Thursday, October 26, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စာပေညီလာခံ ၂၀၁၇ ကျင်းပရေး ကော်မတီအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုသလမဂ္ဂဌာနေညှိနှိုင်းရေးမှူးအား သီးခြားစီတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် စာပေညီလာခံ ၂၀၁၇ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဦးနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာ ၁၂ ရက်တွင် စာပေညီလာခံ ဖွင့်ပွဲအခမ်းအနား ကျင်းပမည် ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲများ (Panel Discussion)ကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Conversion Center (MCC) ခန်းမတွင် ဒီဇင်ဘာ(၁၃၊ ၁၄၊ ၁၅)ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပါကြောင်း၊ စာပေအဖွဲ့အစည်း(၁၀)ဖွဲ့မှ ကိုယ်စားပြု ဆွေးနွေးသူများ ပါဝင်မည်ဖြစ်ပြီး တစ်သီးပုဂ္ဂလ ရပ်တည်လျက်ရှိသော စာရေးဆရာများ၊ အစုအဖွဲ့ များလည်း ပါဝင်ဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များ ကို ဒီဇင်ဘာ (၁၆)ရက်နေ့တွင် ကျင်းပမည့် စာပေညီလာခံ ၂၀၁၇ သို့ တင်သွင်းပြီး တက်ရောက် လာသူများ၏ မဲပေးဆုံးဖြတ်ချက်ရယူမည်ဖြစ်ပါကြောင်း၊ စာပေညီလာခံကျင်းပရေး လှုံ့ဆော်မှု အစီအစဉ်များအဖြစ် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဒီဇင်ဘာ (၈)ရက်မှ (၁၂)ရက်အထိ ညနေ ၄ နာရီမှ စတင်ကာ စာအုပ်ဈေးပွဲတော်၊ ပန်းချီပြပွဲ၊ ဥာဏ်စမ်းမေး အဖြေပြိုင်ပွဲ၊ စာပေဟောပြောပွဲ အစီအစဉ်များ ပါဝင်ကျင်းပမည်ဖြစ်ပါကြောင်း၊ ညီလာခံ တက်ရောက် လိုသူများအနေဖြင့် စာပေညီလာခံ ကျင်းပရေးကော်မတီ ရုံးခန်းတည်ရှိရာ Yangon Book Plaza  လမ်းမတော်၊ သံဈေး၊ ၅ လွှာရှိ ရုံးခန်းသို့ဖြစ်စေ၊ တယ်လီ ဖုန်းအမှတ် ၀၉-၄၂၅၀၂၉၅၅၉ သို့ ဖြစ်စေ sarpaynyilarkhan2017@gmail.com  သို့ ဖြစ်စေ ဆက်သွယ်နိုင်ရေး သတင်းထုတ်ပြန်ထားရှိကြောင်းတို့ကို တင်ပြဆွေးနွေး ခဲ့ကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စ ရီနားတား နီကိုလာလော့ဒ် ဒက်ဆဲလ် လီယန်အား မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ယင်းတို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို သက်ဆိုင်သူများအားလုံး ပြည့်ပြည့်စုံစုံသိရှိအောင် ထုတ်ပြန်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment