Wednesday, April 26, 2017

မြန်မာပြည်မှ အော်ဂျီးယန် မြင်းဇောင်းများနှင့် ဒေါ်အောင်ဆန်းစုကြည်



လင်းအေး
ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ ဦးမြစိန်(ပုသိမ်) (သံအမတ်ကြီး ဦးမြစိန်)က N.N ကလောင်အမည်ဖြင့် ဗိုလ်ချုပ်အကြောင်း ဆောင်းပါးရေးခဲ့ရာ ဆောင်းပါးတွင် ကိုအောင်ဆန်း ကျောင်းမှထွက်ပြီး တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်၍ အစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်စဉ်က ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း အခုလိုရေးသားထားသည်။

''သခင်အောင်ဆန်း(အထွေထွေအတွင်းရေးမှူးဖြစ်လာပြီးနောက်) ပထမဆုံးလုပ်ဆောင်ရသည့် တာဝန်မှာ ''အော်ဂျီးယန် မြင်းဇောင်းများ'' ကို သန့်ရှင်းအောင် ရှင်းလင်းနေခြင်းနှင့်တူသည်။'' (N.N: Out of the past -An intimate Skatch of Bogyoke Aung San, Guardian Magazine Vol IX, No5,May 1961)
အော်ဂျီးယန်မြင်းဇောင်းများ (Augean Stables)ကိုရှင်းလင်းသည့် ဇာတ်လမ်းမှာ ဂရိဒဏ္ဍာရီတွင် ပါရှိသော လူစွမ်းကောင်းဟာကြူလီ (ဟဲနကလိဇ်)၏ ဇာတ်လမ်းဖြစ်သည်။ ဟာကြူလီသည် နတ်မင်းကြီး ဇူး(စ်)(Zeus)နှင့် သူ၏ လူသားမိဖုရား အဲလ်(ခ်)မီးနီး (Alcmane) တို့မှ မွေးဖွားသော လူတစ်ပိုင်းနတ်တစ်ပိုင်းသားတော် ဖြစ်သည်။
ဇူး(စ်)၏ အခြားမိဖုရားတစ်ဦးဖြစ်သည့် နတ်ဘုရားမ ဟီးရာ (Hera) ၏ ပယောဂကြောင့် ဟာကြူလီ စိတ်ဖောက်ပြန်ပြီး သူ့သားသမီးများကို သတ်လိုက်မိသဖြင့် သူကျူးလွန်မိသော ပြစ်မှုအတွက် နတ်ကွန်းတွင် နတ်သွားမေးရာ နတ်က ဟာကြူလီကို ယူရစ်(စ်)သီးယပ်(စ်)ဘုရင်ထံသို့ သွားရောက်၍ ဘုရင်ကို ၁၂ နှစ် အလုပ်အကြွေးပြုရန်နှင့် အလွန် ခက်ခဲသော အလုပ်ကြီး ၁၂ ခု (Twelve Labours) ကို ဘုရင်အတွက် လုပ်ဆောင်ပေးစေရန် ညွှန်ကြားချမှတ်လိုက်သည်။
လုပ်ငန်ကြီး ၁၂ ခုတွင် ငါးခုမြောက်အလုပ်မှာ ယူရစ်(စ်)သီးယပ်(စ်) ဘုရင်ပိုင်သည့် မြင်းဇောင်းများမှ တိရစ္ဆာန်အညစ်အကြေးများကို ရှင်းလင်းပေးရမည့် အလုပ်ဖြစ်သည်။ ထိုအော်ဂျီးယန် မြင်းဇောင်းများ တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်းများကိုထားရှိပြီး ယင်းတို့၏ အညစ်အကြေးများကို နှစ်ပေါင်းသုံးဆယ်ကျော် မရှင်းလင်းဘဲ ထားသဖြင့် တောင်ပုံရာပုံ စုပုံနေပြီး ညစ်ပတ်နံစော်လျက်ရှိသည်။
ဟာကြူလီသည် ထိုမြင်းဇောင်းသုံးထောင်ရှိ အညစ်အကြေးများကို တစ်ရက်တည်းနှင့် (နာရီပိုင်းမျှနှင့်) ပြောင်စင်သွားအောင် အပြတ်ရှင်းပစ်လိုက်သည်။ လူစွမ်းကောင်း(သို့မဟုတ်) နတ်စွမ်းကောင်း ဟာကြူလီ၏ ရှင်းပုံ ရှင်းနည်းမှာ မြင်းဇောင်းများအနီးတွင် စီးဆင်းနေသော အယ်လ်ဖီးယပ်(စ်)မြစ်နှင့် ဖီးနီးယပ်(စ်)မြစ်နှစ်စင်း ကို မြင်းဇောင်းများဆီသို့ဖောက်သွယ်၍ မြစ်ကြောင်းပြောင်းစေကာ မြစ်ရေတို့ဖြင့် အညစ်အကြေးများကို ဆေးကြောရှင်းလင်းပစ် လိုက်ခြင်းဖြစ်သည်။
ဟာကြူလီ၏ ထိုလုပ်ရပ်နှင့် ပမာပြုနှိုင်းယှဉ်၍ ဦးမြစိန်က ကြီးလေးသော တာဝန်များအား သခင်အောင်ဆန်း ထမ်းရွက်ပုံ ကို ရေးထားခြင်းဖြစ်သည်။ တကယ်တော့ သခင်အောင်ဆန်းသည် သခင်ဘဝတွင်သာ ကြီးလေးသော တာဝန်များကို ထမ်းရွက်ခဲ့ရသည် မဟုတ်။ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဘဝ၊ ဖဆပလဥက္ကဋ္ဌ ဦးအောင်ဆန်းဘဝတို့တွင်လည်း အလွန် ခက်ခဲလေးလံသော တာဝန်များ၊ ကြီးမားသော ဝန်ထုပ်ဝန်ပိုးများကို ကျဆုံးကွယ်လွန်ချိန်အထိ ပင်ပန်းကြီးစွာ ထမ်းဆောင်ခဲ့ရသူဖြစ်သည်။
ယနေ့ခေတ် ယနေ့အချိန်တွင် ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူ့ဖခင်ကဲ့သို့ပင် တိုင်းပြည်၏ခက်ခဲလေးလံသော တာဝန်များ၊ ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်နေရသည်။ တိုင်းပြည်တွင် နှစ်ပေါင်းများစွာတင်ရှိနေသည့် များပြားလှစွာသော အမှိုက်သရိုက် အညစ်အကြေးအစုအပုံကြီးကို ဖယ်ထုတ်ရှင်းလင်းနိုင် ရန်ကြိုးစားနေရသည်။ မြင်းဇောင်း အညစ်အကြေးများကို ရှင်းလင်းသည့် ဂရိသူရဲကောင်းဟာကြူလီနှင့် တိုင်းပြည်၏ အညစ်အကြေးများ ပြဿနာများကို ရှင်းလင်းရသည့် ဗိုလ်ချုပ်တို့၊ ဒေါ်စုတို့ကို နှိုင်းမည့်သာ နှိုင်းပြောရသည်။ ဟာကြူလီနှင့် ဗိုလ်ချုပ်တို့သားအဖသည် လူချင်းလည်းမတူ၊ ဖြစ်ရပ်ချင်းလည်းမတူ ရှင်းရမည့်ကိစ္စချင်းလည်း မတူကြ။ ဟာကြူလီကပြစ်ဒဏ်ခံ ရခြင်းဖြစ်သည်။ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ ပြည်သူက အားကိုးယုံကြည်စွာ ပေးအပ်သောတာဝန်ကို ထမ်းဆောင် ရခြင်းဖြစ်သည်။
ဟာကြူလီရှင်းလင်းရသော အညစ်အကြေးက မြင်းဇောင်းသုံးထောင် တွင် နှစ်သုံးဆယ်ကျော် စုပုံနေသော တိရစ္ဆာန် အညစ်အကြေးမျှ သာဖြစ်သည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းရမည့် အညစ်အကြေးများက လူတို့ပယောဂကြောင့် ဖြစ်ပေါ်လာသော တစ်တိုင်းတစ်ပြည်လုံး၏ နှစ်ပေါင်းငါးဆယ်ကျော်ကြာ စုပုံနေသည့် အညစ်အကြေး အမှိုက်သရိုက်များဖြစ်သဖြင့် အော်ဂျီးယန်မြင်းဇောင်း အညစ်အကြေးထက်ပိုများပြီး ပို၍အနံ့အသက်ဆိုးပေရာ ရှင်းလင်းရန်ပိုမိုခက်ခဲသည်။
ထို့ပြင် ဟာကြူလီက ဒဏ္ဍာရီထဲက လူတစ်ပိုင်း နတ်တစ်ပိုင်းတန်ခိုးရှင် လူစွမ်းကောင်း (နတ်စွမ်းကောင်း) ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ လူသားစင်စစ်တစ်ဦး သာဖြစ်သည်။ သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် သည် ကိုယ့်ပြည်တွင်းရှိ အော်ဂျီးယန်မြင်းဇောင်းများကို ဟာကြူလီလို တစ်နေ့တည်းနှင့် ရှင်းပစ်နိုင်မည်မဟုတ်သည်မှာ သေချာသည်။ တစ်နေ့တည်းသာမဟုတ် တစ်နှစ်နှင့်လည်းရှင်းနိုင်လိမ့်မည် မဟုတ်၊ နောက်လေးငါးနှစ်နှင့်လည်း ပြီးပြတ်အောင်ရှင်းနိုင်မည် မဟုတ်သည်မှာ သေချာပေသည်။
အစိုးရတစ်ရပ်သည် မိမိရှေ့မှောက်ရောက်ရှိလာသော ပြဿနာမျိုးစုံ (အညစ်အကြေးပေါင်းစုံ)ကို ဒါတွေငါ့ကြောင့် ဖြစ်တာမဟုတ်ဟု အရင်လူများကို လက်ညှိုးထိုး အပြစ်ပုံချပြီး ရှောင်လွှဲ၍မရနိုင်။ မိမိတို့ စွမ်းနိုင်သရွေ့ ကိုင်တွယ် ဖြေရှင်းရတော့မည်သာဖြစ်သည်။ ထိုသို့ကိစ္စအရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာ၌ နိုင်ငံတော်အစိုးရတာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းတွင်ထည့်သွင်းပြောကြားသွား သလိုပင် ပြည်သူနှင့်အတူ လက်တွဲ၍ ဖြေရှင်းရပေလိမ့်မည်။
ပြည်သူ့နှင့်အတူဟူသော ဆောင်ပုဒ်(သို့မဟုတ်) ကြွေးကြော်သံအတိုင်း အစိုးရနှင့်ပြည်သူတို့ အတူလျှောက် လှမ်းကြမည်ဆိုပါက ခေါင်းဆောင်များရော ပြည်သူများပါ အားကောင်းမောင်းသန်ဖြစ်ကြဖို့လိုသည်။ ဒဏ္ဍာရီထဲက ဟာကြူလီလို ရုပ်ပိုင်းဆိုင်ရာ အားခွန်ဗလမတောင့်တင်းသည့်တိုင် စိတ်ဓာတ်ထက်မြက်သန်စွမ်းဖို့လိုသည်။ စိတ်ဓာတ်ချင်းတူညီမှသာ စုစည်းညီညွတ်စွာ အတူတွဲ၍ အလုပ်လုပ်နိုင်မည်ဖြစ်သည်။
ထိုသို့ စိတ်ဓာတ်ကိုအလေးပေး (အလေးထား)ပြောဆို နေရခြင်းမှာ တိုင်းပြည်ကိုတည်ဆောက်ရန်၊ တိုင်းပြည် ပြုပြင်ပြောင်းလဲနိုင်ရန်၊ တိုင်းပြည်တိုးတက်ထွန်းကား အောင်လုပ်ဆောင်နိုင်ရန်မှာ တစ်တိုင်းပြည်လုံးရှိ ပြည်သူ တို့၏ စိတ်ဓာတ်ကအဓိကဖြစ်သည်ဟု စာရေးသူ ယူဆခြင်းကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ တိုင်းပြည်ကို နောက်ဆုံးပြောသွားသည့်မိန့်ခွန်း (၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ပြောသောမိန့်ခွန်း)၏ အဆုံးသတ် စကားမှာ ''လွတ်လပ်ရေးအရသာကို ခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့ စည်းကမ်းရှိကြဖို့ အခုကတည်းက ခင်ဗျားတို့ကိုယ်ကအကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ ဖျောက်ကြဖို့လိုပြီဆိုတာ ကျွန်တော်ပြောခဲ့ချင်တယ်'' ဟူ၍ ဖြစ်သည်။
ဗိုလ်ချုပ်ပြောသော သောက်ကျင့်ဆိုသည်မှာ မကောင်းသောစိတ်ဓာတ် မကောင်းသောအမူအကျင့်တို့ကို ဆိုလိုသည်။ ဗိုလ်ချုပ်မိန့်ခွန်းမှာ နှစ်ပေါင်းခုနစ်ဆယ် ကြာခဲ့ပါပြီ။ ဗိုလ်ချုပ်၏ မိန့်ခွန်းစကားကို သိမ်းပိုက်နာယူခဲ့ကြခြင်း ရှိ၊ မရှိကို လက်ရှိ မြန်မာပြည်အခြေအနေက သက်သေပြနေပါသည်။
တိုင်းပြည်၏ ခေါင်းဆောင်များ (အဓိကအားဖြင့် လွတ်လပ်ရေးရပြီး ၁၄-၅ နှစ်၏ နောက်ပိုင်းတွင် တိုင်းပြည်ကို အုပ်ချုပ်ကိုင်တွယ်ခဲ့သော ခေါင်းဆောင်များ)သာ အရည်အချင်းပြည့်ဝခဲ့ကြမည်ဆိုပါက စာရေးသူတို့၏ နိုင်ငံတော်ကြီးသည် ယခုအခြေအနေမျိုးသို့ ဆိုက်ရောက်သွားရန် အကြောင်းမရှိပါ။ ဗမာပြည်၏ အော်ဂျီးယန်မြင်း ဇောင်းများသည်လည်း ယခုလောက် အညစ်အကြေးတွေ စုပုံနေလိမ့်မည်မဟုတ်ပါ။
ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီပါတီ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့သော အစိုးရသစ်တာဝန်ယူခဲ့သည့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများအပေါ်ဝေဖန်ခြင်းများ အများအပြား ပေါ်ထွက်လာခဲ့သည်။ အပြုသဘောဝေဖန်တာတွေရှိသလို ရစရာမရှိအောင် ပျစ်ပျစ်နှစ်နှစ် ပယ်ပယ်နယ်နယ် ဝေဖန်ခြင်းများလည်းရှိသည်။ ဤသည်မှာ သဘာဝကျပါသည်။ အစိုးရဆိုသည်မှာ ဝေဖန်ခံရမည်သာဖြစ်သည်။ ဝေဖန်ခြင်းကိုလည်း ခံနိုင်ရမည်သာဖြစ်သည်။ သမ္မတကြီးဦးထင်ကျော်တို့၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်နေသော အစိုးရအဖွဲ့သည် အထိမခံသော အကဲဆတ်သော အစိုးရမဟုတ်ပေ။ စာရေးသူအနေနှင့် ယခုအစိုးရသည် သဘောကောင်းလွန်းနေသည်ဟုပင် ထင်မိပါသည်။
တကယ်တော့ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည့် ကိစ္စအရပ်ရပ်ကို ဖြေရှင်းပေး နေရသည့် တာဝန်ကို ထမ်းဆောင်ရသည်မှာ မလွယ်ပါ။ မြန်မာနိုင်ငံမှာ ဖြစ်ဖြစ်၊ နိုင်ငံတကာမှာဖြစ်ဖြစ် အစိုးရလုပ်ရသည်မှာ လွယ်သည်မဟုတ်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို နှစ်ပေါင်းများစွာ ပြဿနာပေါင်းစုံ ဖိစီးခြင်းကို ခံခဲ့ရသောနိုင်ငံအဖို့ ပို၍ခက်ခဲပါသည်။ ထို့ပြင်ယင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တာဝန်ယူထားသည့် (ပြည်သူက ရွေးကောက်တင်မြှောက်တာဝန်ပေးခြင်းခံရသည့်) အင်န်အယ်လ်ဒီအစိုးရသည် မိမိစိတ်ကြိုက် လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်နိုင်သည့် အခွင့်အာဏာကို အပြည့်အဝရရှိထားသော အစိုးရမျိုးမဟုတ်ဘဲ အာဏာကို ခွဲဝေကျင့်သုံးနေရသော အစိုးရသာဖြစ်လျက် ရှိသေးသည်ကို သတိချပ်ဖို့လိုပါမည်။
အစိုးရ၏ တစ်နှစ်တာအတွင်းဆောင်ရွက်ချက်များတွင် ချို့ယွင်းအားနည်းချက်များ၊ မအောင်မြင်ခြင်းများ၊ မလုပ်တတ်၊ မကိုင်တတ်သေးခြင်းကြောင့် ချွတ်ချော်မှားယွင်းသွားခဲ့မှုများရှိမည်ဖြစ်ပါသည်။ သို့သော်ထိုသို့ အပြစ် အနာအဆာများရှိသည့်တိုင် တိုင်းပြည်အပေါ်ထားရှိသော အစိုးရ၏ စေတနာကိုတော့တန်ဖိုးထား၊ အသိအမှတ် ပြုရပါလိမ့်မည်။ ကိုယ်ယုံကြည်လို့ မဲပေးရွေးချယ်ထားသော ပါတီ၏အစိုးရ၊ ကိုယ့်အစိုးရကို တိုတောင်းသော တစ်နှစ်မျှ ကာလအတွင်း ပစ်ပစ်ခါခါမဝေဖန်သင့်သေးပါ။ အပြစ် မပြောသင့်သေး၊ အပြစ်မတင်သင့်သေး၊ အကဲမဖြတ်ထိုက်သေးဟု ထင်ပါသည်။
တစ်ဖက်က စဉ်းစားပြန်တော့ ဒေါ်အောင်ဆန်းစုကြည် တို့လုပ်သမျှအကုန်မှန်၊ အကုန်ကောင်းဟု ပြောဆိုလျှင်လည်း အဂတိလိုက်ရာကျမည် ဖြစ်ပါသည်။ ကဗျာဆရာကြီး ဇော်ဂျီရေးခဲ့ဖူးသည့် ''လောကမှာ မိန်းမချောချော တစ်ယောက်ကို မြှောက်ပင့်ပြီးပြောရတာရယ်၊ ရှင်ဘုရင် ကိုမြှောက်ပင့်ပြီးပြောရတာရယ် ဒီနှစ်ခုဟာ အင်မတန် ပျော်စရာကောင်းတယ်'' ဟူသောစာကို ဆင်ခြင်စရာဖြစ်သည်။ (ဇော်ဂျီ- ပြည်ကြီးသာယာက စာဆိုသဘော၊ ရသစာပေအဖွင့်နှင့် နိဒါန်း)
တစ်ချိန်သောအခါက အချို့သောပုဂ္ဂိုလ်ကြီးများ၏ အန္တေဝါသိကများ၊ တပည့်တပန်းများသည် သူတို့၏ ခေါင်းဆောင်ကြီးများကို အစွမ်းကုန်ပင့်မြှောက်ခဲ့ကြသည်။ ခေါင်းဆောင်ကြီးလုပ်သမျှ အကုန်မှန်၊ အကုန်ကောင်းဟု ထောမနာပြုခဲ့ကြသည်။ မှားတာကိုမှားသည်ဟုမပြောရဲ၊ ထောက်မပြရဲတာလည်းပါပါမည်။ ထိုသို့ အကြီးအကဲကို မထိမတို့ရဲ၊ မဝေဖန်ရဲခြင်းကြောင့် တိုင်းပြည်ဆိုးရွားသော အခြေအနေသို့ ဆိုက်သွားခြင်းဖြစ်သည်။
ပြည်သူ့အစိုးရသစ်တက်လာသည့် တစ်နှစ်တာကာလအတွင်း သိသာထင်ရှားစွာ ပိုမိုဆိုးရွားသွားသည့် ကိစ္စ အချို့ကို တင်ပြလိုပါသည်။ ပထမကိစ္စမှာ အဂတိလိုက်စား သည့်ကိစ္စ၊ လာဘ်ပေးလာဘ်ယူ ကိစ္စဖြစ်သည်။ နယ်ပယ် ကဏ္ဍအသီးသီးတွင် ကြပ်မတ်နေသော်လည်း လာဘ်ပေးလာဘ်ယူမှုမှာ ပိုမိုတန်ဖိုးကြီးမားလာကြောင်း ကြားသိနေရသည်။ (လာဘ်ပေးလာဘ်ယူပပျောက်ရေး ကိစ္စမှာ အကျယ်တဝင့် သီးခြားစာတစ်ပုဒ်ရေးရမည့် ကိစ္စဖြစ်သည်။)
နောက်တစ်ကိစ္စမှာ အချို့သူများ၏ ဖေ့စ်ဘွတ်ပေါ်တွင် ရိုင်းစိုင်းရင့်သီးသောစာများ၊ စကားများကိုတင်ကြသည့် ကိစ္စဖြစ်သည်။ ဖေ့စ်ဘွတ်သုံးသူအချို့သည် အသုံးပြုသူ အချင်းချင်းသော်လည်းကောင်း၊ အစိုးရတာဝန်ရှိသည့် အဖွဲ့အစည်းများ၊အကြီးအကဲပုဂ္ဂိုလ်များကိုလည်းကောင်း မိမိနှင့် သဘောချင်းမတိုက်ဆိုင်သည့် မည်သူ့ကိုမဆို လွတ်လပ်စွာဆဲရေးတိုင်းထွာကြသည်။ အရင်ကမကြုံခဲ့၊ မတွေ့ခဲ့၊ မကြားခဲ့ဖူးသော ဆိုးရွားညစ်ညမ်းသည့် စကားလုံးများ အသုံးအနှုန်းများဖြင့်ပုတ်ခတ်စော်ကားကြသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းရန် အချို့တောင်းဆို လှုံ့ဆော်ခဲ့ကြရာ ဥပဒေပြဋ္ဌာန်းချက် ရှိနေလျက်ကပင် စည်းပျက်ကမ်းပျက်လက်လွတ်စပယ် ပြောကြ၊ ရေးကြ ဖြစ်ချင်တိုင်းဖြစ်နေကြလျှင် ဥပဒေသာ မရှိပါက မည်မျှအခြေအနေဆိုးသွားနိုင်သည်ကို တွေးကြည့်မိသည်။ ၆၆ (ဃ) ကို ကောင်းလှသည်ဟု မဆိုလိုပါ။ သည်လို ဥပဒေမျိုးရှိသည့်ကြားက ဖြစ်ပျက်နေတာကို ပြောလိုခြင်း ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်း အကြွင်းမဲ့လွတ်လပ်ခွင့်ဟူ၍ ဘယ်မှာမျှမရှိပါ။ လူတစ်ဦးချင်း၏ လွတ်လပ်မှုတွင် အကန့်အသတ်ရှိသည်။ မိမိ၏ ပိုင်ခွင့်ဟု လွဲမှားစွာယူဆပြီး စိတ်ထင်ရာတွေပြောချင်တိုင်းပြော ဆဲချင်တိုင်းဆဲခွင့်မရှိပါ။
စာရေးသူသည် လူတွေ ထိုမျှ စိတ်ဓာတ်ပျက်စီးနေ သည်ကို တွေ့ရကြားရသည့်အခါ တို့တိုင်းပြည်သည်ပုံစံနှင့် ဘယ်လိုရှေ့ဆက်သွားမည်လဲဟု ကြောင့်ကြပူပန်မိသည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကျောင်းတိုက် စည်းကမ်းဆယ်ချက်အနက် ထိပ်ဆုံးစည်းကမ်းချက်ဖြစ်သည့် ''စိတ်ကောင်းရှိဖို့သည် ပထမ'' ဟူသော စည်းကမ်းချက်ကိုလည်း သတိရမိပါသည်။
တိုင်းပြည်နှင့် ပြည်သူတို့အတွက်လည်း စိတ်ကောင်းရှိဖို့သည် ပထမပင်ဖြစ်ပါမည်။ လက်တွေ့အားဖြင့် မဖြစ်နိုင်သော်လည်း ''ငါတို့ပြည်သူများအားလုံး စိတ်ကောင်းရှိကြမည်၊ တိုင်းပြည်ကို ချစ်ကြမည်၊ ကိုယ်ကျင့်သိက္ခာပြည့်စုံ ကောင်းမွန်ကြမည်၊ အသိဉာဏ်ပညာမြင့်မားကြမည်ဆိုလျှင် ကောင်းလေစွ''ဟု စိတ်ကူးယဉ်မိပါသည်။
ထိုကောင်းမွန်သော စိတ်နေစိတ်ထားနှင့် အရည်အသွေးများရှိဖို့ဆိုသည်မှာ တစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးဖြစ်စေ ဝိုင်းဝန်းကြိုးပမ်းကြရမည့်အလုပ် ဖြစ်ပါသည်။ ထိုသို့လူတွေ၏ မကောင်းသောစိတ်ဓာတ်၊ မကောင်းသောအမူအကျင့်များ ပပျောက်ကင်းစင်အောင် အားထုတ်ကြိုးစားခြင်းသည် တိုင်းပြည်အညစ်အကြေးများကို ဖယ်ရှားသန့်ရှင်းဖို့ ကြိုးစားခြင်းပင်ဖြစ်ပါသည်။
နှစ်သစ်တွင် မြန်မာပြည်၏ ''အော်ဂျီးယန် မြင်းဇောင်းများ'' အား ရှင်းလင်းသည့်အလုပ်ကို နိုင်ငံတော်အစိုးရသည် ပြည်သူနှင့်အတူလက်တွဲ၍ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေဟု ဆုတောင်းရပါသည်။ ။

No comments:

Post a Comment