွက် လျက်ရှိသည့် မဟာဗျူဟာစီမံကိန်း အကောင်အထည် ဖော်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များသုံးသပ်ခြင်း၊ ဆိုက်ဘာ ဘေးကင်းလုံခြုံရေးနှင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများတွေ့ဆုံမည့် အစီအစဉ်များ ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်ရေး ကော်မတီများ၏ လုပ်ထုံးလုပ်နည်းများပြုစုခြင်းနှင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းဆိုင်ရာ မှတ်တမ်းတင်စနစ် ( Case Tracking System) လက်စွဲပြုစုခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှ ိသော အဖွဲ့အစည်း တစ်ခုဖြစ်သည့် International Foundation for Electoral Systems (IFES)အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကိုချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင် ရန်မဟာဗျူဟာစီမံကိန်း (၂၀၁၉−၂၀၂၂) ကို လုပ်ငန်းစဉ်များအလိုက် အချိန်ဇယား (Timeline) များသတ်မှတ်ရေးဆွဲ၍အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုကို စောင့်ကြည့်၍ စိစစ်သုံးသပ်ရေး အဖွဲ့က ပုံမှန်အစီရင်ခံတင်ပြမှသာ ကော်မရှင်က ပြန်လည်သုံးသပ်နိုင် မည်ဖြစ်ပါ ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ အလိုက် စနစ်တကျအစီရင်ခံတင်ပြကြရန် ပြောကြား လိုပါကြောင်း။
ရွေးကောက်ပွဲတစ်ခုကျင်းပရန်အတွက် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ အချက်အလက် များအပေါ် အခြေခံ၍ လျာထားစီမံဆောင်ရွက်ကြရပါကြောင်း၊ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ တစ်ခု ကျင်းပပြီးစီးပြီးပါက ရွေးကောက်ပွဲဆိုင်ရာအချက်အလက် များကို ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာခြင်း ၊ Website မှ လွှင့်တင်ခြင်း တို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် လုပ်ငန်းများ အလိုက် အချက်အလက်များကို စနစ်တကျမှတ် တမ်းထားရှိရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်တွင် e-Government စနစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် နေသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Internet ကွန်ရက် ချိတ်ဆက် အသုံးပြုရခြင်းကြောင့် ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိလာနိုင်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ကြိုတင်ကာကွယ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန် Cyber လုံခြုံရေးဆိုင်ရာမူဝါဒများ၊ လမ်းညွှန်ချက် များ သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း။
ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူ များအားလုံး၏ ပူးပေါင်းပါဝင်ကူညီမှု လိုအပ်ပါကြောင်း၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ပုံမှန် တွေ့ဆုံ ဆွေးနွေးမှုရှိမှသာ သက်ဆိုင်ရာဒေသ၏ အခြေအနေများကို သိရှိပြီး ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့မှုများကို အကျိုးရှိရှိအသုံးချသွား နိုင်မည်ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲများ တွင်ရွေးကောက်ပွဲ ဆိုင်ရာအငြင်းပွားမှုဖြစ်စဉ်များ လျော့နည်းခဲ့ခြင်း သည် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဟု သုံးသပ်ပါကြောင်း၊ ကော်မတီ အဆင့်ဆင့်အနေဖြင့်ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကို ဖြေရှင်း ရာတွင် အဖွဲ့ဝင် များပါဝင်သည့် စုံညီအစည်းအဝေးပြုလုပ်ပြီး ဥပဒေနှင့်အညီ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ရန် အရေးကြီးပါ ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီများဆိုင်ရာ လုပ်ထုံး လုပ်နည်း များ ပြုစုရာတွင်လည်း ယခင်အတွေ့အကြုံများအပေါ်မူတည်၍ စနစ်တကျပြုစု သွားကြရန်မှာကြား လိုပါကြောင်း။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ သတင်း အချက် အလက်များထုတ်ပြန်ခြင်း၊ ကြည့်ရှုသုံးသပ်ခြင်းတို့တွင် ရှင်းလင်းမှုရှိပြီး နားလည် လွယ်စေရန် လိုအပ်ပါကြောင်း၊ Case Tracking System ကို အသုံးပြုခြင်းဖြင့် ကိန်းဂဏန်း အချက်အလက် များကို အလွယ်တကူမှတ်တမ်းတင်နိုင်ပြီး သရုပ်ဖော်ပုံများဖြင့် ဖော်ပြနိုင် သည့်အတွက် ပိုမိုရှင်း လင်းမြင်သာ၍ ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှုမြင့်မားလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Case Tracking System ဆိုင်ရာလက်စွဲပြုစုရာတွင် IFES အဖွဲ့၏ နည်းပညာ ပံ့ပိုးမှုဖြင့်စနစ် တကျဆောင်ရွက်သွားကြ ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီး ပထမနေ့အစီအစဉ်ပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် International Foundation for Electoral Systems (IFES) အဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်မှ ၁၀ ရက်အထိ (၄)ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment