Sunday, September 17, 2017

မောင်တောခရိုင် မြောက်ပိုင်းရှိ ဒေသခံ တိုင်းရင်းသား ကျေးရွာများနှင့် အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာများအား စားနပ်ရိက္ခာများ ဆက်လက် ကူညီထောက်ပံ့


စစ်တွေ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ် မောင်တောခရိုင် မြောက်ပိုင်းရှိ ဒေသခံ တိုင်းရင်းသား ကျေးရွာများနှင့် အစ္စလာမ် ဘာသာဝင်များ နေထိုင်သည့် ကျေးရွာများအား  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် စားနပ်ရိက္ခာများ ဆက်လက် ကူညီထောက်ပံ့ပေးသည်။
 

မောင်တောဒေသ မြောက်ပိုင်းရှိ ကျေးရွာများဖြစ်သည့် ရခိုင်၊ သက်၊ ဗမာ၊ မွန်နှင့် ရှမ်း လူမျိုး အများစု နေထိုင်သော အောင်ဇေယျ (စုစည်း) ကျေးရွာနှင့် အောင်ဇေယျ (ငြိမ်းချမ်းရေး) ကျေးရွာများ၊ အောင်သာယာ ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ အစ္စလာမ် ဘာသာဝင်များ နေထိုင်သော ငန်းချောင်း ကျေးရွာ နှင့် ကြက်ရိုးပြင် ကျေးရွာတို့သို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စားနပ်ရိက္ခာများ သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့သည်။ 

ထိုသို့ ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ငန်းချောင်းကျေးရွာမှ အစ္စလာမ် ဘာသာဝင် ဦးခိုက်ရ်မာမက်က "ယခုလို အချိန်ကာလမျိုးတွင် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးသော သက်ဆိုင်ရာ တာဝန်ရှိသူ တွေကို ကျေးဇူးတင်ပါကြောင်း၊ တပ်မတော်ကလည်း ပြီးခဲ့သော တစ်ပတ်အတွင်းက ယခုကဲ့သို့ ဆန်၊ ဆီ၊ ဆား အပါအ၀င် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးပါကြောင်း၊ ၎င်းတို့ ငန်းချောင်းကျေးရွာ အနေဖြင့် ယခင်ကတည်းက ဒေသခံတိုင်းရင်းသားများနှင့် အတူအေးချမ်းစွာ နေထိုင်ခဲ့ပါ ကြောင်း၊ ကျေးရွာ အတွင်း ထူးခြားမှု တစ်စုံတစ်ရာ ရှိလျှင်လည်း သက်ဆိုင်ရာကို အကြောင်းကြား တင်ပြခဲ့ ပါကြောင်း၊ ယခု လက်ရှိမှာလည်း အေးအေးချမ်းချမ်း နေထိုင် စားသောက်လျက်ရှိ  ပါကြောင်း၊ နောင်တွင်လည်း တရားဥပဒေ စိုးမိုးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။ 

ယနေ့ မောင်တောဒေသ မြောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသား ကျေးရွာများနှင့် အစ္စလာမ်ဘာသာဝင် များ နေထိုင်သော ကျေးရွာ ခြောက်ရွာသို့ ဆန်အိတ် ၄၀၀၊ ဆီနှင့် ပဲ ၅၁၇ ပိဿာစီနှင့် ဆား ၂၅၄ ပိဿာ တို့ကို ကူညီထောက်ပံ့ပေးခဲ့ပြီး အဆိုပါ ကျေးရွာများရှိ အသက် ၉၀ နှင့်အထက် အဘိုး၊ အဘွားများကိုလည်း သက်ကြီးရွယ်အို ကူညီထောက်ပံ့ပေးရေး ကဏ္ဍတစ်ရပ် အနေဖြင့် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီ လှူဒါန်းခဲ့သည်။ 
“အိမ်ရှင်မတွေအတွက် အခုလို အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ သက်ဆိုင်ရာအနေနဲ့  ဆန်၊ ဆီ၊ ဆားနဲ့ ပဲတွေကို ကျေးရွာအရောက် ကူညီထောက်ပံ့ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။ ၀မ်းလည်း ၀မ်းသာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တပ်မတော်က ရဟတ်ယာဉ်နဲ့ စားနပ်ရိက္ခာတွေ အခုလိုလာပြီး ကူညီ ထောက်ပံ့ပေးခဲ့ပါသေးတယ်။ ဒါနဲ့ဆို ကျွန်မတို့ရွာကို စားနပ်ရိက္ခာ ကူညီ ထောက်ပံ့ပေးတာ နှစ်ခါ ရှိပါပြီ။ အခုလိုကာလမှာ ပိုက်ဆံရှိတာတောင် ဈေးဝယ်လို့မလွယ်တဲ့ အချိန် အခါပါ။ အထူးသဖြင့်တော့ ဟင်းချက်စရာ အခက်အခဲ ဖြစ်ရပါတယ်။ ကျွန်မတို့ရွာမှာက အေးအေး ချမ်းချမ်းနဲ့ တောင်ယာ လုပ်ကိုင်စားသောက် တဲ့သူတွေချည်း နေထိုင်ကြတာပါ။ အကြမ်းဖက်မှု ကိုတော့ ကျွန်မအပါအ၀င် တစ်ရွာလုံးမှာရှိတဲ့ ပြည်သူတွေက မနှစ်မြို့ပါဘူး။ အခုလို ဒုက္ခရောက်ကြ ရတော့ အရင်အေးအေးချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် သွားလာခဲ့ရတဲ့ တန်ဖိုးကိုပိုပြီး သိလာကြ ပါတယ်။ ကျွန်မတို့ ကျေးရွာသူ၊ ကျေးရွာသားတွေ အနေနဲ့ ဥပဒေဘောင် အတွင်းကပဲ အေးအေး ချမ်းချမ်း နေထိုင်လိုကြပါတယ်” ဟု ငန်းချောင်းကျေးရွာမှ ဒေါ်ဒီရ်ဒါရ်က ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသည် ပြည်နယ်အစိုးရနှင့် ပူး ပေါင်းကာ ရခိုင်ပြည်နယ် မောင်တောဒေသတွင်းရှိ ဒေသခံတိုင်းရင်းသား ကျေးရွာများနှင့် ဥပဒေ ဘောင်အတွင်း အတူ အေးချမ်းစွာ လုပ်ကိုင် စားသောက်လိုသော အစ္စလာမ် ဘာသာဝင်များ နေထိုင်သော ကျေးရွာများရှိ ပြည်သူများအား လတ်တလော အနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာလူး၊ ကြက်သွန် အပါအ၀င် စားနပ်ရိက္ခာများနှင့် ကျန်းမာရေး အထောက်အကူပြု ဆေးဝါးများ၊ အသုံး အဆောင် ပစ္စည်များ ကူညီ ထောက်ပံ့ပေးလျက်ရှိပြီး ကူညီ ထောက်ပံ့မှုများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းအဖွဲ့)

No comments:

Post a Comment