Thursday, October 26, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ် ကျခံနေရသော န၀မတန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသားများရှိ၊ မရှိ၊  ရှိပါက မည်မျှရှိပါသနည်း၊ ယင်း ကျောင်းသားများ၏ ပညာသင် ယူခွင့်နှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်ကို မည်ကဲ့သို့စီစဉ်ထားသည် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံရောက်ရှိလာသော အကျဉ်းသားများအနက်မှ ပညာတစ်ပိုင်းတစ်စဖြင့် ရောက်ရှိလာသော အကျဉ်းသား၊ အကျဉ်းသူများကို ပညာရေးဆုံးရှုံးနစ်နာမှုမရှိစေရန် အတန်းပညာဆက်လက်သင်ကြားလိုပါက မည်သူ မဆိုသင်ကြားနိုင်ကြောင်း စာသင်နှစ် စတင်ချိန်တွင် အသိပေးပြောကြားလျက် ရှိပါကြောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်နှင့် သာယာဝတီ အကျဉ်းထောင်တို့တွင် န၀မတန်းအဆင့် ပညာ သင်ကြားလျက်ရှိပါကြောင်း။
စာပေသင်ကြားမှုကို တနင်္လာနေ့မှ စနေနေ့အထိ တစ်ရက်လျှင် ၈ နာရီသင်ကြား ပေးလျက်ရှိပြီး စာသင်ချိန်တစ်ချိန် လျှင် ၄၅ မိနစ်သတ်မှတ်၍ သင့်လျော်သော အားလပ် ချိန်များပေး၍ သင်ကြားပေးလျက်ရှိပါကြောင်း၊ တနင်္လာနေ့မှ သောကြာနေ့အထိ အကျဉ်းသားကျောင်းဆရာများဖြင့် သင်ကြားပေးပြီး စနေနေ့တွင် အစိုးရအထက်တန်း ကျောင်းရှိ ကျောင်းဆရာများမှ ၀င်ရောက်သင်ကြားပေးလျက်ရှိသည့်အပြင် အကျဉ်း ထောင်အစီအစဉ်ဖြင့် ပြင်ပနည်းပြဆရာများ ငှားရမ်းသင်ကြားပေးလျက်ရှိပါကြောင်း၊ ဘာသာရပ်အားလုံးကို အခန်းတစ်ခန်းပြီးဆုံးတိုင်း အခန်းဆုံးစာမေးပွဲ ဖြေဆိုစေလျက် ရှိပါကြောင်း၊ အစိုးရကျောင်းများတွင် ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်စာ မေးပွဲများ ဖြေဆိုပါက အဆိုပါ ကျောင်းများ၏မေးခွန်းများကို ဖြေဆိုစေပြီး အဖြေလွှာများကိုလည်း သက်ဆိုင်ရာအစိုးရကျောင်းများက စစ်ဆေး ပေးလျက်ရှိပါကြောင်း။
စာသင်ကြားသည့် အကျဉ်းသားများနှင့် အကျဉ်းသားကျောင်းဆရာများကို အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းကိုသာ ၀တ်ဆင် စေပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများအပြင် အထူးထုတ်စာအုပ်များကိုလည်း အကျဉ်းဦးစီးဌာ နအစီအစဉ်ဖြင့် ၀ယ်ယူပေးလျက်ရှိပြီး အလှူရှင်များမှလည်း အခါအားလျော်စွာ လှူဒါန်း ပေးလျက် ရှိပါကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများကို တက္ကသိုလ် ပညာဆက်လက်သင်ကြားနိုင်ရန် အင်းစိန် ဗဟိုအကျဉ်းထောင်မှ အောင်မြင်သူများကို ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၌လည်းကောင်း၊ မန္တလေး ဗဟို အကျဉ်းထောင်မှ အောင်သူများကို မန္တလေးတက္ကသိုလ်၌လည်းကောင်း၊ တက္ကသိုလ်ပညာသင်ကြားနိုင်ရေး စီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် အင်းစိန်ဗဟိုအကျဉ်းထောင်မှ အဝေးသင်တက္ကသိုလ် ပညာသင်ကြား နေသော အကျဉ်းသား ၁၃ ဦးရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
တနိုင်း မဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၏ မြန်မာနိုင်ငံတော်တွင် အဆင့်မြင့်ရဲ အတတ်ပညာကို သင်ကြားပေးနိုင်သော နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်အား အမြန်ဆုံး ဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး၏ အောက်တွင် ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ရဲအကြပ် အတတ်သင်ကြောင်း၊ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ်(၂) ရဲလေ့ကျင့်ရေး ကျောင်း၊ အမှတ်(၃) ရဲလေ့ကျင့်ရေးကျောင်းနှင့် အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်း တို့ရှိပါကြောင်း၊  ရဲအရာရှိလေ့ကျင့်ရေးကျောင်းသည် ဒုရဲအုပ်လောင်းအပြင် အုပ်ချုပ်မှု သင်တန်းများနှင့်  ကျွမ်းကျင်မှုသင်တန်းများကို  ဖွင့်လှစ်နေရာမှ မန္တလေးမြို့တွင်  ရဲအရာရှိ အတတ်သင် ကျောင်းကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ မှုခင်းရဲတပ်ဖွဲ့တွင် စုံထောက်အရာရှိသင်တန်း၊ မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးမှုအရာရှိသင်တန်း၊ သတင်းရဲတပ်ဖွဲ့တွင် လုံခြုံရေးနှင့် ထောက်လှမ်းရေးသင်တန်း၊ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး သင်တန်း များဖွင့်လှစ်လျက်ရှိပြီး ဥရောပသမဂ္ဂ နှင့် သင်တန်းများပူးတွဲပြီး ဖွင့်လှစ်လျက်ရှိပါ ကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန်အတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ မူဝါဒခံယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပေါက်ခေါင်း မဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ) ဒေါ်မေစိုးနှင့် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးတို့၏ စည်ပင်သာယာရုံးတည်ရာ ပန်းခြံဟောင်းအား အများပြည်သူအပန်းဖြေနားနေနိုင်သော (Public Area) အဖြစ်ပြန်လည်သတ်မှတ် ပေးရန်၊ ပန်းတောင်းမြို့နယ်မှ မြေဧကများအား ပြည်သူအများပိုင်မြေအဖြစ် ပြန်လည်လွှဲပြောင်းပေးရန်၊ ဗိုလ်တထောင် မြို့နယ် ရဲစခန်းအား အသစ်ပြန်လည် ဆောက်လုပ်ပေးရန်၊ ဆွမ္မရာမြို့ရှိ ဌာနဆိုင်ရာများ၏ ရုံးအဆောက်အဦများကို မြို့အင်္ဂါရပ်နှင့် အညီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ / မရှိမေးခွန်းများနှင့် စပ်လျဉ်း၍  ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်း  လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ၏ တနေ့တာ နေ့တွက်စရိတ်ကို  လှူဒါန်းရန်တင်ပြ၍ လွှတ်တော်၏အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူ ကြောင်း ကြေညာသည်။
ယင်းနောက် မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံပြင်ပ သို့သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသောအ ကြောင်းရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ လျက်ရှိနေပါသဖြင့် ၄င်းတို့ဆက်လက်ရပ်တည်နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လာကြပါက  ထိရောက်သော ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် မိမိတို့နိုင်ငံ၏ နိုင်ငံရေး အခြေအနေအရ ပြည်တွင်းပဋိပက္ခများ နှစ်ကာလရှည်ကြာစွာဖြစ်ပွားခဲ့ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ ဒေသတွင်း တည်ငြိမ်မှုမရှိသည့်အတွက် နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောက်လန့်နေရခြင်း၊ စစ်ဘေးဒဏ်များကိုရှောင်ရှားလိုခြင်း၊ အေးချမ်းစွာပညာ သင်ကြားနိုင်မှု အခွင့်အလမ်းများနည်းပါးခြင်း၊ စားဝတ်နေရေး အခက်အခဲများကြောင့် မိမိတို့ နိုင်ငံသား တိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး အိမ်နီးချင်း နိုင်ငံများနှင့် အခြားဒေသသို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက် အလုပ်လုပ် ကိုင်နေကြရပါကြောင်း၊ ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အများစု သည် အသက်အန္တရာယ်လုံခြုံရေး၊ လုပ်ခလစာများ အပြည့်အ၀ ရရှိရေးတို့အတွက် မိမိတို့နိုင်ငံတော်အစိုးရ၏ ကူညီ စောင့်ရှောက်မှုများကို မျှော်လင့်နေကြပါကြောင်း။
တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များ၊ တရားဝင်နေထိုင်ခွင့်လက်မှတ်များ သက်တမ်းကုန် ဆုံးခြင်း၊ ပြန်လည်သက်တမ်းတိုး မဆောင်ရွက်ရသေးခြင်း၊ ဆောင်ရွက်ရန် အဆင်မပြေသေးခြင်း၊ အလုပ်ရှင်က နိုင်ငံကူးလက်မှတ်များအား သိမ်းယူထားခြင်းစသည့် အခက်အခဲ များ ကြုံတွေ့နေကြရသည်ကို သိရှိရပါကြောင်း၊ တရားမ၀င် သွားရောက်အလုပ်လုပ်ကိုင် နေသူများသည်လည်း တစ်ဘက်နိုင်ငံ၏ မူဝါဒအပြောင်းအလဲနှင့် ဥပဒေပြင်ဆင်ပြဋ္ဌာန်းခြင်းများကြောင့် ဖမ်းဆီးခံရခြင်း၊ အလုပ်ရှင်များက နှင်ထုတ်ခြင်း၊ လုပ်ခလစာမရရှိဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း စသည့် ဒုက္ခမျိုးစုံ ခံစားနေကြရ သည့်အတွက် နိုင်ငံတော်၏ ကူညီစောင့်ရှောက်မှုများ လိုအပ်လျက်ရှိနေကြပါကြောင်း၊ မိမိနေရပ်ထံ ပြန်ဝင်ရောက်လာသူများကို လူသားခြင်း စာနာထောက်ထားခြင်းအားဖြင့် နယ်စပ်ဒေသရှိမြို့များနှင့် ပြန်လာရာ လမ်းကြောင်းရှိမြို့နယ်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ရဲတပ်ဖွဲ့ ၀င်များ၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိ သူများ၊ တပ်မတော်သားများနှင့်  လူမှုအဖွဲ့အစည်းများက မိမိတို့ မြန်မာနိုင်ငံသား တိုင်းရင်းသားများအား လိုအပ်သလို ကူညီစောင့်ရှောက်မှုပေးနိုင်ပါရန် ပန်ကြား တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းအဆိုနှင့် စပ်လျဉ်း၍ သိန္ဓီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေး နွေးသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍  ပေးပို့လာသော မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို  ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဒေါ်မာမာခိုင်က အစီရင်ခံစာ ဖတ်ကြား တင်သွင်းသည်။
ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍  ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။                                                  

အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment