Friday, January 18, 2019

ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၁၉) အစည်းအဝေး ကျင်းပ


နေပြည်တော် ဇန်နဝါရီ ၁၈
ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆောင်ရွက်ပေးလျက်ရှိရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေးတွင် ဤဗဟိုအဖွဲ့တွင် ပါဝင်သောအဖွဲ့ဝင်များ၏ အခန်း ကဏ္ဍမှာ အလွန် အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ ယခုထက် ပိုမိုဖွံ့ဖြိုးလာရေးအတွက် ဗဟိုအဖွဲ့ဝင်များ၏ အကြံပြုချက်၊ ဆွေးနွေးချက်များကို အဖြစ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး စနစ်တကျ အလေးထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၃၁)ရက်အထိ ပုဂ္ဂလိကဆေးရုံ (၂၃၉)ရုံ၊ အထူးကုဆေးခန်း (၇၂၀)၊ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (၂၁၇)ခန်း၊ ရောဂါရှာဖွေရေးဓာတ်မှန် (၁၃၇)ခန်း၊ သားဖွားခန်း (၄၇)ခုနှင့် အထွေထွေ ရောဂါကုဆေးခန်း (၅,၄၆၂)ခု စသည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကို လိုင်စင်များ ခွင့်ပြုချထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝမှု၊ ဘေးအန္တရာယ်ကင်းမှု၊ ဓာတ်ခွဲနှင့်ဓာတ်မှန် စသည့် ရောဂါရှာဖွေမှု၊ မှန်ကန်စိတ်ချရမှု အခြေအနေတို့ကို စနစ်တကျ စစ်ဆေးဆန်းစစ် အကဲဖြတ်မှုတို့ကို ပုံမှန်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းလိုင်စင်မရှိဘဲ ဆောင်ရွက်နေသော ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကိုလည်း ပိတ်သိမ်းလျက်ရှိကြောင်း။
မိမိအနေဖြင့် လိုင်စင်ရရှိထားသော ပုဂ္ဂလိကဆေးရုံများ အနေဖြင့် ပုဂ္ဂလိကဆေးရုံ အသင်းသို့ ဝင်ရောက်စေလိုပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများကို လေ့ကျင့် သင်ကြားပေးခဲ့သည့် ဆေးရုံအုပ်ချုပ်မှု သင်တန်း (၃)ကြိမ်၏ အကျိုးရှိမှု အတိုင်းအတာနှင့် အတွေ့အကြုံ များကို ပြန်လည်ဆန်းစစ် အကဲဖြတ်ရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အမျိုးသားကျန်းမာရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်များ ပြည့်စုံမှန်ကန်မှသာ မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်ပြီး မဟာဗျူဟာနှင့် လုပ်ငန်းများကို ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်၍ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများအနေဖြင့် သတင်းအချက်အလက်များကို ဝန်ကြီးဌာနသို့ ပုံမှန်ပေးပို့ စေလိုပါကြောင်း။
၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ ပုဂ္ဂလိကဆေးရုံ (၄၃)ခုမှ ဝန်ထမ်းများကို အီလက်ထရွန် စနစ်သုံး၍ စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေးစနစ် (DHIS 2) အသုံးပြု၍ သတင်းပို့ခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျန်ရှိသော ပုဂ္ဂလိကဆေးရုံများကို သင်တန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကင်ဆာလူနာ မှတ်ပုံတင်စနစ်တွင် ပုဂ္ဂလိက ဆေးရုံများရှိ ကင်ဆာလူနာစာရင်းကိုလည်း ထည့်သွင်း ကောက်ယူနိုင်အောင် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက်ကုသသော လူနာအရေအတွက်နှင့် ရောဂါ အမျိုးအစားအလိုက် ဝန်ကြီးဌာနသို့ ပေးပို့တင်ပြခြင်းဖြင့် ဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဖြစ်များသော ရောဂါအမျိုးအစားနှင့် ဝန်ထုပ်ဝန်ပိုးကို သိရှိနိုင်ပြီး လိုအပ်သော ကျန်းမာရေး လုပ်ငန်းများကို ဆုံးဖြတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ပုဂ္ဂလိကဆေးရုံများ စနစ်တကျပီပြင်စွာ တိုးတက်လာရေးနှင့် ပြည်သူလူထုကို အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ အသင်းဝင်များနှင့် သက်ဆိုင်ရာ ပညာရှင်များ ပါဝင်သောဆွေးနွေးပွဲတစ်ခု ပြုလုပ်စေလိုပါကြောင်း၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များ အနေဖြင့် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပြီး လိုအပ်သော အကြံဉာဏ်များကို ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ က ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြသည်။
အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုနည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ်၊ ကုန်သွယ်ရေး ဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အား၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမှ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီတို့မှ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment