Monday, April 8, 2019

(၂၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေး သို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်




နေပြည်တော် ဧပြီ ၇

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုဆောင်ရွက်လျက် ရှိရာ (၂၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး (The 23rd ASEAN Finance Minister’s Meeting-23rd AFMM)၊ (၅) ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများ အစည်းအဝေး (The 5th ASEAN Finance Minister’s and Central Bank Governors’ Meeting – 5th AFMFM) တို့ကို ဧပြီ (၄) ရက်မှ (၆) ရက်အထိထိုင်းနိုင်ငံချင်းရိုင်မြို့တွင်ကျင်းပသည်။ 
ယင်းအစည်းအဝေးများ မတိုင်မီ ဧပြီ (၂) ရက်မှ (၃) ရက်အထိ အာဆီယံဘဏ္ဍာရေး ဒုတိယဝန်ကြီးများ အစည်းအဝေး (ASEAN Finance Deputy Meeting – AFDM)၊ အာဆီယံ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများအစည်းအဝေး (ASEAN Finance and Central Bank Deputy Meeting – AFCDM)၊ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN+3 Finance and Central Bank Deputy Meeting – AFCDM+3) ပုံမှန် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကိုလည်း ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အဖွဲ့တက်ရောက်သည်။
အစည်းအဝေးများတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေအပေါ် သုံးသပ်ချက်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ပုံစံအား ကဏ္ဍအလိုက် ဆောင်ရွက်မှုများအပေါ် စိစစ်သုံးသပ်ပြီး စိန်ခေါ်မှုများအပေါ် ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အီလက်ထရောနစ်စနစ် အခြေပြုဒီဂျစ်တယ် နည်းပညာသုံး ဆက်သွယ်ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဆိုင်ရာ အဆီးအတားများ အားဖြေလျော့ပေးခြင်း၊ ဒေသတွင်းနိုင်ငံများတစ်ပြေး ညီပေါင်းစည်းပါဝင်ခြင်းဖြင့် ဖွံ့ဖြိုးမှုကွာဟချက်များ လျော့နည်းပြီး ရေရှည်တည်တံ့ခိုင်မာသည့် အားလုံးပူးပေါင်းပါဝင်သော အာဆီယံဒေသကြီးဖြစ်စေရေး ဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးရက်များအတွင်း ASEAN Business Council, ASEAN EU Business Council, ASEAN US Business Council အစည်းအဝေးများကို လည်းပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ဖြစ်သော အာဆီယံ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများ လွတ်လပ် ခွင့်ပြုရေး၊ အာမခံလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ အကောက်ခွန်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ အခွန်အကောက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် ကျန်အဖွဲ့ဝင်နိုင်ငံ များနှင့်အတူ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment