Thursday, October 26, 2017

UEHRD ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank ၊ UNRC နှင့် ဥရောပကော်မရှင်တို့က သီးခြားစီလာရောက် တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား World Bankမှ Director for Myanmar,Cambodia and Lao PDR, Ms. Ellen Goldsteinကလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး၊ Ms.RenataDessallien ကလည်းကောင်း၊ ဥရောပ ကော်မရှင်မှ သံအမတ်ကြီး H.E. Mr. Kristian Schmidt ကလည်းကောင်း ယနေ့နံနက်ပိုင်း တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံသည်။

World Bank အဖွဲ့နှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အရှိန်မြှင့်ဆောင်ရွက်နေသော လူသားချင်း စာနာကူညီမှု လုပ်ငန်းများပြည်သူများ၏ အင်အားကိုအဓိကထားပြီး မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများဖြင့်ဆောင်ရွက်မည့် UEHRD ၏ လုပ်ငန်းများတွင် World Bank အနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာ စီမံချက်အရဆောင်ရွက် နေသည့် သက်ကြီးထောက်ပံ့ရေးလုပ်ငန်းများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၄င်းတို့မှမွေးဖွားလာသည့် ကလေးအသက် (၂)နှစ်အထိ ငွေကြေးထောက်ပံ့ပေးနေသည့် အစီအစဉ်များကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေး ဆွေးနွေးကြသည်။
ဆက်လက်၍တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး Ms.RenataDessallien နှင့် တွေ့ဆုံပြီး UEHRD ၏ အရှိန်ဟုန်မြှင့် ဆောင်ရွက်နေသောလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
ဆက်လက်၍ ဥရောပကော်မရှင်မှသံအမတ်ကြီး H.E. Mr. Kristian Schmidt နှင့် တွေ့ဆုံပြီး UEHRD စီမံကိန်းများ အတွက် အလှူငွေနှင့်ထောက်ပံ့ရေး အစီအစဉ်များ၊ ပဋိပက္ခဒဏ်ခံပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ လူသားချင်းစာနာကူညီမှု တိုးမြှင့်ပေးနိုင်ရေးနှင့် ဒုက္ခသည်များပြန်လည် လက်ခံရေး၊ စနစ်တကျ ပြန်လည်နေရာချထားရေးနှင့် နောင်တွင်ပဋိပက္ခများထပ်မံမဖြစ်ပွားရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment