Monday, April 8, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တံတားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ သီလဝါ စက်မှုဇုန်သို့ ဆက်သွယ်ထားသော လေးလမ်းသွားသန်လျင်- သီလဝါလမ်းမကြီးအား JICA ချေးငွေဖြင့် ဆောင်ရွက်သည့် လမ်းအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက် ၈ နာရီခွဲက ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများက သန်လျင်-သီလဝါစက်မှုဇုန်သို့ ဆက်သွယ်သည့် လေးလမ်းသွား တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးဝဲ၊ ယာ သံကူကွန်ကရစ် ရေမြောင်းအရှည် ၁၆ မီတာ မြေအောက် ဓာတ်အားပေးစနစ် ပြောင်းလဲခြင်း၊ မီးပွိုင့်နှင့် လမ်းမီးဓာတ်အားပေးစနစ် တပ်ဆင်ခြင်းလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံများ အားလုံး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းတို့ကို လိုက်လံရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်လျင်- သီလဝါစက်မှုဇုန်လမ်းအပိုင်းသည် ရန်ကုန်မြို့နှင့် ဆက်သွယ်ရာတွင် အဓိကအရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပြီးနိုင်ငံတကာအဆင့်မီ လမ်းအင်္ဂါရပ် နှင့်အညီ စံချိန်စံညွှန်း ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်ရန်လို ကြောင်း၊ လမ်းလုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ကြပ်မတ်ရန် လိုကြောင်း၊ လုပ်ငန်းများ အားလုံးပြီးစီးပါက သွားလာရေးလွယ်ကူ အဆင်ပြေချောမွေ့မှာဖြစ်သလို၊ ယာဉ်ကြောပိတ်ဆို့မှုများလည်း လျော့နည်း သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ဦးစားပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လမ်းဦးစီးဌာန ရန်ကုန် တောင်ပိုင်းခရိုင်ရုံးသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာနနှင့် JICA ချေးငွေဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီမှတာဝန်ရှိသူများက သန်လျင်-သီလဝါ စက်မှုဇုန်လမ်းအား လေးလမ်းသွား အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် နည်းပညာဒီဇိုင်းသစ်ဖြင့် လမ်းဘေးဝဲ၊ ယာ ရေမြောင်းများ၊ လမ်းမီးပွိုင့်နှင့် လျှပ်စစ်ဆက်သွယ်ရေးနှင့် စံချိန်စံညွှန်း ပြည့်မီစွာ ပြင်ဆောင်ရွက်ထားရှိမှု၊ တံတားတိုးချဲ့ခြင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်-သီလဝါ စက်မှုဇုန်လမ်းမကြီး အဆင့်မြှင့်တင် တိုးချဲ့ ဆောင်ရွက်နေမှု အခြေအနေကိုလည်း ကောင်း၊ အဆိုပါလမ်းပေါ်ရှိ ယခင်တံတား ဟောင်းနေရာတွင် နည်းပညာဒီဇိုင်းသစ်ဖြင့် တံတားသစ်တည်ဆောက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments:

Post a Comment