နေပြည်တော် ဧပြီ ၈
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ၏ (၁/၂၀၁၉)အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီဥက္ကဋ္ဌ၊
ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ချို၊ ဒေါက်တာမြင့်ထွေးနှင့် ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလှကျော်၊ ဦးသာဦး၊ ဒေါက်တာထွန်းနိုင်၊ ဦးဝင်းမော်ထွန်းနှင့်
ဦးစိုးအောင်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်
ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ပါမောက္ခချုပ်များကော်မတီ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်
လုပ်ငန်းရှင်များအသင်း (ဗဟို)၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့်
မြန်မာ့ပြန်ပြည့်မြဲစွမ်းအင် အသင်းတို့မှ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ
ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပပြုလုပ်သည့်
အစည်းအဝေးသည် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ (၁/၂၀၁၉) အစည်းအဝေးဖြစ်ပါကြောင်း၊ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို
ပြည်ထောင်စုအစိုးရအဖွဲ့၏
၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်
၇/၂၀၁၉ ဖြင့် ဒုတိယသမ္မတ ဦးဆောင်၍ (၂၈)ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကောင်စီသည် သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု ဥပဒေပါ ရည်ရွယ်ချက်များဖြစ်သည့်
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရန်၊ ခေတ်မီသိပ္ပံနှင့် နည်းပညာများကို အခြေခံသည့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ နည်းပညာပြန့်ပွားရေးနှင့် နည်းပညာလွှဲပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်၊
ကျွမ်းကျင်ပညာရှင်များ
စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေးအတွက်
လေ့ကျင့်ပညာပေးခြင်းများ
ဆောင်ရွက်ရန်၊ တက္ကသိုလ်များ၊ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့်
အခြားသော အဖွဲ့အစည်းများအကြား အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊
ဆန်းသစ်တီထွင်သူများအား
ဂုဏ်ပြုချီးမြှင့်ရန်နှင့်
အကျိုးခံစားခွင့်များရရှိရန်၊
ဈေးကွက်စီးပွားရေးကို
အားပေးသော သုတေသန ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်ရန်နှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရေး စီစဉ်ဆောင်ရွက်ရန် စသည်တို့ကို ထိရောက်စွာ အကောင်အထည်ဖော်ရန်အတွက်
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလသည် အလိုအလျောက် စနစ်များ အသုံးပြုပြီး ဒေတာအချက်အလက်များ ဖလှယ်နိုင်သည့် ကုန်ထုတ်လုပ်ခြင်းစနစ်ကို
ကျင့်သုံးသော စတုတ္ထစက်မှု တော်လှန်ရေး (Fourth
Industrial Revolution ခေါ် Industry 4.0) ခေတ်ကာလသို့ ကူးပြောင်း ဝင်ရောက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နောက်ကျ
ကျန်မနေရအောင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် အတွက် ၁၉၅၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် “လက်တွေ့သုတေသနလုပ်ငန်းအဖွဲ့အက်ဥပဒေ” ကို ရုပ်သိမ်းပြီး “သိပ္ပံနှင့်
နည်းပညာဖွံ့ဖြိုးရေးဥပဒေ” ကို ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊
ထို့ပြင် ပြောင်းလဲတိုးတက်လာသော ခေတ်နှင့် လျော်ညီစေရန်အတွက် အဆိုပါဥပဒေကို
အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး
၂၀၁၈ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ပြည်ထောင်စုလွှတ်တော်က
“သိပ္ပံ၊
နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ”
ကို
ပြဋ္ဌာန်းခဲ့ကာ ၁၉၉၄ ခုနှစ် သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေးဥပဒေကို ကျော်လွန်ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈ - ၂၀၃၀ (Myanmar Sustainable Development Plan 2018 - 2030)၏ ပန်းတိုင်များ၊ မဏ္ဍိုင်များနှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍသည်
နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး၊ မဲခေါင်ဒေသတွင်း မဟာဗျူဟာများ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် အာဆီယံစီးပွားရေး အသိုက်အဝန်း
(ASEAN Economic Community) နှင့်
အခြားသော ဒေသတွင်း ကတိကဝတ်များ ဖော်ဆောင်ရေးတို့တွင်
ပါဝင်လျက်ရှိကြောင်း၊
ထို့ကြောင့် ယခု ဥပဒေရည်ရွယ်ချက်ပါ လုပ်ငန်းရပ်များကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန်
လိုအပ်လျက်ရှိကြောင်း၊
သို့မှသာ ဒေသတွင်းနှင့် နိုင်ငံတကာ၌ လိုက်လျောညီထွေရှိလာပြီး
မိမိတို့ ရည်မှန်းသည့် Sustainable
Development များကို
ရရှိနိုင်မည်ဖြစ်ကြောင်း၊
လက်ရှိ အခြေအနေအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ လုပ်ငန်းများမှာ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ၊
လေ့ကျင့်သင်ကြားရေး လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့်
ထုတ်လုပ်မှုလုပ်ငန်းများ
ဖြစ်ကြပါကြောင်း၊ ထို့အပြင် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ၏
နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
အစီအစဉ် (Bay of Bengal Initiative for
Multi - Sectoral Technical and Economic Cooperation, BIMSTEC) ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ
နည်းပညာ လွှဲပြောင်းရေး အထောက်အကူပြုပံ့ပိုးမှု လုပ်ငန်းများမှာလည်း ပါဝင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
သိပ္ပံနှင့် နည်းပညာ နယ်ပယ်ပေါင်းစုံရှိသည့်အနက်
မိမိတို့ နိုင်ငံ၏ ပကတိအခြေအနေ လိုအပ်ချက်နှင့် ကိုက်ညီသော သက်ဆိုင်ရာ ပညာရပ်နယ်ပယ်အလိုက်
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများကို
ဤကောင်စီအောက်တွင် ဖွဲ့စည်းထားရှိပြီး သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့်
ဆန်းသစ်တီထွင်မှု ကောင်စီနှင့် ကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် သုတေသနနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများ၊
ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို
အဓိကထား၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဟု ဖော်ပြထားသည့် အတွက် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်
တီထွင်မှုကောင်စီသည် နိုင်ငံကို ကိုယ်စားပြုသော အမျိုးသားအဆင့် သုတေသနကောင်စီ (National Research
Council) ဖြစ်ပါကြောင်း။
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီသည် သုတေသနနှင့် ဖွံ့ဖြိုးရေး
လုပ်ငန်းများကို အားပေးခြင်း၊ အထောက်အကူပြုခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လိုအပ်သော
ပညာရှင်များ မွေးထုတ်ခြင်းနှင့် အရည်အချင်း တိုးတက်မြင့်မားလာရန်
စီမံဆောင်ရွက်ခြင်း၊ သုတေသနဌာနများ၊ တက္ကသိုလ်များနှင့် အခြား အဖွဲ့အစည်းများ
ပူးပေါင်း ဆောင်ရွက်နိုင်ရန်
အစီအမံများချမှတ်ခြင်း၊
ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
သတင်းအချက်အလက်များ စုဆောင်းထားရှိခြင်းနှင့်
ဖြန့်ဝေအသိပေးခြင်း၊ နှစ်စဉ်လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများ
တင်ပြခြင်း စသည့် လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း။
ထို့အပြင် နိုင်ငံတစ်ဝန်းလုံး လူမှုစီးပွား လိုအပ်ချက်များကို
လေ့လာပြီး တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ သုတေသနဌာနများ၊ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့်
ပေါင်းစပ်ညှိနှိုင်း ချိတ်ဆက်ကာ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို
အကျိုးဖြစ်ထွန်းမည့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုလုပ်ငန်းများ
ဆောင်ရွက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်
လေ့ကျင့်ပျိုးထောင်သည့်
သင်တန်းများဖွင့်လှစ်ခြင်း
စသည်တို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တိုးတက်ရန်အတွက် ပညာရှင်များသာမက အခြေခံလူတန်းစားများ၏
တီထွင်ကြံဆမှုများကိုလည်း
အသိအမှတ်ပြု အားပေးပြီး
တီထွင် ကြံဆမှုများ၊ ဆန်းသစ်တီထွင်မှုများနှင့်
တစ်ဟုန်ထိုးတိုးတက်နိုင်မည့်
နည်းလမ်းများကို ရှာဖွေကြံဆဆောင်ရွက်ကြရန်
တိုက်တွန်းလိုပါကြောင်း၊
မိမိတို့ နိုင်ငံ၏ အင်အားတစ်ရပ်ဖြစ် သော လူငယ်များကို တီထွင်ကြံဆမှု တိုးပွားစိတ်မြင့်မားအောင်နှင့်
တီထွင်ဆန်းသစ်နိုင်မည့်
အခွင့်အရေးများ ပိုမိုရရှိအောင် အစီအမံများ ချမှတ်ဆောင်ရွက်ကြရန်
လိုအပ်ပါကြောင်း။
တီထွင်ကြံဆမှုမှသည် ထုတ်လုပ်မှုဆီသို့ နည်းပညာပိုင်ဆိုင်မှု လွှဲပြောင်းနိုင်ရေးကိုလည်း
အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တီထွင်ကြံဆသူသည် နည်းပညာပိုင်ဆိုင်မှု
အခွင့်အရေးများ အလုံးစုံ ရရှိရေး ဆောင်ရွက်နိုင်ပါက တီထွင်ကြံဆသူဦးရေ များပြားလာနိုင် ပါကြောင်း၊ ယခုကဲ့သို့ အားပေးရန်အတွက် နည်းပညာလွှဲပြောင်းသော စည်းမျဉ်း၊ စည်းကမ်းများ ပေါ်ထွက်လာရန်အတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်း ညှိနှိုင်း လုပ်ဆောင်သွားရန်
ပြောကြားလိုကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်
ဆောင်ရွက်ရန် အတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသားအဆင့်
မူဝါဒများကို ချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
ယခုကဲ့သို့ မူဝါဒများ ချမှတ်ရာတွင် ဥပဒေပါ ကဏ္ဍအသီးသီး၏ လုပ်ငန်းများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အားလုံးက ပူးပေါင်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားကြရန်
တိုက်တွန်း ပြောကြားလိုပါကြောင်း။
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ် များကို အကြံပြုချမှတ်ရန်အတွက် တက်ရောက်လာကြသူများ အနေဖြင့် ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးကြရန်
ပြောကြားသည်။
ထို့နောက် ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကောင်စီအတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက သိပ္ပံ၊
နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နည်းဥပဒေမူကြမ်းနှင့်
ဆုံးဖြတ်ရန် အချက်များနှင့်
စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ
အဖွဲ့ဝင်များ ဖြစ်ကြသည့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး
ဦးသာဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နှင့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့က နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့်
သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကြံပြု
ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယသမ္မတက အကြံပြုတင်ပြချက်များနှင့်
စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားကာ
အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:
Post a Comment