Wednesday, April 26, 2017

မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်း ပင်မ စီမံကိန်းရှိပြီးဖြစ်



နေပြည်တော် ဧပြီ ၂၆
 
နိုင်ငံသားများ၏ လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက် ရှိသည့် အရေးကြီး ဦးစားပေးကဏ္ဍ (Urgent Priorities) များတွင် ခရီး သွားလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေကြောင်း အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသည်။

ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့်  အမျိုးသား ခရီးသွားလုပ်ငန်း ဖွံဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေး (၁/၂၀၁၇) တွင်  ဒုတိယသမ္မတ က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ဒုတိယသမ္မတ  က ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ယခင်နှစ်များ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အားနည်းချက်နှင့် အားသာချက်များကို သုံးသပ်ပြီး ဆက်လက်၍ မည်သို့ ဆောင်ရွက်ကြမည်၊ မည်သို့အကောင်အထည်ဖော်ဆောင်ရွက်ကြမည်၊ ပုဂ္ဂလိကပိုင်း အနေဖြင့် မည်သည်တို့ကို လုပ်ဆောင် ကြမည်၊ နိုင်ငံတော်အစိုးရမှ မည်သည်တို့ကို ကူညီဆောင်ရွက်ရန် လိုအပ်မည် စသည်တို့ကို ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြမည်ဖြစ်သည့်အတွက် ယနေ့ကျင်းပသည့် အစည်းအဝေး သည် အကျိုးဖြစ်ထွန်းစေမည့် အစည်းအဝေးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ ဒေသတွင်း နိုင်ငံများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအမံများချမှတ်၍ တစ်နှစ်ထက် တစ်နှစ်ပိုမို ကြိုးပမ်း အားထုတ်နေကြပါကြောင်း။

မြန်မာနိုင်ငံသည် ခရီးသွား အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်နိုင် သည့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် တိုင်းရင်းသား ရိုးရာဓလေ့များ များစွာရှိနေပါကြောင်း၊ ၄င်းတို့ကို စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရန် ဖော်ထုတ် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး လူမှုစီးပွားဘ၀များ တိုးတက်ရေး ဆောင်ရွက်ရာတွင် ဆိုးကျိုး အနည်းဆုံးနှင့် အကျိုးအမြတ် အများဆုံး ရရှိစေရေးအတွက် ရေရှည်တည်တံ့မည့် အခြေခံ သဘောတရားများနှင့် စီမံ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း။ 

ထို့ပြင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ စတင်ရောက်ရှိသည့် ကာလမှ ပြန်လည်ထွက်ခွာသည့် ကာလအထိ ၄င်းတို့၏ သွားလာရေးနှင့် နေထိုင်စားသောက်ရေး အဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ကြရမည့် အပြင် လုံခြုံဘေးကင်းစွာ လည်ပတ်ကြည့်ရှု နိုင်ရေးကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား လုပ်ငန်းပင်မ စီမံကိန်းလည်းရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းသည် အချိန်ကာလ အခြေအနေကို လိုက်၍ လိုအပ်သလိုပြုပြင် ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံတွင်ရှိသည့် အရင်းအမြစ်များပေါ် မူတည်ပြီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်သည်များကို ဖြည့်စွက်ပြင်ဆင် စီမံ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ အကြံပြု လိုသည့် အချက်များနှင့် အကောင်အထည်ဖော်လိုသည့် လုပ်ငန်း များကို ဆွေးနွေးကြရန် ဖိတ်ခေါ် လိုပါကြောင်း၊ အစည်းအဝေး၏ ဆွေးနွေးချက်များ၊ အကြံပြုချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို နိုင်ငံတော် အစိုးရပိုင်းမှ ကူညီပံ့ပိုးပေးမည်၊ ပုဂ္ဂလိကပိုင်းကလည်း ကြိုးပမ်းဆောင်ရွက်မည်၊ Tourism Industry တွင်ပါဝင်သည့် Stakeholders များကလည်း ဟန်ချက်ညီညီ ပိုမိုပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြမည် ဆိုလျင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ အခြားစီးပွားရေးကဏ္ဍများ အလျင်အမြန် တိုးတက်ရေးအတွက် အရေးပါပြီး အထောက်အကူပြုသည့် ကဏ္ဍတစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း  ပြောကြားသည်။ 

ထို့နောက် အမျိုးသားခရီးသွား လုပ်ငန်းဖွံဖြိုး တိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ခရီး သွားလာရေး လုပ်ငန်း စနစ်တကျ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊  ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက  သက်ဆိုင်ရာ ကဏ္ဍများအလိုက်  ရှင်းလင်း ဆွေးနွေးကြပြီး  အစည်းအဝေးသို့ တက်ရောက် လာကြသူများ က အထွေထွေ ဆွေးနွေးကြသည်။ 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် အောင်မြင်ရန် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနတစ်ခုတည်းသာမက ဆက်စပ်ဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ ဒေသခံများ အလုပ်အကိုင်နှင့် ၀င်ငွေရရှိပြီး လူနေမှု အဆင့်အတန်း မြင့်တက်လာစေရန် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း (Community Baset Tourism) ကို စီမံဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ဈေးကွက်တွင် ရပ်တည်နိုင်ရေးအတွက် ပုံရိပ်ကောင်းရရှိရန်နှင့် ရရှိပြီးပုံရိပ် ကောင်းများကို စဉ်ဆက်မပြတ် ထိန်သိမ်းထားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ASEAN Tourism Strategic plan ၏ မျှော်မှန်းချက်အတိုင်း ဖြစ်မြောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် ခရီးသွား လုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ အနေဖြင့်လည်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment