Tuesday, January 17, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး (၂/၂၀၁၇) ကျင်းပ



နေပြည်တော် ဇန်န၀ါရီ ၁၇
မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစည်းအဝေး (၂/ ၂၀၁၇)ကို ယနေ့မွန်းလွဲ (၂)နာရီတွင် နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက  မောင်တော ဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစည်းအဝေး ကျင်းပခဲ့သည်မှာ ယခုအကြိမ် ဆိုလျင် (၅)ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ယခုကော်မရှင်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ (၁)ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာ (၈)ရက်တွင် ပထမဆုံး အစည်းအဝေးကို ကျင်းပခဲ့ကာ သတင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါကြောင်း၊ ကော်မရှင် အနေဖြင့် မောင်တော ဒေသသို့ ဒီဇင်ဘာ (၁၁)ရက်မှ (၁၃)ရက်ထိ သွားရောက်ပြီး အသေးစိတ် ကြည့်ရှု စုံစမ်းခဲ့ကြောင်း၊ ဒီဇင်ဘာ (၁၂)ရက်တွင် မောင်တောဒေသတွင် ကော်မရှင် အစည်းအဝေးကို ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ကော်မရှင် ဒုတိယအကြိမ် သတင်း ထုတ်ပြန်မှုကို ထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ အဆိုပါ ခရီးစဉ်တွင် ကျေးရွာ (၁၁)ရွာသို့ သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ စုံစမ်း မေးမြန်း ခဲ့ပါကြောင်း၊ ဒေသခံ ကျေးရွာသားများနှင့်လည်း တွေ့ဆုံ မေးမြန်း စုံစမ်းခဲ့ပါကြောင်း။
ဒီဇင်ဘာ (၂၆)ရက်တွင် ကော်မရှင် အစည်းအဝေး (၃/၂၀၁၆)ကို ကျင်းပခဲ့ပြီး သွားရောက် စစ်ဆေး မေးမြန်းခဲ့သည့် အချက်အလက်များကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၃)ရက်တွင် ကြားဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ဇန်န၀ါရီ (၅)ရက်တွင် ကော်မရှင် အစည်းအဝေး (၁/ ၂၀၁၇)ကို ကျင်းပခဲ့ပြီး ကော်မရှင် အနေဖြင့် မောင်တောဒေသသို့ ဇန်န၀ါရီ (၆)ရက်နှင့် (၇)ရက်တို့တွင် ထပ်မံ သွားရောက် ခဲ့ပါကြောင်း၊  ယနေ့ အစည်းအဝေးတွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ အတွက် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက အစီရင်ခံစာ ရေးသား ပြုစုပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်းက မောင်တော ဒေသ နောက်ဆုံး အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကော်မရှင် အဖွဲ့ဝင်များက လိုအပ်သည်များကို အကြံပြု ဆွေးနွေးကြသည်။
ဆွေးနွေး တင်ပြချက်များ အပေါ် ကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတက လိုအပ်သည်များကို မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။ (သတင်းစဉ်)

No comments:

Post a Comment