Tuesday, May 22, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကျင်းပ



 နေပြည်တော် မေ ၂၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် အဖွဲ့ဝင် အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသော ဦးတင်မောင်မြင့်က ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကတိ သစ္စာပြုသည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှု ဥပဒေကြမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့တင်သွင်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံ ချေးငွေရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစိုးရအနေဖြင့် ပြည်တွင်းမှ ငွေချေးယူရာတွင် အဓိကအားဖြင့် ဘတ်ဂျက်လိုငွေ အတွက် ဖြစ်သော်လည်း ဘတ်ဂျက် လိုငွေအတိုင်း အတိအကျ ငွေချေးယူရခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှိ ပြည်ထောင်စုအစိုးရ အပ်ငွေ စာရင်းတွင် ဖြစ်ပေါ်လာသည့် လိုငွေကိုသာ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်း နိုင်ရန် ချေးယူခြင်း ဖြစ်ပါကြောင်း။
ပြည်ထောင်စု အစိုးရအပ်ငွေစာရင်းတွင် လိုငွေမဖြစ်ပေါ်ရေးအတွက် အစိုးရငွေတိုက် စာချုပ်များနှင့် ငွေတိုက် လက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့် လစဉ်ရောင်းချ၍ ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်မှုကြောင့် ဘဏ္ဍာရေးနှစ် အတွင်း အချို့လများတွင် ပိုငွေဖြစ်ပေါ်သော်လည်း အချို့လများတွင် လိုငွေဖြစ်ပေါ် ပါကြောင်း၊ အဆိုပါ လိုငွေနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၉၁ (ခ)အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လိုငွေ ဖြည့်ဆည်းပေးပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနက အာမခံ ရခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်(၆)လ အတွက် ပြည်ထောင်စု အစိုးရအဖွဲ့က မြန်မာနိုင်ငံတော် ဗဟို ဘဏ်ထံမှ အစိုးရ ငွေတိုက်လက်မှတ်များ အာမခံပေး၍ ချေးငွေရယူရန် ငွေကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံ လျာထားသဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ တင်ပြချက်အပေါ် လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များအရ ပြည်တွင်းမှချေးယူနိုင်သည့် ငွေကျပ် ၃၂၀၅ ဒသမ ၁၄၃ ဘီလီယံအနက် ၂၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံအား မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ငွေချေး ယူရန် လျာထားသည်ကို ညှိနှိုင်းအကြောင်းကြားထား ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ဖြစ်ပေါ် လာမည့် ပြည်ထောင်စု အစိုးရ အပ်ငွေစာရင်း၏ လိုငွေအတွက် ကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလီယံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အစိုးရ ငွေတိုက် လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်ရာ ချေးငွေ ရယူနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ (၉၁)ပါ ပြဌာန်းချက် များနှင့် အညီ ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ရယူပေးပါရန် ရှင်းလင်း တင်ပြသည်။
အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရှေးဦးအရွယ် ကလေး သူငယ် ပြစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဦးသိန်းလွင်က ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာ သည်။
ယင်းနောက် ၂၀၁၇ ခုနှစ် မတ် (၃၁) ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြု ချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့်စပ်လျဉ်း၍ စီမံကိန်း လုပ်ငန်းတစ်ခုချင်း အလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီးများက ရှင်းလင်းတင်ပြကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေး ဝန်ကြီး ဌာနအနေဖြင့် ပြည်ထောင်စု လွှတ်တော် ပထမသက်တမ်းတွင် တရုတ်ပို့ကုန်သွင်း ကုန်ဘဏ်မှ ယွမ် ၂၄၆ သန်းနှင့် ပြည်ထောင်စု လွှတ်တော် ဒုတိယ သက်တမ်းတွင် ပိုလန်နိုင်ငံ အစိုးရနောက်ခံ အခြေပြု ဥရောပ သမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းကူညီ ထောက်ပံ့ မှုချေးငွေမှ တရားဝင် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အပံ့အစီအစဉ်ဖြင့် ယူရို သန်း ၅၀ ကို ချေးယူ ခဲ့ပါကြောင်း။
တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ချေးယူသည့်ချေးငွေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အသုံးပြုရန် မော်တော်ယာဉ်များ၊ အချုပ်ယာဉ်များ၊ အဓိကရုဏ်းနှိမ်နင်းရေး ယာဉ်များနှင့် ရေယာဉ်များကို ဝယ်ယူခဲ့ပါကြောင်း၊ ပိုလန်နိုင်ငံ အစိုးရ နောက်ခံအခြေပြု ဥရောပသမဂ္ဂ၏ တစ်စိတ် တစ်ပိုင်း ကူညီထောက်ပံ့ မှုချေးငွေမှ တရားဝင်ဖွံ့ဖြိုးတိုးတက် ရေး အထောက်အပံ့ အစီအစဉ်ဖြင့် ချေးငွေယူရို သန်း ၅၀ ဖြင့် ခေတ်မီ မီးသတ်ရေယာဉ်များ၊ ရှာဖွေ ကယ်ဆယ်ရေး ယာဉ်များ၊ နောက်ဆုံးပေါ် လူနာတင်ယာဉ်များ ဝယ်ယူခဲ့ပါကြောင်း၊ အချို့ယာဉ်များမှာ ရောက်ရှိနေပြီဖြစ် ပါကြောင်း ရှင်းလင်းတင်ပြ သည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနက ပြည်ပချေးငွေဖြင့် ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ ချရေး အသေးစားငွေရေး ကြေးရေးလုပ်ငန်း စီမံကိန်းအနေဖြင့် သမဝါယမ အသင်းများကို စီမံကိန်းရည်ရွယ်ချက် များနှင့်အညီ ထုတ်ချေးပေး ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် လက်မှု လယ်ယာ စနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး အတွက် လိုအပ်သော လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူ ရေးပူးပေါင်းမှု စီမံကိန်းအနေဖြင့် လယ်ယာသုံးစက်ကိရိယာ (၃၈၉၉) စီးကို အသင်းသား လယ်သမား များအား အရစ်ကျငွေချေစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးပြီးဖြစ် ပါကြောင်း၊ ဆင်းရဲမှု လျှော့ချရေးအတွက် ဒေသ တွင်း ဖွံ့ဖြိုးမှု စီမံကိန်း (၁)အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀)ခုရှိ မြို့ပေါင်း (၂၃)မြို့တွင် ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
စီမံကိန်း အဆင့်(၂)အနေဖြင့် ပဲခူးနှင့်မော်လမြိုင်မြို့များတွင် Roughing Filter တည်ဆောက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး စစ်တွေမြို့တွင် ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းလုပ်ငန်း၏ (၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လူထု ဗဟိုပြုစီမံကိန်းအနေဖြင့် မြို့နယ် (၆၃)မြို့နယ် ကျေးရွာ (၁၂၀၁၁)ရွာတွင် စီမံကိန်း စက်ဝန်းအလိုက် လုပ်ငန်း ခွဲပေါင်း (၂၁၃၅၆)ခုအား အကောင်အထည်ဖော် ဆောင်ရွက် ပြီးဖြစ် ပါကြောင်း၊ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ရေးစီမံကိန်း အနေဖြင့် အသေးစား စီးပွားရေး လုပ်ငန်းများ အစပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက် ရှိပြီး စနစ်ကျလယ်ယာမြေ (၁၃၀၉)ဧက ဖော်ထုတ် နိုင်ခဲ့ကာ နည်းပညာပေးစံပြကွက် များ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး (အနောက်) ဆည်မြောင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေးစီမံကိန်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူပြု စီမံကိန်း၊ ရေသွင်း စိုက်ပျိုးမှု ဧရိယာအပါအဝင် လယ်ယာကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် မြန်မာနိုင်ငံ ဆည်မြောင်း ဖွံ့ဖြိုးရေး စီမံကိန်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း တင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Framework Agreement of International Solar Alliance တွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေး ကြသည်။
မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က International Solar Alliance (ISA) အဖွဲ့သည် အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင်ကို အသုံးချနိုင် ရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာ့ရာသီဥတုပူနွေးလာခြင်း၏ အကြောင်း တရားဖြစ်သော ကာဗွန်လောင်စာမှ စွမ်းအင်ထုတ်သော လမ်းကြောင်းမှ ခွဲထွက်၍ စွမ်းအင်ဖော်ထုတ် နိုင်ရေး လမ်းကြောင်းသစ်ကို ဖော်ထုတ်နိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Framework Agreement of International Solar Alliance (ISA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းအားဖြင့် ဆိုလာမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး အနာဂတ်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍနှင့် လျှပ်စစ် စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကိုများစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်သည့် အတွက် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးသင့်ပါကြောင်း ဆွေးနွေးသည်။
တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က ယနေ့ကမ္ဘာတွင် လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြပြီး မိမိတို့ နိုင်ငံ တွင်လည်း လျှပ်စစ်စွမ်းအား ပိုမိုလိုအပ် လာပါကြောင်း၊ ကမ္ဘာတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနေဖြင့် (၆)ခု ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့၊ ရေ၊ လေ၊ ကျောက်မီးသွေး၊ အဏုမြူနှင့် နေစွမ်းအင် တို့ဖြစ်ပါကြောင်း၊ နေစွမ်းအင်မှာ မကုန်နိုင်သောစွမ်းအင်ဖြစ်ပြီး Solar Power ဖြင့် ထုတ်လုပ်မှုသည် မိမိတို့နိုင်ငံအတွက် အလား အလာ ကောင်းပါကြောင်း၊ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုတွင် ဘေးထွက်ဆိုးကျိုး နည်းသည့် ဆိုလာ စွမ်းအင် ထုတ်လုပ်မှုကို မိမိတို့နိုင်ငံအနေဖြင့် ပါဝင် လက်မှတ်ရေးထိုး သင့်ပါ ကြောင်းဆွေးနွေးသည်။
အလားတူ အမရပူရမဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)မှ နော်လှလှစိုး၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်းနှင့် စလင်း မဲဆန္ဒနယ်မှ ဦးကံဦးတို့က ဆွေးနွေးကြသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ ရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကို မေ ၂၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ မျိုးသူဟိန်း

No comments:

Post a Comment