Sunday, August 25, 2019

သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ




ရန်ကုန် ဩဂုတ် ၂၅

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ (Augmented Reality-AR)ခေါ် သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှု အထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။


ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အားလုံး၏ပါဝင်မှုဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲဆောင်ရွက် နေခြင်းဖြစ် ပါကြောင်း၊

သင်ယူမှုအားကောင်းရန်နှင့်  ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကိုပြောင်းလဲခြင်း ဖြစ်ပါ ကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်လာ စေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန်လေးစားကူညီတတ်သည့် စိတ်ဓာတ် ကောင်းများ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရှိရန်နှင့်အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများဖြစ်လာ စေရန် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ပါကြောင်း၊ စည်းကမ်းကိုလေးစား လိုက်နာတတ်ပြီး ဒီမိုကရေစီစနစ်တွင် တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက် တတ် သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီး နိုင်စွမ်းရှိသော မျိုးဆက် သစ် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာသင်ယူသူများ ဖြစ်လာစေ ရန် သင်ကြားသင်ယူလေ့ကျင့်ပေးရမည်ဖြစ်ပါ ကြောင်း။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်လိုက်လျောညီထွေရှိသော တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ဖန်တီးနိုင်စွမ်းရှိလာ စေရန်အတွက် ကျောင်းသား ကျောင်းသူ များကို အခြေခံပညာဖြစ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှစ၍ သင်ယူပြီးရင်း သင်ယူမှုကို အားပေးမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု ပိုမိုကောင်းမွန် စေရန် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီအရည်အသွေး တိုးတက်ကောင်းမွန် စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ‌ထို့ပြင်နည်းပညာသည် ကျောင်းသား ကျောင်းသူ များ၏အနာဂတ်တွင် မဖြစ်မနေလိုအပ်သည် ကိုလည်း သိရှိရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နည်းပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့နည်းပညာ ကူညီပံ့ပိုး ပေးသည့် အလှူရှင်များ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကို လည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးထားလေးစားပါကြောင်း ပြောကြားသည်။

ထို့နောက် 360 Ed ၏ CEO နှင့် Founder ဖြစ်သူ ဒေါ်လှလှဝင်းက လှူဒါန်းရခြင်း ၏ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founder ဦးရန်မင်းအောင်က Grade-1 အင်္ဂလိပ်စာ ဘာသာရပ်အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြသည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင် စကားပြော ကြားသည်။

360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာ ဘာသာရပ် သင်ရိုး အထောက်အကူပြု Application သည် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အသံထွက်မှန်ကန်စွာဖြင့် သင်ယူလေ့ လာနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများ အတွက် လှုပ်ရှားသက်ဝင်မှုပိုမို ကောင်းမွန်သော လေ့လာမှုနှင့် ပတ်ဝန်းကျင်ကို ကျောင်းတွင်သာမက အိမ်တွင်ပါ သင်ယူလေ့ လာနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများ စာလေ့လာသည့် နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမ များအနေဖြင့် စာသင်ခန်းများ တွင် သင်ခန်းစာပို့ချရာ၌ ကိုးကား၍ သော်လည်းကောင်း၊ သင်ထောက်ကူ အနေဖြင့်လည်းကောင်း အသုံးပြုနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment