Friday, September 28, 2018

မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၆ ဦးအတွက် အာမခံကြေးနှင့် ကရုဏာကြေးပေးအပ်


နေပြည်တော် စက်တင်ဘာ ၂၈
Golden Royal Mandalay Services Co., Ltd မှ ထိုင်းနိုင်ငံ၊ Sukhonavason Co.,Ltd သို့သွားရောက် လုပ်ကိုင်ရန် ဧပြီ ၉ ရက်တွင် စေလွှတ်ခဲ့သည့် အလုပ်သမားများအနက် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၅ ဦးအတွက် အာမခံကြေး၊ New Three Diamond Co., Ltd မှ ထိုင်းနိုင်ငံ၊ TKK Chanthaburi Food Co.,Ltd သို့ သြဂုတ်  ၃၁ ရက်တွင် စေလွှတ်ခဲ့သည့် အလုပ်သမား ၄၈ ဦးအနက် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမားတစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား တစ်ဦးအတွက် ကရုဏာကြေးပေးအပ်ပွဲကို နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားပြီး Golden Royal Mandalay Services Co., Ltd မှ စေလွှတ်ခဲ့သည့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅ ဦးအတွက် ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိက ခရီးသွားအာမခံတို့မှ ပေးအပ်သည့် ဘတ် ၇၅၄,၂၇၁ (ဘတ်ခုနှစ်သိန်းငါးသောင်းလေး ထောင်နှစ်ရာ ခုနှစ်ဆယ့် တစ်တိတိ)နှင့်ညီမျှသော ငွေကျပ် ၃၅,၁၆၅,၅၀၀ (ကျပ်သုံးရာငါးဆယ့် တစ်သိန်းခြောက်သောင်း ငါးထောင် ငါးရာတိတိ) နှင့် Golden Royal Mandalay Services  Co., Ltd မှ ပေးအပ်သည့် ကရုဏာကြေးငွေကျပ် ၆,၉၉၀,၀၀၀ (ကျပ်ခြောက်ဆယ့်ကိုးသိန်း ကိုးသောင်းတိတိ)၊ စုစုပေါင်းငွေကျပ် ၄၂,၁၅၅,၅၀၀ (ကျပ်လေးရာ နှစ်ဆယ့်တစ်သိန်းငါးသောင်း ငါးထောင်ငါးရာတိတိ) ကို သက်ဆိုင်သူများထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ New Three Diamond Co., Ltd မှ စေလွှတ်စဉ် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သူ တစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးတို့ကို ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီမှ တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ (ဘတ်တစ်သောင်း) နှင့် ညီမျှသော ငွေကျပ် ၄၈၃,၀၀၀ (ကျပ်လေးသိန်း ရှစ်သောင်းသုံးထောင်တိတိ) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကျန်ရစ်သူမိသားစုဝင်များကို နှစ်သိမ့်အားပေး စကားပြောကြားသည်။
အဆိုပါ အလုပ်သမား ၇ ဦးအတွက် ကရုဏာကြေး ငွေကျပ် ၇,၇၇၇,၅၀၀ (ခုနှစ်ဆယ့်ခုနှစ်သိန်း ခုနှစ်သောင်း ခုနှစ်ထောင့်ငါးရာတိတိ) နှင့် ဘတ် ၄,၀၀၀ (ဘတ်လေးထောင်တိတိ) တို့ကို ပထမအကြိမ် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment