Friday, October 25, 2019

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စအတွက် ရေရှည် တည်တံ့မည့် နည်းလမ်းရှာဖွေဖြေရှင်းရာတွင် အထူးကိုယ်စားလှယ်နှင့် ဆက်လက်ပူးပေါင်းသွားမည်

 
နေပြည်တော် အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်အရေးကိစ္စအား ရေရှည်တည်တံ့မည့် နည်းလမ်းများ ရှာဖွေဖြေရှင်းရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အပါအဝင် ရပ်နီးရပ်ဝေးမှ မိတ်ဆွေများနှင့် စိတ်ရင်းမှန်စွာ ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) ၏ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး ဘာသာရပ်ဆိုင်ရာ အစည်းအဝေး များကို အောက်တိုဘာ ၂၃ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် Ms. Christine Burgener က အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအား ကော်မတီသို့ တင်သွင်းခဲ့သည်။

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးမှုပြုလုပ်ရာတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က သက်ဆိုင်ရာနိုင်ငံအနေဖြင့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုတာဝန်ယူမှုနှင့် ပတ်သက်၍ လည်းကောင်း၊ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည် ဖော်နေမှုများနှင့် ပတ်သက်၍လည်းကောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် အမြဲတမ်း ကိုယ်စားလှယ်က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူ များ၏ ရည်မှန်းချက်များကို အပြုသဘောဆောင်သည့် ချဉ်းကပ်မှု များဖြင့် ပံ့ပိုးကူညီပေးပါရန် တိုက်တွန်းပြောကြားခဲ့သည်။ 

သတင်းစဉ်

No comments:

Post a Comment