Tuesday, January 17, 2017

မြန်မာနိုင်ငံအောင်မြင်မှာပါ၊ အခွင့်ကောင်းတွေပိုများလာပြီ

ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီး H.E. Mr . Martin Tlapa
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေသည့် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပနိုင်ငံ မဟုတ်သည့်နိုင်ငံများ စီးပွားရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Martin Tlapa သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီ ၁၃ရက်က နေပြည်တော်၌ တွေ့ဆုံကာ မြန်မာ-ချက် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီး၏ ယနေ့နံနက်ပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အထူးတွေ့ဆုံမေးမြန်းခန်း အစီအစဉ်တွင် ဖြေကြားခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
ချက်ကိုစလိုဗက်ကီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးသည် ၁၉၅၆ ခုနှစ်ကစတင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပြိုကွဲသွားပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံအဖြစ် ပရက်မြို့တော် (Prague)နှင့်အတူ ချက်သမ္မတနိုင်ငံအဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံသံရုံးကို ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကဏ္ဍသစ် ပြန်လည်ဖော်ဆောင်ခဲ့သည်။
ဒုတိယဝန်ကြီး H.E.Mr. MartinTlapa က ''မြန်မာနိုင်ငံက သာယာလှပတဲ့ နိုင်ငံတစ်ခုပါ။ ကျွန်တော် ဒီနိုင်ငံကို လာရောက်ရတာပျော်ပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အတူတကွ တိုးမြှင့်လုပ်ဆောင်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အာရှဒေသမှာ ရှိတဲ့နိုင်ငံတိုင်းက သာယာလှပပါတယ်။ ဒါကြောင့် ဒီကိုလာဖို့ စိတ်လှုပ်ရှား မိပါတယ်။ ဒီခရီးစဉ်ကကောင်းမွန်တဲ့ ခရီးစဉ်တစ်ခုလို့ ပြောချင်ပါတယ်''ဟု ပဏာမဆိုသည်။
ဆက်လက်၍ တွေ့ဆုံမေးမြန်းရာတွင် -
မေး။ ။မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအပေါ် ဒုတိယဝန်ကြီးရဲ့ သဘောထားအမြင်ကို သိချင်ပါတယ်။
ဖြေ။ ။တူညီတာတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက ချက်သမ္မတနိုင်ငံရဲ့ ငါးဆလောက် ပိုကြီးပါတယ်။ ၁၉၈၉ ခုနှစ်မှာ ချက်သမ္မတနိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စတင်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့နိုင်ငံတိုင်းက လုပ်စရာတွေ အများအပြားရှိပါတယ်။ ကျွန်တော်တို့ကို အကြံဉာဏ်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကျွန်တော်တို့ ဟာ နိုင်ငံတိုင်း ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လေ့လာခဲ့ပါတယ်။ ချက်သမ္မတနိုင်ငံမှာရှိတဲ့လူတိုင်း မျှော်လင့်တာ က ပြုပြင်ပြောင်းလဲပြီးတဲ့တစ်နေ့မှာ အားလုံးက အသစ်ဖြစ်လာမယ်၊ လူ့အဆင့်အတန်းတွေ မြင့်လာမယ်၊ အရာအားလုံးက ပြည့်စုံကောင်းမွန် လာမယ်လို့ ဖြစ်ပါတယ်။ကျွန်တော်တို့ သည်းခံခဲ့ရတယ်။ အချိန်ယူခဲ့ရတယ်။ သည်းခံမှုတွေဟာ တကယ် ကို အရေးကြီးပါတယ်။ လုံခြုံရေးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေဟာလည်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက အောင်မြင်မှာပါ။ မြန်မာလူမျိုးတွေက ခင်မင်နှစ်လို ဖွယ်ကောင်းတယ်။ မြန်မာနိုင်ငံကလည်း သာယာလှပ တယ်။ အခုဆို အရင်ကထက်ပိုပြီး ကမ္ဘာကြီးရဲ့ စီးပွားရေးအသိုက်အဝန်းမှာ ဝင်ဆံ့လာပြီ၊ အခွင့်ကောင်းတွေလည်း ပိုများလာပြီလို့ ပြောချင်ပါတယ်။
မေး။ ။မငြိမ်းချမ်းမှုတွေ၊ ဆူပူမှုတွေဟာ နိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ကြန့်ကြာစေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီလုပ်ငန်းစဉ်တွေမှာ ကြိုးပမ်းဆောင်ရွက်နေမှုတွေအပေါ် ဘယ်လိုထင်မြင် ယူဆပါ သလဲ။
ဖြေ။ ။ဒီလိုအကြောင်းအရာတွေဟာ ကျွန်တော်တို့ အတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတွေပါပဲ။ အတူလက်တွဲ ဖြေရှင်းရ မှာဖြစ်ပါတယ်။ ဒီနိုင်ငံမှာငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေကြတာ၊ လူ့အခွင့်အရေးအတွက် ဆွေးနွေးနေ ကြတာတွေ့ ရပါတယ်။ ကျွန်တော်ပြောချင်တာက တစ်နေ့ တည်းအတွက် မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် ဆက်ပြီး ရှေ့တိုး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ပိုပြီးကောင်းမွန်အောင်၊ တိုးတက်အောင် အားလုံးကဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။ ချက်သမ္မတနိုင်ငံက လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ ၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က ယခင်ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အကြီးမားဆုံး စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ခဲ့တယ်။ ချက်သမ္မတ နိုင်ငံအနေနဲ့ အခုလိုပြန်လည်ပူးပေါင်း ဆောင်ရွက်နေတဲ့ အချိန်မှာ အဓိကပူးပေါင်းဆောင်ရွက်မယ့်ကဏ္ဍတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ ။၁၉၅ဝ ပြည့်နှစ်ဝန်းကျင်က ချက်ကိုစလိုဗက်ကီးယား နိုင်ငံအတွက် စီးပွားရေးမိတ်ဖက်နိုင်ငံတွေက အာရှဒေသ အပြင် အဲဒီအချိန်က နိုင်ငံတိုင်းနဲ့လည်း စီးပွားရေး မိတ်ဖက်ဖြစ်ခဲ့ပါတယ်။ စက်ရုံတွေ အမြောက်အမြားကိုလည်း ချက်ကို စလိုဗက်ကီးယားနည်းပညာရှင်တွေက တည်ဆောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ခေတ်မီပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်အောင် ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံ အစိုးရရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့နေရာတွေကို ကူညီပေးသွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ စွမ်းအင်လိုအပ်ချက် ဆိုတာကတော့ အဓိကကျပါတယ်။ စွမ်းအင်ကဏ္ဍသာ ပြည့်စုံမယ်ဆိုရင် အစိုးရအနေနဲ့ ပြည်သူတွေကို ပြည့်ပြည့်ဝဝ ပံ့ပိုးပေးရာလည်း ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပေးသွားမှာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ သတ္တုတွင်းလုပ်ငန်းနဲ့ စက်မှုလုပ်ငန်း တွေပဲဖြစ်ပါတယ်။ တတိယအနေနဲ့ကတော့ ခရီးသွား လုပ်ငန်းကဏ္ဍ ဖြစ်ပါတယ်။ ချက်သမ္မတနိုင်ငံကို ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှုပိုမိုများပြားနေပါတယ်။ ချက် သမ္မတနိုင်ငံကလည်း အာရှဒေသကို လာရောက်မှုများပါတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ကောင်းမွန်တဲ့ နည်းဗျူဟာကြောင့်လို့လည်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံကိုလည်း ခရီးသွားဧည့်သည်တွေပိုပြီး ဖိတ်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။ ဥပမာ-ထိုင်းနိုင်ငံက ဧည့်သည်ကို ဆွဲဆောင်နိုင်တဲ့ လှပတဲ့နိုင်ငံတစ်ခု ဖြစ်ပါတယ်။''Golden Land'' လို့တင်စားကြတဲ့ မြန်မာနိုင်ငံဟာလည်း အလွန်ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကလည်း အောင်မြင်မှုရဖို့ အရေးပါတယ်လို့ထင်ပါတယ်။ လာမယ့် အနာဂတ်မှာ ကျွန်တော်တို့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးကဏ္ဍတွေမှာ အတူတကွပူးပေါင်းဆောင်ရွက် သွားဖို့မျှော်လင့်ပါတယ်။
မေး။ ။နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအောင် အနာဂတ်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲ။
ဖြေ။ ။ ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးက ဘာပြဿနာမှ မရှိပါဘူး။ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။ ယဉ်ကျေးမှုနဲ့စီးပွားရေးဆိုင်ရာ ကဏ္ဍတွေကလည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ်။ အတူတကွလက်တွဲလုပ်ဆောင်မယ့် စီမံကိန်းတွေလည်း အများအပြားရှိပါတယ်။ နှစ်နိုင်ငံပြည်သူတွေ အချင်းချင်းလည်း တစ်ဦးနှင့်တစ်ဦးရှေ့ဆက်ပြီး အပြန်အလှန် ကူညီရိုင်းပင်းသွားနိုင်ဖို့ ယုံကြည်ပါတယ်။ ချက် သမ္မတနိုင်ငံအနေနဲ့လည်း ကူညီသွားဖို့အသင့်ရှိပါတယ်။ အခုလို တွေ့ဆုံဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဘာသာပြန်-နန္ဒာဝင်း၊ မြတ်စန္ဒီ

ဓာတ်ပုံ-မြတ်နန္ဒာ

No comments:

Post a Comment