Thursday, October 26, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆
ဒုတိယအကြိမ်  အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို  ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၏ တနေ့တာ နေ့တွက်စရိတ်ကို လှူဒါန်းရန်တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ချင်းပြည်နယ် ပလက်ဝမြို့  ပေ ၁၁၀၀ အရှည်ရှိ ကမ်းနားလမ်း၊ မြေထိန်းနံရံနှင့် ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့ ကမ်းနားလမ်းမြေထိန်းနံရံနှင့် ကွန်ကရစ်လမ်းခင်းခြင်းကို ချင်းပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆိပ်ကမ်းမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ပထမ အအဆင့် ပေ ၆၀၀ အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၀ သန်းနှင့် ကမ်းနားလမ်းမြေထိန်းနံရံပြုလုပ်ခြင်း ပေ ၁၄၀ အတွက် ခွင့်ပြုငွေကျပ်သန်း ၃၀ ဖြင့် စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ကွန်ကရစ်လမ်းခင်းခြင်းအတွက်  ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လျာထားခြင်းမရှိပါကြောင်း၊ စုစုပေါင်း ဆောင်ရွက်ရမည့် ဆိပ်ကမ်းမြေထိန်းနံရံတည် ဆောက်ခြင်း လုပ်ငန်းပေအရှည်မှာ ၂၂၀၀ ပေဖြစ်ပြီး ယခုနှစ်ပေ ၆၀၀ စတင်ဆောင် ရွက်ရမည်ဖြစ်ကာ ကျန်ရှိသော ပေ ၁၆၀၀ အတွက် လာမည့်ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာ ငွေခွင့်ပြုရရှိမှု အလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က   ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁) တို့အရ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဟူ၍ အသီးသီးရှိကြပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်တွင် လည်း ဥပဒေပြုရေးအတွက် လွှတ်တော်ဥပဒေ၊ နည်းဥပဒေတို့ ရှိကြပါကြောင်း၊ ထို့အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်တို့တွင်လည်း ဥပဒေပြုရေးအတွက် ဥပဒေ၊ နည်း ဥပဒေတို့ အသီးသီးရှိကြပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ လည်းရှိနေပါကြောင်း၊ ဖွဲ့စည်းပုံ စည်းမျဉ်းလည်း ရှိပြီးဖြစ်ပါကြောင်း၊ လွှတ်တော်အချင်းချင်း ချိတ်ဆက် ဆောင်ရွက်စရာရှိပါက အဖွဲ့၏စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်သွား၍ ရပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂(က)တွင် နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေ ကသတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်ဟု ပါရှိပါကြောင်း၊ ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွာ ပြဋ္ဌာန်းထားပါလျက်   မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းသည် အခြေခံ ဥပဒေပုဒ်မ ၁၂(က)ကို ကျော်လွန်ပြီးရေးဆွဲထားသည့် ဥပဒေဖြစ်ပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က)အရ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာ ၃ရပ် ရှိပါကြောင်း၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့မှာ ဗဟိုချုပ်ကိုင်မှု ရှိပါကြောင်း၊ ဥပဒေပြုရေး အာဏာမှာ ဗဟိုချုပ်ကိုင်မှု လွတ်ကင်းပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားသာချက်၊ တစ်နည်းအားဖြင့် ဖက်ဒရယ်ပုံစံတန်းဝင်နေသည်ဟု ဆိုရမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အနှစ် သာရရှိနေသည့် အခြေခံဥပဒေပုဒ်မကို ကျော်လွန်၍   မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ပြဋ္ဌာန်းရန် မသင့်ပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦးက မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကြမ်းပြဋ္ဌာန်းရခြင်း ရည်ရွယ် ချက် ၄ခု ဖော်ပြထားပြီး လွန်စွာကောင်းမွန်ပါကြောင်း၊ သို့ရာတွင် ဖြစ်ပေါ်လာနိုင်သော Letter of Law အရကိစ္စများ ကိုသော်လည်းကောင်း၊ မမြင်ရသောအကျိုးဆက်၊ မမြင်ရသောရည်ရွယ်ချက်များကိုသော် လည်းကောင်း သတိပြုရန် လိုအပ်ပါကြောင်း၊ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် လွှတ်တော်အဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြော်ငြာစာဖြင့်သာ ဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဒုတိယအကြိမ် တွင်လည်း မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU)ကို ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် စုစုပေါင်း ၁၈ ဦးဖြင့် အတည်ပြု ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင် ရာအဖွဲ့အစည်းအဝေး (၂/၂၀၁၇)ကို ၂၀၁၇ခုနှစ် မေလ ၅ရက်တွင် ကျင်းပခဲ့ကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံလွှတ် တော်ဆိုင်ရာအဖွဲ့မှာ ဥပဒေပြဋ္ဌာန်းစရာမလိုဘဲ လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး ယခင်ပထမအကြိမ်လွှတ်တော် သက်တမ်းတစ်လျှောက်လုံးတွင်လည်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့်သာ အောင်မြင်အောင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် ယခုဥပဒေမှာ ပြဋ္ဌာန်းရန်မလိုအပ် ပါကြောင်း။
ယခုအချိန်သည် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) အခမ်းအနားများ ကျင်းပ၍ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးနှင့် ယုံကြည်မှု တည်ဆောက်နေသည့် အချိန်ကာလ ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး တောင်းဆိုနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဗဟိုချုပ်ကိုင်မှု၊ လွှမ်းမိုးမှုကို ဖြစ်စေနိုင်သည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းအား ပြဋ္ဌာန်းရန်မသင့်ပါကြောင်း ဆွေးနွေးသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ  ဦးခင်မောင်လတ်၊  ရခိုင်ပြည် နယ်မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှဦးစိုးသိန်း (ခ) ဦးမောင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ တပ်မတော်သား ကိုယ်စား လှယ် ဗိုလ်မှူးကြီး ကျော်ကျော်တို့ကဆက်လက် ဆွေးနွေးကြသည်။
ဒုတိယကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို အောက်တိုဘာ ၂၇ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်

No comments:

Post a Comment