နေပြည်တော် ဧပြီ ၇
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့
မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်
မမြရေလှောင်တမံ သို့ရောက်ရှိပြီး ရေပိုလွှဲနှင့် ပင်မတမံတို့အား ကြည့်ရှုစစ်ဆေးရာ
ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က တမံကြံ့ခိုင်မှုကို
ပြည်တွင်းပြည်ပပညာရှင်များနှင့် စစ်ဆေးပြီးစီးမှု၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေနှင့်
ရေသိုလှောင်မှု၊ ရေအားလျှပ်စစ်ထုတ်လုပ်နေမှု၊ စိုက်ပျိုးရေပေးဝေမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးကမကြာမီ
မိုးရာသီကာလ စတင်ဝင်ရောက်တော့မည်ဖြစ်ရာ ပွင့်လင်းရာသီ တွင် ဆည်တမံကြီးများအတွင်း
ရေလက်ကျန်အခြေအနေကို ကြိုတင်ချိန်ညှိ တွက်ဆထားရန် လိုအပ်ကြောင်း၊ ဝင်ရေ၊
သိုလှောင်ရေနှင့် ထုတ်လွှတ်အသုံးပြုမှုတို့ ဟန်ချက်ညီစေရန် မိုးလေ၀သပညာရှင်များ၏
ကြိုတင်ခန့်မှန်းချက်များ၊ ယခင်နှစ်များ၏ အတွေ့အကြုံတို့ဖြင့်
ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
မြေသားတမံအမျိုးအစားဖြစ်
မမြရေလှောင်တမံသည်
မြေသားတမံအမျိုးအစား ဖြစ်ကာ တမံအမြင့် ပေ ၁၅၀၊ ပင်မတမံအလျား ပေ ၁၁၈၀၀၊ ကန်ရေပြည့်
ရေလှောင်ပမာဏ ဧကပေ ၇၁၄၀၀ ရှိပြီး နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ဧကပေ ၁၂၉၀၀၀ ရှိသည်။
နွေစပါး ဧက ၅၆၀၀ အား
စိုက်ပျိုးရေပေးဝေလျက်ရှိသကဲ့သို့ ရေအားလျှပ်စစ်တပ်ဆင် ဓာတ်အား ၂၅၀ ကီလိုဝပ် x ၂
လုံးအား အလှည့်ကျမောင်းနှင်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ပတ်ဝန်းကျင်
ကျေးရွာများသို့ ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆွေးနွေးမှာကြား
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံသို့
ရောက်ရှိကြကာရေပိုလွှဲနှင့် ပင်မတမံကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး
တာဝန်ရှိသူများအား ရေသောက်စနစ် အတွင်းရှိ စိုက်ကွင်းများ အပြည့်အဝ စိုက်ပျိုးနိုင်ခြင်းဖြင့်
ဆည်ရေကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာများနှင့်
ပူးပေါင်းကာ တောင်သူများအား ဆွေးနွေးစည်းရုံးဆောင်ရွက်ရန် လိုအပ်ချက်များ၊
ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုရှိစေရေး အတွက် အချိန်ပြည့်
တာဝန်ချထားကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
စိုက်ပျိုးရေပေးဝေလျက်ရှိ
မြေသားတမံ
အမျိုးအစားဖြစ်သည့် ကညင်ရေလှောင်တမံသည် တမံအမြင့် ၁၉၄ ပေ၊ ပင်မတမံ အလျားပေ ၃၇၅၀၊
ကုန်းကျော်တမံ အလျား ပေ ၂၈၅၀ ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ ဧကပေ ၁၄၅၀၀၀ ရှိသည်။
နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ဧကပေ ၂၇၃၀၀၀ ရှိပြီး ယခုနှစ် နွေစပါးဧက ၈၈၀၀ အား
စိုက်ပျိုးရေပေးဝေ လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment