Wednesday, April 26, 2017

စိန်ပန်းပွင့်၊ အသားကင်ညှော်နှင့် မိတ္တူလမ်းမတော်



ဆူးငှက်
ငယ်ငယ်ကတော့ ယဉ်ပျံရွာ အနောက်နားက ရေနီမြောင်းရောက်သည်ဆိုလျှင်ပင် ကွင်းပေါ်ကလေ၊ ကောက်သင်း ရနံ့၊ ချောင်းပေါ်က ပတပ်နှင့် ရှမ်းရိုးမညို့ညို့ကို လွမ်းမောစွာ ခံစားနေရတော့သည်။ သူငယ်ချင်းတွေစုပြီး ပျော်ပွဲစားထွက်လျှင် သို့မဟုတ် ကျောင်းပြေးကြလျှင်သို့မဟုတ် ရည်းစားနှင့် ချိန်းချက် စကားပြောလျှင် ထိုနေရာများကား မြို့ပြနှင့်ဝေးလှချေပြီ။ လူသူကင်းဝေးလှပြီ။ တောနှင့် တောင်ရိပ်များ မွှမ်းထုံလှချေပြီ။

ရေနီမြောင်း အနောက်ဘက်က ငါးစို့တိုက်ဆိုတာ မြို့ရဲ့အစွန်အဖျား။ ဘီဘီအိုအေ မိဘမဲ့ကျောင်း(အခု အမ်ဘီအိုအေ) ဆိုတာ မြို့ရဲ့ကလနား။ တကယ်တော့ မန္တလေး ဘူတာကြီး မျက်နှာမူရာတည့်တည့် လမ်း ၃ဝ သည် ထိုထိုအစွန်အဖျားကလနား ဘုန်းကြီးကျောင်းကြီးများ အုတ်တံတိုင်းအစပ်မှ စတင်ခဲ့သည် မဟုတ်ပါလား။
၆၂လမ်းဆိုတာ လွန်ခဲ့တဲ့ နှစ်ဆယ့်လေးငါးနှစ်ကမှ အသွားအလာများလာခြင်း ဖြစ်၏။ အခုတော့ လမ်း ၃ဝသည် ၆၂လမ်းမှ စတင်သည်ဟု ပြောလို့ရပေပြီ။ နောင် ဆိုရင်တော့ ဘုန်းကြီးကျောင်းကြီးတွေ အရှေ့ဘက်မှာ ရေနီမြောင်းကိုဖြတ်၊ နဂါးကွက် သစ်ကိုဖြတ်၊ ဝါခင်းကုန်းကိုဖြတ်ပြီးလည်း ဟိုအရှေ့ကန်ကောက် အောင်ပင်လယ်အထိ လမ်း ၃ဝဆိုတာ ရှိလာဦးမှာပေါ့။ ဒီလိုနဲ့အောင်ပင်လယ် အရှေ့ဘက် ရန်ကင်းတောင်ခြေ အထိလည်း လမ်း၃ဝဆိုတာ ရှိလာနိုင်သေးတာပေါ့။ သို့သော် လမ်း၃ဝသည် အခုတော့ ၆၂လမ်းကပဲ စသည်ဟု ဆိုရပေမည်။ လမ်း ၃ဝထိပ်က ၆၂လမ်းနှင့် ဘုန်းကြီးကျောင်း တွေကိုကျော်ပြီး မျှော်ကြည့်လိုက်လျှင် ရိုးပြတ်၊ ထန်းတော၊ ရိုးမပုံရိပ် အစွန်းအစတွေ မြင်နေရသေးသည်။ အဲဒီနားက ဘီဘီအိုအေ မိဘမဲ့ ကျောင်းကတော့ သက်တမ်းရှည် ကြာပေပြီ။ မန္တလေးသူ၊ မန္တလေးသားတို့ အစဉ်အဆက် ကုသိုလ်ပြုလှူဒါန်းခဲ့ကြရာ နေရာဌာနလည်းဖြစ်၏။ လွတ်လပ်ရေးရပြီးကာလ၊ ပြည်တွင်းစစ်မီးက မိဘမဲ့ကလေး အမြောက်အမြားကို အမွေအဖြစ်ထားရစ်ခဲ့ပေပြီ။ ပြည်တွင်းစစ်မီးကလည်း တလောကမှငြိမ်းသည်ဟု ဆိုရမှာမို့ မိဘမဲ့ကလေးဆိုတာ အလျင်မပြတ်တော့။
ကလေးတွေ ဘဝကို စုစည်းစောင့်ရှောက်၊ မြေတောင်မြှောက်ပျိုးထောင်ကာ 'လူတစ်လုံး'များအဖြစ် လူ့လောကထဲ ပြန်ပို့ပေးသည့် အလုပ်လောက်မွန်မြတ်တာ မရှိ။ ထိုအလုပ်ကို လမ်း ၃ဝ ထိပ်၊ ငါးစို့တိုက်ထဲက ဘီဘီအိုအေကျောင်းက နှစ်ရှည်လ များ ထမ်းဆောင်တာဝန်ကျေခဲ့သည်။ လမ်း ၃ဝ ကား ဤသို့ အစကောင်းခဲ့ပေသည်။ လမ်း ၃ဝ ထိပ်မှာ တစ်ချိန်က နာမည်ကျော်ခဲ့သော ကောက်ညှင်းပေါင်းနှင့် အကြော် ဆိုင်ရှိ၏။
ကောက်ညှင်းပေါင်းနှင့် အကြော်ကား မြန်မာ့အစားအစာစစ် ဖြစ်ပေသည်။ ဘယ်အချိန်ဘယ်ကာလရောက်ရောက် ကောက်ညှင်းပေါင်းအကြော်ကို မြန်မာ့ခံတွင်း က တောင့်တပေဦးမည်။ မ္တလေးမှာက အနောက်ပဲဝင်း၊ အရိုးအိုးလေးပဲဝင်းနှင့် ဗောဓိကုန်း၊ ပုဏ္ဏားအစုများက ကောက်ညှင်းပေါင်း ငချိပ်ပေါင်းကို ရောင်းချ၏။
နံနက်အရုဏ်တက်ချိန်ကတည်းက နှီးတောင်းထဲမှာ ကောက်ညှင်းပေါင်း၊ ငချိပ်ပေါင်းနှင့် စားတော်ပဲ ပူပူနွေးနွေးထည့်၊ ဟင်္သပဒါးသုတ်ယွန်းဗျပ်နီနီမှာ နှီးတောင်းထည့်ကာ တောင်းပေါ်မှာ သစ်စေးသုတ် ဆန်ကောနှင့် ဖုံးပြီး ဆန်ကော ပေါ်မှာ ကြေးချိန်ခွင်တစ်လက်၊ နှမ်းထောင်းနှင့်ဆားဘူး၊ ကြက်သွန်ဖြူဆီချက်ပုလင်းနှင့် အရပ်တကာ လှည့်လည်ရောင်းချကြသည်။ ကောက်ညှင်းပေါင်းကို ချိန်ခွင်မှာအချိန်နှင့် ရောင်းချခြင်းဖြစ်၏။
မရီကလည်း နံနက်ငချိပ်ပေါင်းရောင်းအပြီး နေ့လယ်မွန်းလွဲ နှစ်နာရီလောက် ရောက်ပြန်တော့ အုန်းပေါင်း ငှက်ပျောသီးကြော်ဟု ဟစ်ကာ တစ်ခေါက်ရောက်လာ ပြန်၏။ အုန်းပေါင်းက အုန်းသီးနိုင်းချင်းဖြစ်၏။ ငှက်ပျောသီးကြော်က အိစက်ချိုနစ် နေသည်။ ပဲဝင်းမှာ မီးလောင်တော့ သူတို့တစ်တွေ ရှင်ပင်အုန်းအင်းသို့ ပြောင်းသွား သည်။ ထိုအခါ ကောက်ညှင်းပေါင်းအကြော် စားချင်လျှင် ဆင်တံတားဘက် စက်ဘီး ကလေးနှင့် ပြေးဝယ်ရ၏။
နောက်တော့ မန္တလေးမြို့ထဲမှာ ခေါင်းရွက်ကောက်ညှင်းပေါင်းသည်၊ အကြော် သည်များ မရှိသလောက် ရှားသွားသည်။ အားလုံးနီးပါး မြို့သစ်ရောက်ကုန်ကြတာပေါ့။ ထိုအခါ ကောက်ညှင်းပေါင်း၊ အကြော်စားချင်ရင် လမ်းထောင့်တွေမှာ ရှိတတ်တဲ့ ဆိုင်လေးတွေဆီ ဝယ်ရသည်။ ထိုဆိုင်လေးတွေမှာ နံနက်လင်းလျှင် ကားတွေ၊ ဆိုင်ကယ်တွေအထိ စုပြုံတိုး။
လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ ကောက်ညှင်းပေါင်းငါးကျပ်ဖိုးဝယ်လို့ ရသေးသည်။ အခုတော့ တစ်ဆယ်ဖိုးအနည်းဆုံး ရောင်းသည်။ ကလေးလက်သီးဆုပ်လောက်ရှိသည်။ အကြော်က လောက်စလုံးလောက်ကို နှစ်ကျပ်၊ လမ်းတွေတိုးချဲ့၊ ပလက်ဖောင်းတွေ တိုးချဲ့ပြန်တော့ ထိုအကြော်ဆိုင်လေးတွေ တချို့ပျောက်သွားပြန်သည်။
တချို့တော့ အရင်အိမ်ရှင်က နောက်လူရောင်းသွားတော့ နောက်လူပဝတ္ထိသားက အိမ်ရှေ့ရှိအကြော်ဆိုင်ကို ထွက်ခွင့်မပေးတော့။ သူ့အိမ်မှာကုန်ချမည့်ကား အဝင် အထွက်တွေ များလာသည်။ သို့မဟုတ် ရှမ်းခေါက်ဆွဲဆိုင်ဖြစ်ချင်ဖြစ်လာမည်။
ထိုအခါ မ္တလေးမှာ ကောက်ညှင်းပေါင်းသည်က ရှားပါးကုန် ဖြစ်သွားတော့၏။ လမ်း ၃ဝ ထိပ်၊ ၆၂ လမ်းပေါ်က ဆိုင်ကတော့ အကြော်နာမည်ကြီးသည်။ အကြော် မျိုးစုံရသည်။ ခရမ်းသီးကြော်၊ ဂေါ်ရခါးသီးကြော်၊ ဘူးသီးကြော်၊ မုန့်လုံးကြီးကြော်၊ ဂျူးမြစ်ကြော်၊ ဆူးပုပ်ကြီးကြော်၊ ငှက်ပျောသီးဂျုံမံကြော်များ ရသည်။ နောက်တော့ ရဲသိပ္ပံအရှေ့ဘက်မှာ အကြော်နှင့် ကောက်ညှင်းပေါင်းဆိုင်များ စည်ကားလာပြန်၏။ အခုမရှိတော့။
လမ်း ၃ဝ ထိပ်က လမ်းတောင်ဘက် ခြံဝင်းတစ်ဝင်းထဲကနေ မန္တလေး၏ စတီရီယို မျိုးဆက်သစ်များအား မွေးထုတ်ပေးဖူး၏။ တစ်ချိန်က လျှပ်စစ်ဂီတာသံ၊ ဒရမ်ဆက်သံ၊ အော်ဂင်သံများဖြင့် သီချင်းဆိုကျင့်နေသံကို လမ်းမပေါ်မှ အတိုင်းသားကြားနေရပါ သည်။
စီဗီလိုင်းကား တစ်ချိန်က ခြံဝင်းကျယ်ကြီးများနှင့် လူနေကျဲကာ တိတ်ဆိတ်ငြိမ် သက်လှသည်။ လမ်းပေါ်ဝင်းပေါက်က အော်ခေါ် လျှင်ပင် ခြံထဲမှ အိမ်ဆီကမကြားရ။ အများစုက အသားအိမ်ကြီးများ၊ သို့မဟုတ် နံကပ်တစ်ထပ်တိုက်လေးများသာ ဖြစ်သည်။ အောင်တော်မူရပ်ထဲမှ အောင်တော်မူဘုရားရှိ၏။ ယခုသည်ဘက် ဆယ်စု နှစ်ပိုင်းတွင် အောင်တော်မူဘုရားဝင်းအတွင်း၌ ပုတီးစိပ်သူ၊ တရားဘာဝနာပွားများ သူများဖြင့် ညတိုင်းတွင် စည်ကားနေလေသည်။ အရိပ်ကောင်းသော လှပသည့် ဘုရားဝင်းကျယ်ကြီး ဖြစ်လေသည်။
အမှတ် ၁ ကားပြာ ဘတ်စ်ကားကြီးများက ဘုရားကြီးရှမ်းစုဘူတာမှ တအိအိ ထွက်လာကာ ဈေးချို၊ ကြေးနန်းရုံး၊ ဓာတ်စက်ရုံ၊ ဘူတာကြီး၊ ဆေးရုံကြီး၊ ရုံကြီးများ ကိုဖြတ်ပြီး အောင်တော်မူဘုရားဘက်ကွေ့ကာ မြောက်နားရေအိုးစင်ဂိတ်မှာ ဂိတ်ဆုံး ဖြစ်ခဲ့ဖူး၏။ ထိုစဉ်ကတော့ မန္တလေးမြို့တွင်း၏ အချက်အချာအကျဆုံး ဘတ်စ်ကားခရီး စဉ်၊ အခုတော့ အောင်တော်မူသည် ဝင်ခလုတ်၊ ထွက်ခလုတ်မြို့၏ အသည်းနှလုံးနေရာ များ။
လမ်း ၃ဝ အတိုင်း အနောက်ဆက်ဆင်းလာတော့ လမ်းဘယ်ဘက်မှာ လူမှု ဝန်ထမ်းဦးစီးဌာန၊ ကလေး ပြုစုစောင့်ရှောက်ရေးဌာန ရှိ၏။ ထိုအဆောက်အအုံတွေ မျက်နှာစာ၌ မှန်စီပန်းချီကားကြီးရှိသည်။ မန္တလေးမှာက ထိုကဲ့သို့သော အဆောက်အအုံ မျက်နှာစာ မှန်စီပန်းချီကားက နှစ်ချပ်သာရှိသည်။ တစ်ချပ်က တိုင်းရင်းဆေး သိပ္ပံကျောင်းမှာရှိသည်။
ကလေးပြုစုရေးဌာန၏ အနောက်ဘက်မှာတော့ အမျိုးသမီးသက်ကြီး သင်တန်း ကျောင်းရှိပါသည်။ မတော်တဆ လမ်းလွဲရောက်သွားသည့် မြန်မာအမျိုးသမီးလေးများ အား ပြုပြင်ထိန်းသိမ်းပေးသည့် ကျောင်းဖြစ်၏။ ဘဲအုပ်က တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်တည်းဟု ဆိုရမလိုပင်။ ပြုပြင်ထိန်းသိမ်းသည့် သင်တန်းကျောင်းများကား သည့်ထက်မက အများကြီးရှိသင့်နေပါသည်။ ကျွန်တော်တို့ကား ဈေးကွက်စီးပွား ရေးနှင့် မြန်မာအမျိုးသမီးတို့၏ အခန်းကဏ္ဍကိုသည့်ထက်မက တစ်ခန်း၊ တစ်ကဏ္ဍ၊ တခုတ်တရ ဆွေးနွေးကြရပေဦးမည်။
ဈေးကွက်စီးပွားရေးတွင် နယ်နိမိတ် ကျဉ်းကုန်၏။ ကုန်စည်ကူးလူးရောယှက် ကုန်၏။ ယဉ်ကျေးမှုတွေ စီးမျောကုန်၏။ အရင်က မဝတ်ဖူး၊ မမြင်ဖူး၊ မစားဖူး၊ မသိဖူးတာတွေ ဝတ်စား၊ မြင်တွေ့သိရှိကြကုန်၏။ ထိုအခါ လောဘတပ်မက်လာကြသည်။ ရောင့်ရဲတင်းတိမ်မှုကို ချိုးနှိမ်မရ၊ ဝတ်ချင်၊ စားချင်၊ မြင်ချင်၊ သိချင်တော့ ဝတ်ဖို့၊ စားဖို့၊ မြင်ဖို့၊ သိဖို့၊ ဟီရိသြတ္တပ္ပကို မငဲ့၊ သိက္ခာကိုမထောက်၊ ဣနြေ္ဒကိုမစောင့်နိုင်ကြ တော့။

No comments:

Post a Comment